အသင် မမြင်နိုင်သော ကင်ပိန်း (Campaign) တခု

ကမ္ဘာဦး အစ လူသားရယ်လို့ ဖြစ်လာ ကတည်းက သဘာဝဖြစ်စဉ်များ ပြောင်းလဲမှုများကို ကြံုဆုံခဲ့ရပြီး အချို့ အလှည့်အပြောင်း များကို ကြောက်ရွံ့ခြင်း အတိဖြင့် ဖြတ်သန်းနေခဲ့ ကြရသည်။

အသိအဉာဏ် မဖွံ့ဖြိုးသည့် အမှောင်ခေတ်ကာလ လူသားများ အတွက် နီးရာ အန္တရာယ်များကို ယှဉ်ဆိုင်ဖြေရှင်း အနိုင်ယူရင်း သူတို့ စွမ်းမဆောင်နိုင်သည့် အခါ သဘာဝ တရားများကို ကိုးကွယ်မှု ပြုခဲ့ရသည်။ ထိုမှတဆင့် လူသားဆိုင်ရာ အသိများ တိုးတက်လာပြီး လူ့လောကကြီး နှင့် စကြင်္ာဝဠာ ကို စူးစမ်းရှာဖွေ ထုတ်နှုတ်သုံးစွဲ လာကြသည်။

နေ၊ လ၊ ကြယ်၊ တော၊ တောင်၊ မြစ်ချောင်းများကို ဆည်းကပ်ရင်း မမြင်နိုင်သော အရာများ၏ အကျိုး သက်ရောက်မှုများအား ထုတ်နှုတ်ပြီး ဂမ္ဘီရပညာခေါ်သော သဘာဝလွန် အတတ်ပညာများ ရှာဖွေ စမ်းသပ် တွေ့ရှိလာခဲ့သည်။ တချို့မှာ စကြင်္ာဝဠာ၏ ရွေ့လျားခြင်း၏ သက်ရောက်မှု ကို မှတ်သားပြီး ဖြစ်လာနိုင်ဖွယ် ရှိသော ရှေ့ဖြစ်လာမည့် ဟောကိန်းများ ထုတ်လာ ခဲ့ကြသည်။ ထိုအရာကို နက္ခတ်ဗေဒင်ဟု အကြမ်းအဖျဉ်း ခေါ်တွင်သည်။ ရှာဖွေ တတ်မြောက်လာသည့် ပညာရှင်များကို အုပ်စိုးသူ လူတန်းစားများက သူတို့ အကျိုးစီးပွား အတွက် မြောက်စား ချီးမြှင့်လာခဲ့သည်။

ရှေးမြန်မာ ဘုရင်များ ၏ အခါတော်ပေးအဖြစ် ပုဏ္ဏားဖြူ ပုဏ္ဏားညိုများ ခန့်အပ် ချီးမြောက် ခဲ့ကြ သည်။ ယနေ့တိုင် ဘိုးတော်များ ကိုးကွယ်ဆည်ကပ်ပြီး အာဏာတည်ရေး အတွက် အသုံးချ နေသည် ကို တွေ့ရှိ ရသည်။

သဘာဝလွန် ပညာရပ်များနှင့် ပတ်သက်ပြီး တန္တရဂိုဏ်း၊ မန္တရဂိုဏ်းအနွယ် အရည်းကြီးများ ၏ ဂမ္ဘီရ ပညာရပ်များ သည် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ တွင် ထွန်းကားခဲ့သည်။ အရည်းကြီး ခေတ်လွန် မြန်မာပြည် အလယ်ပိုင်း ယောနယ် နှင့် တောင်ပိုင်း ပင်လယ်ကျွန်းများ တွင် နေထိုင်သော ပသျှူး(မလေးရှား) လူမျိုးများ၌ လျှို့ဝှက်ဆန်းပြားသော ပညာရပ်များ ဆက်လက်လက်ခံ အသုံးပြု ခဲ့သည်ဟု ရှေးအထောက်အထားများ က ဆို၏။

ရှေးခေတ်က မလေးရှားနိုင်ငံတွင် တန္တရ ဂိုဏ်းဝါဒများ ထွန်းကား ဟန်ရှိသည်။ အဘယ်ကြောင့် ဆိုသော် ပညာရပ်များ၏ အခြေခံပညာများစွာသည် မြန်မာတို့ ယုံကြည်ဟန်နှင့် တူညီစွာ တည်ရှိခဲ့ကြသည်။

ပမာ။ ။ ဧည့်သည်များ မိမိတို့ အိမ်သို့ လည်ပတ်လာသော အခါ ဖျာခင်းပြီး ဧည့်ဝတ်ပြု ကြိုဆို ရသည်။ တကယ်လို့ အိမ်ရှင် အနေဖြင့် ချစ်လို့ ဖြစ်စေ မုန်းလို့ဖြစ်စေ ထိုဧည့်သည်အား ဖျာပေါ် တွင် ထိုင်ပြီး ပြန်ထရန် အတော် ခက်ခဲအောင် ပြုလုပ် နိုင်စွမ်း ရှိသည်ဟု ကြားဖူး သည်။!

ထိုအခါ ဧည့်သည် အနေဖြင့်လည်း မိမိ မသင်္ကာသည့် အိမ်သို့ သွားရောက် လည်ပတ်လျှင် အိမ်ရှင်များ ခင်းပေးသော ဖျာပေါ်သို့ ရုတ်တရက် မထိုင်သေးပဲ၊ ဖျာ အနေအထား ပြောင်းလဲသွားစေရန် ခြေထောက်ဖြင့် ကန်ခြင်း ( တချို့လည်း မသိမသာ ကန်) ဖြင့် ကိုယ်ကျိုးအတွက် ကာကွယ်ရသည်ဟု ဆိုသည်။ အထက်ဖေါ်ပြပါ ပညာရပ်များသည် မြန်မာ နိုင်ငံ တွင် ထင်ရှားသော ယောပညာနှင့် ပသျှူးပညာများတွင် တွေ့ရှိရသောကြောင့် ဖြစ်သည်။

ထိုပညာဖြင့် ကိုယ်ကျိုး အစီအမံအတွက် တဖက်သားအား မမြင်နိုင်သော စွမ်းအားများဖြင့် တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်းများတွင် ရေလဲ ကျင့်သုံးလာခဲ့သည်။ ဆန်းကျမ်းတွင် ဗေဒင်ပညာ သက်ဆိုင်သော ဓါတ်ရိုက်၊ ဓါတ်ဆင်၊ ကက်ကင်း၊ အန်း၊ အကွက်ချ နှင့် နမ်နှိမ် ပညာများသည် ဟိန္ဒူဘာသာဝင် ပညာသည်များ မှတဆင့် အရည်းကြီးတို့ ရှာဖွေ တွေ့ရှိခဲ့သော ပညာရပ်များ ယူဆ၏။ ထိုပညာများ၏ မူရင်းသည် ရှေးဟောင်း ဟိန္ဒူ ပညာရပ်များဟုလည်း ဆိုသည်။ ၎င်းပညာရပ်များကို အသုံးပြုခဲ့သော နည်းလမ်းများတွင် စစ်မှန်သော ကိုးကွယ်မှု ဖြစ်သော ဗုဒ္ဓဝါဒ ကို အထက်လမ်းဟု ခေါ်ဆိုပြီး ဘုရားအပေါ် ကိုးကွယ်ခြင်းထက် ခိုင်းစားခြင်း၊ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊ ၀ိညာဉ်များ အထူးသဖြင့် နာနာဘာဝများကို ကိုယ်ကျိုးအတွက် ခိုင်းစားခြင်း၊ နတ်ကိုးကွယ်ခြင်းနှင့် ဘိုးတော်များကို ပူဇော်ခြင်းများကို အလယ်လမ်းဟု ခေါ်သည်။ ဘုရားလမ်းစဉ်ကို လုံးဝ ဖျက်ပယ်ပြီး သံသရာရှည်မည့် ၀ိညာဉ်အား အသုံးပြု မွေ့လျော်သော ပညာရပ်ကို အောက်လမ်းပညာ ဟု ထို ပညာရပ်များ အား လိုက်စားသော ပုဂ္ဂိုလ်များ က ဆို၏။

ထို့အပြင် တွင်းထွက်ပစ္စည်းများ ဖြစ်သော ကျောက်သံ ပတ္တမြားတွင်လည်း အစွမ်းသတ္တိများ ရှိသည်ဟု ယုံကြည်ရင်း လက်ဝတ်တန်ဆာများ ပြုလုပ်ပြီး လူသားများ အသုံးပြုခဲ့ကြသည်။ တိရစ္ဆာန်များ၊ ရုပ်ဝထ္ထုပစ္စည်းများ၊ လူ ကိုယ်ခန္ဓာအတွင်း ထူးထူးခြားခြား ရှားရှားပါးပါး တွေ့ရတတ်သည့် တည်ကျောက်များကို လူအများက အမြူတေ ( ပတေ )အဖြစ် သတ်မှတ်ပြီး ထိုကျောက်များ၏ မမြင်နိုင်သည့် အစွမ်းအစများအား ထုတ်နှုတ် သုံးစွဲကြသည်။

မြွေဟောက် အမြူတေသည် သေနတ်ပြီး ဓါးပြီးခြင်း၊ စပါကြီးမြွေ နှင့် ဂျိုး အမြူတေများကို လာဒ်ကောင်းသည် ဟု ယုံကြည့် သုံးစွဲကြသည်။ ထို့အပြင် တိရစ္ဆာန် ၏ ကိုယ်ပေါ်တွင် ဖြစ်ပေါ်သည့် ထူးခြားသော ခန္ခာကိုယ် အစိတ်အပိုင်းများကိုလည်း အသုံးပြုသေးသည်။ ဥပမာ။ ။ ချေလောင် ( ချေ အငယ်မျိုး ) ဂျို၊ ယုန်ဂျို နှင့် စပါးကြီးမြွေ ညှိ့ ခေါ်သော ခန္ခာကိုယ် အစိတ်အပိုင်းများ၊ သစ်ပင်အမျိုးနွယ်တွင် ဂမုန်းပန်းများ သဇင်ပန်း အနီ၊ အောက်လမ်းပညာတွင် ရှိသော တစ္ဆေသနပ်ခါးများသည် မျက်နှာစန်းပွင့်ခြင်းဟု ယုံကြည်ကြသည်။ နောက်ပြီး မိခင်မှ မွေးဖွားလာပြီး ခန္ဓာသာရှိပြီး အသွေးအသားသာရှိသော လူခြောက်၊ လူအရုပ် မပေါက်ပဲ မွဲမွဲခြောက်သွေ့သော သန္ဓေကောင်လေးကို သင်္ချိုင်းတွင် မြုပ်နှံ စွန့်မပစ်ကြပဲ၊ ထိုကလေး၏ ၀ိညာဉ် ကို ထိန်းသိမ်း ထားတတ် ကြသည်။ သားခြောက် ဟု ခေါ်၍ လာဒ်ကောင်းသည်ဟု ဆို၏။ ထိုမိသားစုအတွင်း ကလေးနှစ်ယောက် ရှိလျှင် သက်ရှိ ကလေးအား အဝတ်အစားအသစ် ၀ယ်ပေးသောအခါ ထိုဝိညာဉ်ကလေးကိုလည်း ၀ယ်ပေးရသည်။ အထင်ကရ ပြောရမည်ဆိုရင် ၈၈ အရေးတော်ပုံမစမှီ ဗိုလ်နေဝင်းအား အိတ်ဖွင့်စာပေးခဲ့သော ဗိုလ်အောင်ကြီးတွင် သားခြောက်(လူခြောက်) ရှိသည်ဟု ကြားဖူးပါသည်။

၀ိညာဉ်များအား ခိုင်းစားရသော ပညာရပ်များလည်း ရှိသေးသည်။ အထက်ဖေါ်ပြပါ တစ္တေ သနပ်ခါး လိမ်းခါးဆိုသည်မှာ အထူးသဖြင့် မီးတွင်း၌ အစိမ်းသေ သေဆုံးသွားသည့် မိန်းမ၏ အလောင်းကို မန္တာန်များဖြင့် မန်းမှုတ်ပြီး သေဆုံးသူ၏ မျက်နှာတွင် သနပ်ခါး လိမ်းပေးရသည်။ ထိုသနပ်ခါးကို ယူငင်ပြီး အသုံးပြု ရသည်ဟု ပုံပြင်ဆန်ဆန် လူကြီးသူမများ ပြောဆိုနေသည်ကို ကြားဖူး၏။ တချို့သောသူများက သေဆုံးသူ၏ ပိုင်ဆိုင်သော ကိုယ်ခန္တာ အစိတ်အပိုင်း တခုခုကို ယူငင်ရာတွင် ထိုသူ၏ ၀ိဉာဉ်သည် တစုံတယောက် ဆောင်ယူလာသောခါ အရာဝတ္တုပေါ်တွင် စွဲလမ်းနေသည်ဟု ယုံကြည်သည်။

ယူငင်လာသော အစိတ်အပိုင်းကို ၎င်းတို့ ပိုင်ဆိုင်သည့် ခြံမြေဥယျာဉ် ပိုင်နက်အတွင်း မြှပ်နှံပြီး ခြံစောင့် ခိုင်းကြသည်။ တပါးသူများအပေါ်လည်း အပေါ်လည်း ပြုစားရသည်ဟု ဆိုသည်။ အစိမ်းတိုက်သည်ဟု ခေါ်၏။ ၎င်းနည်းကို အများအားဖြင့် ကောက်ကျစ်တတ်သော အောက်လမ်းဆရာများ ပိုက်ဆံလိုချင်သဖြင့် တဖက်သားအား ပြုစားအောင် လုပ်ပြီး သူတို့ကပင် ပြန် ကုပေးသည်။ ကိုယ်ခိုင်းစားထားသည့် ၀ိညာဉ်များကိုလည်း တနှစ်တကြိမ် အစားကြွေးရသည်ဟု ဆို၏။ နားလည် တတ်ကြွမ်းသူများက ထိုလုပ်ရပ်ကို ပြုလုပ်သူများသည် အပြစ်ကြီးမား သံသရာ ရှည်တတ်သည်ဟု ပြောဆိုသည်။ မလုပ်အပ် မလုပ် စကောင်းသော အရာ ၊ အောက်လမ်းပညာ ဆိုပါ၏။

ဂြိုလ်များ၏ သင်္ကေတကို အမည်ပေး မှတ်သား၍ ထိုဂြိုလ်များ၏ သက်ရောက်မှုကို အချိန်ကာလများဖြင့် တွက်ချက်ပြီး လုပ်ငန်း ဆောင်တာများတွင် သက်ရှိဖြစ်သော လူသတ္တဝါဖြစ်စေ။ အသက်မဲ့ဖြစ်သော အရာဝတ္တုတခုဖြစ်စေ ထိုအရာများ၏ အမည်နာမများကို ဂြိုလ် သင်္ကေတများဖြင့် ယှဉ်တွဲပြီး အကျိုး စီးပွားရလိုခြင်းငှာ ဂြိုလ်များ၏ သက်ရောက်မှုကို အထောက်အပံ့ယူ အသုံးချကြသည်။

ပမာ။ ။ မဟာဘုတ်တိုင် ထူပြီး နာမည်များ မှည့်ထွင်ခြင်း၊ ဦးသာ၊ စိန်းပန်း၊ ဒန်းလှ၊ ကိုရှာ၊ ဓမ္မသောက အင်းဝ၊ ရာဇာ၊ စသော မိတ်ဖက် ရန်ဖက် ဂြိုလ်သက်ရောက်မှုများ၊ တချို့ အယူသီးသော လောင်းကစား သမားများသည်လည်း နေနံမကောင်းလျှင် နဂါးခေါင်း ဘယ်ဖက်လှည့် သဖြင့် မည်သည့်လမ်းက သွားရမည်၊ ဘယ်နေတွင် ဘယ်အရောင်သော အကျင်္ ီအား ၀တ်ဆင်ပြီး မည်သည့် နေ့နံကိုက်သော ပစည်းများ ယူသွားရမည်!

စသော စသော အကြောင်းများကို လူ့သဘာဝ ထုံးနှင့် ဆန့်ကျင်ကာ လုပ်ဆောင်ကြ၏။ တနင်္လာဖွားက အင်္ဂါနေ့တွင် လုပ်ငန်းတခုခု ကြံဆောင်လျှင်၊ နေ့နံအရ ရန်ဖက် အသွင်ဆောင်သဖြင့် အင်္ဂါ မိတ်ဖက်ဖြစ်သော ကြာသပတေးနံ နာမည်ပါသည့် ပစ္စည်းတခုခုကို ကိုယ်ဝယ်ထားရှိပြီး ကံတရားကို မြင့်ရသည်ဟု ယုံကြည် ဆောင်ရွက်ကြသည်။

အစားသောက်များဖြင့် ပြုစားရသော ပညာရပ်။ အရာဝတ္တတခုအပေါ် အစီအမံပြုပညာရပ် များလည်း ရှိသေးသည်။ ကရင် အပန်းဟု ခေါ်သော ပညာ၊ ထိုပညာဖြင့် ပြုစားခံရသူသည် ၀မ်းဗိုက် ဖေါင်းကာလာပြီး စားမနိုင် သောက်မနိုင်သော ဝေဒနာကို ခံရသည်။ ၀မ်းဗိုက်အတွင်း ဆံပင်များတည် ရှိနေခြင်း၊ ဒါမဟုတ် ပစ္စည်းတခုခု ရှိနေတတ်သည်ဟု ဆိုသည်။ နောက်ပြီး ပသျှူး ပညာရပ်များတွင်လည်း အစားအသောက်များဖြင့် လူပုဂ္ဂိုလ်အား သွေးလေခြောက်ခြား စိတ်ဇဝေဇဝါ ဖြစ်အောင် ပြုနိုင်သည်ဟု ဆိုသည်။ ကိုယ်တွေ့အနေဖြင့် ဘုတ်ပြင်းမြို့နယ် စဒိန်ကျွန်းတွင် ထိုရွာမှ ပသျှူးလူမျိုးများက မိမိတို့ ကျောင်းသားတပ်မတော် တပ်ရင်းတခုမှ ရဲဘော်များ (တပ်စိပ်တစိတ်) အား အစားအသောက်ဖြင့် ပြုစား သတ်ဖြတ်ခြင်း ခံခဲ့ရဖူးသည်။

ထို့အပြင် မိမိ မကြေနပ်သည့် ပုဂ္ဂိုလ်အား အကျိုးစီးပွား ပျက်စီးရန် အလို့ငှာ ထိုသူ အိမ်အောက် သို့မဟုတ် အိမ်လှေခါးအောက်တွင် အင်းကွက်များ စီရင်ပြီး မြှပ်ခြင်း၊ စီရင်ထားသည့် အင်း စာရွက်များ မီးရှို့ ပြာချ အစားအသောက်များ အတွင်း ရောစပ်ကျွေးမွေးခြင်းတို့ ပြုလုပ်ကြသေးသည်။ သင်္ချိုင်းမှ လူအရိုးများကို ယူဆောင်ပြီး ကိုယ် ပြုလုပ်လိုသူ ပိုင်ဆိုင်သည့် ခြံဝင်းအတွင်း မြှ့ပ်နှံခြင်း ပြုလုပ်ကြသည်။ အကျိုးသက်ရောက်မှုမှာ ရူးသွပ်ခြင်း၊ စိတ်ဂယောင်ခြောက်ခြား ဖြစ်ခြင်း၊ စီးပွားရေးများ ပျက်စီးခြင်းများ ခံစားရသည်ဟု ဆိုကြသည်။

သို့သော် မည်သည့် အစီအရင် မဆို ပြုလုပ်ရာတွင် လွဲမှားခြင်း၊ မကျွမ်းကျင်ခြင်း တို့ကြောင့်လည်း စီမံသူက ပြန် ခိုက်ခြင်း ၊ ပြုခံရသူက မိမိထက် တတ်စွမ်းသော်လည်းကောင်း၊ ဘုန်းကံ မြင့်မားနေရင်လည်းကောင်း ပြုသူက တန်ပြန် ထိတတ်သည် ပြန်ခိုက်သည်ဟု ဆို၏။

မည်သို့ပင် ဆိုစေကာမူ ယနေ့ မြန်မာနိုင်ငံတွင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူများသည် ပြည်သူ ပြည်သားများအား မတရားမှုပေါင်းများစွာဖြင့် ဖိစီးကာ ကောက်ကျစ်စဉ်းလည်းကာ သဘဝစာကြည့်၍ အုပ်ချုပ်နေသဖြင့် မခံရပ်နိုင် ရှိသောသူများသည် အားမတန် မာန်လျော့နေကြရသည့် ဘဝတခုကို ကြုံကြိုုက်နေရသည်။ ထို့ကြောင့် မတရားလုပ်သည့် သူများအပေါ် အောက်လမ်းနည်းဖြင့် တိုက်ခိုက်နိုင်ပါသည်ဟု ဆိုချင်သည်၊ ရှေးဟောင်း အောက်လမ်း ပညာတခုဖြင့် တူးဖေါ်တင်ပြချင်သည်၊ သည်လိုဆို၍ ကြောက်လန့် မသွားစေချင်ပါ၊ အထက်တွင် ဆိုပြီးသည့် အတိုင်း ဤပညာကြောင့် မည်သူမှလည်း မမြင် ပြုခံရသူလည်း အခန့်မသင့်လျှင် အပြစ်မတင် မခံရလေအောင် ပြုသူအနေဖြင့် ဘေးကင်းရန်ရှင်း နည်းလမ်းတခု အကြံပြုမည်။

ဤနည်းကား.. မိမိစီးထားသည့် ဖိနပ် သို့မဟုတ် အိမ်အဝင် ခြေသုတ်သည့် အရာအောက်တွင် အမည်နာမများ ရေးသားခြင်းဖြင့် နမ်နှိမ််အောင် ပြုလုပ်နိုင်သည်။ ဥပမာ ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် န.အ.ဖ စစ်ခေါင်းဆောင်များ၊ စစ်အာဏာရှင် စနစ်နှင့် လမ်းပြမြေပုံ စသော အမည်နာမ ရေးသားခြင်း သာဖြစ်သည်။ အခုလို တိုက်ခိုက်ရခြင်းက တိုင်းပြည်ကို ဦးဆောင်ခဲ့သော ဦးဆောင်နေဆဲဖြစ်သော ပုဂ္ဂိုလ်များသည် ဗုဒ္ဓဘာသာဟု ခံယူပြီး ၊ အောက်လမ်းဆန်သော ပညာရပ်များကို ယုံယုံကြည်ကြည် လက်ခံ သုံးစွဲနေသောကြောင့် သူတို့အား ဤနည်းဖြင့်သာ တိုက်ခိုက်ခြင်း တခု ဖြစ်သည်။ ပြောလို့သာ ပြောရ၏။ ထိုနည်းလမ်းသည် ကြံစည်သူရော အကြံပေး သူရယ်ပါ သံသရာအကျိုး မကောင်းမွန်နိုင်ပါ၊ တတ်မနိုင်ဘု .. ထင့်။ စစ်အာဏာရှင် ပြုတ်ကျရေးသည် အဓိက ဖြစ်၏။ ကျွမ်းထိုးပဲ ကျကျ၊ မှောက်ခုံပဲ ကျကျ၊ ကျဖို့ရာ ပဓါနပင်။

သိပ္ပံပညာတွင်လည်း နယူတန်၏ တတိယ နိယာမတွင် ဤသို့ အတိအလင်းဆို၏ သက်ရောက်မှုတိုင်းတွင် တန်ပြန် သက်ရောက်မှု ရှိသည်ဟု ဆိုသကဲ့သို့ ထိုပညာဖြင့် ပြန်လှည် ပြုလုပ်ရခြင်းဟု မှတ်ပါလေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ တိုင်းပြည်ကို မတရားပြုနေသည့် စစ်အာဏာပိုင်ကြီးများ ဘုန်းကံမှာ လျှော့ကျနေသည်ဟူ ၎င်းတို့ ကိုယ်တိုင်ရော၊ လူအများပါ ယူဆလျှက်ရှိရာ ထိုနည်းလမ်းဖြင့် တိုက်ခိုက်လျှင် သင့်တော်နိုင်လိမ့်မည်။ ယုတ္တိယုတ္တာ မရှိတန်ရာ သဘာဝလွန် စိတ်ကူးယဉ်ဆန်သော အရာများ ကောက်ချက်ချစေကာမူ သေချာတာက ဖြစ်သည် မဖြစ်သည် အဓိက မဟုတ်၊ အာဏာပိုင်များအား “ နမ်နှိမ် လို့သည့် ကင်ပိန်း ( Campaign ) ” တခု အဖြစ် သတ်မှတ်ပြီး မိမဆိန္ဒပြ ထုတ်ဖေါ်ပြသ နိုင်သည်။ ပြုသူအတွက်လည်း အန္တာရယ်ကင်း၏၊့ စစ် အာဏာရှင်စနစ်အား ဘက်ပေါင်းစုံက တိုက်ခိုက်ခြင်း တရပ်ဟု ယူဆနိုင်သည်။

ထို အကြောင်းအရာများကို ပုဂံရာဇဝင် ဒုတ်ထမ်း ရှင်းပြနေရသည်မှာ မြန်မာလူမျိုးတို့မှာ ရိုးရာ ဓလေ့ထုံးအား ယနေ့တိုင် လက်ခံ ကျင့်သုံးနေသည်ဟု ထင်၏။ စာရေးသူ အနေဖြင့်လည်း သဘာဝလွန် အကြောင်းများကို ယုံကြည်ခြင်း အလျဉ်းမရှိခဲ့ပါ။ သို့သော် ဖြတ်သန်းလာသည့် သက္ကရာဇ်များ အတွင်း ကြုံဆုံလာသည့် အဖြစ်အပျက်များ၊ ရှေးလူကြီး သူမများ၏ ပြန်လည်ပြောပြ ကြားဖူးနားဝကို တူးဖေါ်ကာ ယနေ့ မြန်မာပြည်အတွင်း မတရားအားထုတ် ရက်စက်နေသော စစ်အာဏာရှင် စနစ်အား အားမတန် မာန်မလျှော့ပဲ အိမ်နေရင်း တိုက်ခိုက်လိုစိတ် ရှိသောကြောင့် လက်နဲ့မနိုင်လျှင် ပါးစပ်နှင့် ကိုက် သကဲ့သို ပြုမှုရခြင်း ဖြစ်သည်။

ဝိဇ္ဖာနည်းပဲ ဆိုဆို သိပ္ပံနည်းပဲ ဆိုဆို သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိကာ ယုံကြည် သက်ဝင်မှုရှိလျှင် အသက်ဝင်ကာ ယုံကြည်စေပါမည်၊ စစ်အာဏာရှင် မုချ ကျဆုံး စေရမည်။

လူလ

ရွှင်လန်းချမ်းမြေ့ပါစေ…

LEAVE A REPLY

Please enter your comment!
Please enter your name here