ပြောစရာတွေမှ တပုံရယ်တဲ့ တပင်

စင်ကာပူသား မြန်မာပါး ၀လာပြီး အောက်ခြေ နိုင်ငံသားတွေ အရေး နှိုက်နှိုက်ချွတ်ချွတ် တင်ပြပေးတော့ တချို့ လူတွေက မေးငေါ့ လာကြတယ်။ များသောအားဖြင့် အမှန်တရား ကို ကြောက်သူတွေ ကပေါ့။

ကျနော့်ကို စပ်စုရန်ကော ဗမာပြည်ထဲ ဘာဖြစ်နေနေ မင်းတို့ စင်ကာပူ နိုင်ငံသားတွေနဲ့ ဘာဆိုင်လဲ ပေါ့။ မင်းတို့ စင်္ကာပူရော ဒီမိုကရေစီပြောပြီး အာဏာရှင် တပိုင်းနိုင်ငံပဲ လို့တောင် နေပြည်တော်က ဆတ်ဆတ်ထိမခံ ပြောနေကြသေး။

တကယ်ပြောတာပါ ဗျာ။ ဘယ့်နှယ် တရားလွန် လွန်းလို့ ကျုပ်မနေနိုင် မထိုင်နိုင် မြန်မာနိုင်ငံသားတွေ ဘဝကို ရင်လေးလွန် လွန်းလို့ ခုလို ပြောပြနေရတာပါ။ ကျုပ်တို့ နိုင်ငံသေးသေးလေး ဘာတွေကို ဘယ်လို ကြိုးစားလာလို့ အခုလို တိုးတက် လူရိုသေရှင်ရိုသေ နေနေရတယ်။ ဘာတွေကို ဆောင်ခဲ့ပြီး ဘာတွေကို ရှောင်ခဲ့လို့ စင်ကာပူ နိုင်ငံသားတွေ ကောင်းစားခဲ့ရတယ် ဆိုတာတွေကို ဆက်စပ် တွေးမိစေချင်လို့ ကျုပ်ရေးနေ ရတာပါ။

လက်ရှိ ၂၀၀၉ ခုနှစ် မြန်မာနိုင်ငံတွင်းက လူနေမှုစနစ် အမှန်တွေ အဖြစ်အပျက်တွေကို ထိတွေ့ ဆက်စပ်ကြားမိသလောက် တင်ပြပေးနေတာဟာ သူများ အတွင်းရေးကို စပ်စုဝေဖန်တဲ့ သဘောမဟုတ်ပါဘူး။ သုံးသပ်ချက်ထုတ် ပြင်ဆင်တွက်ဆ နိုင်စေရေးကို ရည်ရွယ်တာသာ ဖြစ်ပါတယ်။ ပီဖင်းဂိုးလေး ကျနော် … တင်ပြပေးနေတဲ့ အဖြစ်အပျက် အမှန်လေးတွေကို ဖတ်မိ ကြားမိတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မြန်မာပြည်အရေး စိတ်ပါ၀င်စားတဲ့ မြန်မာတွေ သူတို့ နိုင်ငံအတွက် အခြေအနေတခုခုကို တွေးမိ သိရှိစေဖို့ ရည်ရွယ်ပါတယ်။

ဟော ဒီနေ့ ကျနော် နေတဲ့ ရန်ကုန်သစ်က ရပ်ကွက် မီးလာရက်ပါ မနက် ၁၁နာရီ ကနေ ညနေ ၅ နာရီထိ မီးလာရမယ့် အချိန်ပါ။ ဒါပေမယ့်လည်း မြန်မာ့ လျှပ်စစ်ရဲ့ တာဝန်ရှိသူတွေ ဆိုတာ ဘယ်လို လူတွေလည်းလို့ ပြောရခက်ပါတယ် … ဗျာ အရှက်တရား မရှိတဲ့သူတွေပဲ သတင်းစာထဲကျ လင်းလိုက်တဲ့ မီး၊ ထွက်လိုက်တဲ့ လျှပ်စစ် အပြင်မှာက လဖွတ်ပဲ … ဖွတ်ကမှ ပြောင်ရောင်သေး။ အခု ကျုပ်မြင်နေရတာ ကတော့ လျှပ်စစ်မီးဟာ လာချိန်မှာတော့ ကွက်တိ အချိန်ကိုက် လာပါတယ် ။ အာဘတ် လွတ် လင်းပါတယ်။ ဒါပေမယ့် မီးလာပြီး နာရီဝက်လောက်လည်း ကြာရော ပြန်ပျက်ပါလေရော … ဗျာ။

ဒါနဲ့ပဲ မီးစက်တွေ ထွန်း တချို့က အင်ဗာတာတွေ နဲ့ ထွန်း ဆင်းရဲသူတချို့က အားသွင်း LED မီးလုံးလေးတွေနဲ့ ထွန်း။ အင်မတန် ဆင်းရဲတဲ့ သူတွေကျ ဖယောင်းတိုင်း အလင်းနဲ့ထွန်း။ ရရာ အလင်း တတ်နိုင်တဲ့ ပစ္စည်းနဲ့ အလင်းရောင်ကို လုပ်ယူပြီး နေသားကျနေတာ ဒီမြန်မာနိုင်ငံသား ( အထူးသဖြင့် ရန်ကုန်ဒေသခံ) တွေပေါ့။ သူတို့တွေ ပြောပြောနေတဲ့ စကားတွေ အများကြီးပါ။ စစ်အစိုးရကို ဝေဖန်ရှုတ်ချ ပုတ်ခတ် နှိမ့်ချဆဲဆိုကြတဲ့ သဘောက များပါတယ်။ သူတို့ရင်ထဲ မခံရပ်နိုင်တဲ့ အကြောင်းအရာတွေကို အခုလိုဘဲ ရင်ဖွင့်ပြောပြောပြီး ဖြေသိမ့််နေကြရတယ် ထင်ပါရဲ့။

“ခွေးမသား … လျှပ်စစ်မီးက လာချိန်မှာ မလာ ပျက်ချိန်ကျမှန်လို့” ခုတော့ လာချိန်တော့မှန်ပါရဲ့ ဒါပေမယ့် တနေ့ကို ကိုယ်တာ ခွဲတမ်း အနေနဲ့ ပေးမယ်ဆိုတဲ့ ၆ နာရီလေးတောင် ပြည့်အောင် မရတော့ဘူး။ ခုပဲကြည့်လေ မီးလာချိန် နာရီဝက် မပြည့်သေးဘူး ။ ပြန်ပျက်သွားပြီ။ တနာရီ ကြာချင်ကြာမယ် နှစ်နာရီ ကြာချင် ကြာမယ် သူပျက်ချင်သလောက် ပျက်နေမယ်။ ဘယ်သူမှ အောင်မယ့်လေး အယ်ဒီဆင်ရဲ့လို့ ရင်ဘတ်စည်တီး သွားပြောလို့ ရတာမှ မဟုတ်တာ မယုံကြည့်နေ သူ ( လျှပ်စစ်မီး) ပြန်ပျက််ရမယ့် အချိန် ညနေ ၆ နာရီမတိုင်ခင် ကပ်ပြီး တချိန်ချိန်တော့ ပြန်လာလိိမ့်မယ် အဲ မကြာပါဘူး သူ့ပျက်ချိန် ၅ နာရီ ဒင် ဆိုတာနဲ့ သွားပြီ။ ဒိုးပြီ … အောင်ဖေ .. ညောင်းပေါ့။

လာချိန်မှာသာ ပျက်တာ သူပျက်ရမယ့် အချိန်တွင်းတော့ ယောင်လို့မှ မီးမလာဘူး ။ ဒါကျုပ်တို့ ရန်ကုန်ကို သက်သက် လူနေမှုစနစ် နှိမ့်ချ လျော့ချခံရတာ။ နှိပ်ကွပ်ခံနေရတာ သူတို့ နေတဲ့ နေရာ အခုတလော လူပြောများနေတဲ့ ဂူကြီးတွေ ဖေါက်နေကြတယ် ဆိုတဲ့ ကြပ်ပြေးကျတော့ ဘာမဟုတ်တဲ့ သစ်ပင်တောင် ထိန်နေအောင် ထွန်းတာ တညလုံး ထွန်း စက္ကန့်ပိုင်းတောင် အပျက်ခံတာမဟုတ်ဘူး ခွေးမသား တွေ သိပ်လွန်တယ်” လို့ ကျုပ်ရဲ့ ဆိုင်ပိုင်ရှင်က ကြိတ်မနိုင်ခဲမရ တောက်ခေါက်ပြီး ပြောလေ့ရှိပါတယ်။ ဟော အခု ဖျတ်ကနဲ မီးလာပါပြီ။ ကျနော် ပီဖင်းဂိုးလေးလည်း အသက်တဖန် ပြန်ဝင်လာပါပြီ။ မြင်တာ ကြားတာလေးတွေ ပြောတော့မယ်ဗျို့။ လူ စိတ်နဲ့ခံစား မျက်စိနဲ့ နားထောင် ကြည့်ပေါ့။

တူ… တူ… တူ.. “ဟလို ဟလို” … ဟင် အခုပြောနေတာ ဘယ်သူလဲ “ဟင်” ဘာလို့ ဒီဖုန်းကို ရှင်က ကိုင်တာလဲ´´ “ ကျွန်မ အစ်ကို…….. ဘယ်သွားတာလဲ? ဟင် ! ဘာပြောတယ်…. ဟီး …. အဟင့် အဟင့် သူ ဘယ်တုန်းက အဖမ်းခံရတာလဲ ဟင် ! အကို။ ဖုန်းမဆက်တာ တလလောက်ရှိနေလို့ ကျမ လာဆက်တာ။ ကျွန်မ က သူ့ ညီမလေးပါ အကို။ အမေကလည်း အသည်းအသန် ဖြစ်နေတယ်။ ၀င်ငွေကလည်း မရှိ အကိုကလည်း အဆက်သွယ် မလုပ်တော့ စိတ်ပူပြီး လာဆက်တာ။ အခု သူအဖမ်းခံရတယ် ဆိုတော့ သိပ်စိတ်ညစ်တာပဲ အကို။ အော် ဒီဖုန်းက သူအဖမ်းခံရတော့ အိမ်မှာ ကျန်နေခဲ့တယ်ပေါ့။ အကို့ ဆီမှာ ကျန်နေခဲ့တာပေါ့ အော်.. ဟုတ်ကဲ့ပါ အကိုကြီးရယ်။ အကိုကြီးရယ် ကျွန်မ အကို ကို အချုပ်ခန်းမှာ သွားကြည့်ပြီး အခြေအနေလေးကို စာလေး ရေးပို့ပေးပါလားရှင်။ သူ့ခမျာ တိုင်းတပါးမှာ အားကိုးရာမဲ့ ဖြစ်နေတော့ အကိုတို့ပဲ ညီအကို သားချင်းလို အနီးကပ် ရှိတာပါ။ ကူညီစောင့်ရှောက်ပေးပါလို့ ကျွန်မ တောင်းပန်ပါတယ်။ အကိုကြီးရယ်ရှင်။ နော် ကူညီပါရှင်။ ဒီမှာ ကို….. ရဲ့ မိသားစုက အတော် ဒုက္ခရောက်နေတာပါ။ အခုဆို ပိုဆိုးပြီပေါ့ ရှင် အဟင့် အဟင့်

အော် ကျွန်မ အကိုကလည်း သက်တမ်းထပ် မတိုးဘဲ နေလိုက်တာကိုး။ ဒါပေမယ့် ကျမတို့ နိုင်ငံလိုမဟုတ်တဲ့ အတွက် သူတချိန်ကျ ပြန်လွတ်မယ်ဆိုတာ ယုံကြည်ပါတယ် အကို။ ဟုတ်ကဲ့ … သူ ပြန်မလွတ်ခင်လေး သူ့ အခြေအနေလေးကို စာရေးပို့ ပေးပါလား အကိုကြီးရယ် နော် လိပ်စာက ဒါပါ ******* ။ ကျမ ပြန်လိုက်ပါအုံးမယ် အကိုကြီး အဟင့် အင့် ရွှတ်´´ မျက်ရည်အဝိုင်းသားနဲ့ ဖုန်းချအပြီး လက်ကိုင်အိတ် အဟောင်းလေး ထဲကနေ ထုတ်လိုက်တဲ့ ဖုန်းဖိုးငွေ ခြင်္သေ့ပုံနဲ့ ပိုက်ဆံ အစုတ်အပြတ် အရိအရွဲ အပြဲအဖာ တွေကို ရေတွက်နေတဲ့ သူ့ လက်ကလေးတွေက တုန်လို့ … လှိုက်ဖို ရှိုက်ငိုနေလို့ မပြီးသေးပါလား။

အော် မြန်မာပြည်ကြီးရေ ပီဖင်းဂိုးတောင် ငိုချင်လာပြီ။ သူ့လို ကြိတ်ငို ရှိုက်ငင်နေတဲ့ သူတွေ မိသားစုတွေ ဘယ်လောက်များနေမလဲ။ သူ့ လိုဖုန်းလည်း မဆက်နိုင် ပြည်ပရောက် သားချင်းတွေ သေသလား ? ရှင်သလား ? လည်း မသိနိုင်တဲ့ အဖြစ်ဆိုး မိသားစုတွေဆို ဘယ်လိုနေပါလိမ့်…..။ ခွဲခွါရခြင်း ဝေးကွာရခြင်း အကြောင်း အမျိုးမျိုးကြောင့် ခံစားရတဲ့ ၀မ်းနည်း ကြေကွဲရခြင်းတွေထဲမှာ ကနေ့ မြန်မာလူမျိုးတို့ နိုင်ငံနဲ့ချီ ဆင်းရဲခြင်းကြောင့် တိုင်းတပါး လူမျိုးခြားလက်အောက် မှာ ဖြစ်သလို ပုန်းအောင်း စတေးရှောင် အလုပ်လုပ်ခြင်းကြောင့် အခုလို အချုပ်ကျ အဖမ်းခံဘဝနဲ့ မိသားစုတွေ ခွဲခွါရခြင်း အဖြစ်ဆိုးမျိုးတွေက လူသားကမ္ဘာ အတွက် ရင်နင့်ကြေကွဲစရာ အကောင်းဆုံး ဖြစ်ပေလိမ့်မယ်။ လောက စောင့်နတ် ကယ်တော်မူပါ။ ဇာတိချက်မြုပ် အမိမြေမှာ ငြိမ်းအေးစွာ ၀မ်းစာ ရှာနိုင်ခွင့် မိသားစု မကွဲမကွာဘဲ အေးအတူပူအမျှ အတူတကွ နေထိုင်နိုင်ခွင့်နဲ့ အတူ လောကပါလ အမှန်တရားတို့ ပေါ်ထွက်ပေးပါ။ ပွင့်လင်း လွတ်လပ်ခြင်းတို့ ဆောင်ကြဉ်းပေးပါ။ မြန်မာပြည်သားတို့ ရင်ထဲက ကြေကွဲ မွတ်သိပ် ဆာလောင်ခြင်းတွေကို ဖြေသိပ်နိုင်ခွင့် ဖန်တီးပေးပါတော့……တော့ ဆုတောင်းတာတောင် မပြည့်သေးဘူး လာပြန်ပြီဗျို့ အငိုမျက်လုံး ဟန်ဆောင်အပြံုးနဲ့ အမျိုးသမီး တယောက် ငိုက်စိုက် ငိုက်စိုက်နဲ့ ၀င်လာပြန်ပြီ။

ပျော်ရွှင်ခြင်းလား ကြေကွဲခြင်းလား လွမ်းဆွတ်ခြင်းလား တခုခုတော့ ကြားရအုန်းမယ်။ …….. စိတ်နဲ့ခံစား မျက်လုံးနဲ့ နားထောင် ကြဗျို့…… . တူ …. တူ… ကျနော့်ကို ခေါ်ခိုင်းနေပြန်ပြီ။ “ ဟလို ကိုကျော်လား ဟလို …. ရှင် မိုးစင်စင် လင်းနေပြီ အမူး မပြေသေးဘူးလား … ရှင် ။ ဒီမှာ ဘာတွေ ဖြစ်နေလည်း ရှင်က မသိဘူး။ အဲဒီမှာ လုပ်ချင်ရာ လုပ်နေတယ်။“ “ ရှင့်မယား ညီအကို ဘာဖြစ်နေလဲ ရှင်မသိဘူးလား သူ အဖမ်းခံနေရပြီရှင့်.. ရှင်က သောက်စား မူရူးနေတော့ ကိုယ့်လူတွေ ဘာဖြစ်နေလဲ ဘယ်သိမလဲ။ …………..

အခု ဖုန်းလာတယ် သူ့ကို ငွေ ရှစ်သိန်းနဲ့ ရွေးရမယ်တဲ့ ကျမတို့လည်း ငွေ ရှစ်သိန်းပြည့်အောင် ရှိတာတွေ ပေါင်နှံရောင်းချ စုဆောင်းနေရတယ်။ ရှင်က ငွေလည်းမပို့ အလုပ်လည်း အဆင်မပြေဘူး ပြောနေတော့ ရှင့်ကို စိတ်ပူလို့ ရှိစုမဲ့စု ပိုက်ဆံနဲ့ ဖုန်းလာဆက်တာ။ …… သူ့ကို ဘယ်သူဖမ်းတာလဲ ဟုတ်လား။ ရဲဖမ်းတာ နေမှာပေါ့ ရှင်တောင် အဲဒီနိုင်ငံထဲ နေပြီး မသိသေးတာ ကျမတို့ ဒီ မြန်မာပြည်ထဲ သံပချုပ် နိုင်ငံထဲကလူ ဘယ်လိုလုပ် သိမှာလဲရှင့်။ အခု အဲဒီ ရှစ်သိန်း မပေးနိုင်ရင် ထိုင်း ငါးဖမ်းသင်္ဘောမှာ ရောင်းစားခံရမယ် ပြောတယ် ။ လုပ်ပါဦး အကြံပေးကြပါအုံး။ ရှင်ကိုယ်တိုင်လည်း ဂရုစိုက်ဖို့ အခုလာပြောတာ မူးကြောင်မူးကြောင် လုပ်မနေနဲ့ တော်ရေ နီးနေရင် ရှင်နဲ့ ကျမ တွေ့ပြီ။ ရှင် အဖမ်းမခံရအောင် နေဖို့ အခု လာပြောတာ ဒါပဲ။

တူ ….တူ…. သေချင်းဆိုး ဖုန်းချသွားပြီ။

“ အော် အော် သူလည်း ပြန်သွားပြီ။ အလာတုန်းက အတိုင်းပါပဲ ငိုက်စိုက်ငိုက်စိုက်နဲ့ ပါ။ အော် ကျနော် သူ့နေရာကနေ ၀င်ခံစားကြည့်မိတယ် ရင်ထဲကို ပိသာနှစ်ဆယ်လောက် အလေးတုံးကြီး ပစ်ထည့် လိုက်သလိုပါပဲ။ ရင်လေးလိုက်တာ။ ပိုပြီး ရင်လေးမိတာက ငွေရှစ်သိန်းနဲ့ မရွေးနိုင်ဘူး ဆိုရင် ထိုင်း ငါးဖမ်းသင်္ဘောဆီကို ရောင်းစားခံရတော့မယ် ဆိုတဲ့ ခင်ဗျားတို့ မြန်မာနိုင်ငံသား အမျိုးသား တဦးရဲ့ ရှေ့ရေးကို တွေးမိလို့ပါ။

ဟော ဟော ကျနော်နေတဲ့ အိမ်နံဘေးက ရုပ်မြင်သံကြား တယ်လီဗွီးရှင်း ဖွင့်သံကြားရတယ်။ ဘာဦးတည်ချက် လေးရပ် ဆိုလားပဲ။ ကျနော်တော့ စောစောက မလေးရှားနိုင်ငံမှာ ပြန်ပေးဆွဲခံရသလို အဖမ်းခံနေရတဲ့ မြန်မာလေး ကိုပဲ မြင်ယောင်နေမိတယ်။ တီဗွီမှာလာတဲ့ ဦးတည်ချက်တွေထဲ ဒီလို အဖြစ်ဆိုးမျိုး ကာကွယ်ပေးနိုင်တဲ့ ဦးတည်ချက်များ ပါမလားလို့ ဆက်နားထောင် နေမိတယ် ။

သွားပြီ ရပ်သွားပြီ တီဗွီ ကြေငြာသံရော ကျနော်ရော အသက်မဲ့သွားပြန်ပြီ။ မီပျက်ချိန် ရောက်ပြန်ပြီ ….. ကိုး၊ သွားပြီဗျို့ နောက်မှ ပြန်ဆုံမယ်နော် ပီဖင်းဂိုး ကျုပ်မှာ ပြောစရာတွေမှ တပုံ ရယ်တဲ့မှ တပင် ပါပဲ။

ရွှေဘန်း ( ရန်ကုန်သစ် )

LEAVE A REPLY

Please enter your comment!
Please enter your name here