ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မှာ အမျိုးသားရေး တာဝန် ဖြစ်သည်

နိုင်ငံရေးလုပ်ခွင့် ရှိသယောင်ယောင် ဟန်ပြ နိုင်ငံများတွင် ဘုန်းကြီး နိုင်ငံရေးမလုပ်ရ၊ အစိုးရဝန်ထမ်း နိုင်ငံရေးမလုပ်ရ၊ ကျောင်းသား နိုင်ငံရေးမလုပ်ရ၊ စစ်တပ် မှ ဖြစ်လျှင်နိုင်ငံရေးမလုပ်ရ စသဖြင့် ကန့်သတ် ထားတတ်ကြသည်။ အာဏာ ပိုင်စိုးမှု ထိခိုက်မည်ကို စိုးရိမ် ပူပန်နေသူတို့က နိုင်ငံရေး အဓိပ္ပာယ်ကို ကိုယ်လိုရာ ဆွဲတွေးပြီး အခြားသူများ နိုင်ငံရေး မလုပ်နိုင်အောင် ဟန့်တား ပြောဆိုနေကြခြင်းသာ ဖြစ်သည်။

အမှန်စင်စစ် လူတိုင်းလူတိုင်း နိုင်ငံရေးလုပ်ခွင့် ရှိသည်။

နိုင်ငံရေး (၃) မျိုးရှိသည်။ ကမာ္ဘလုံးဆိုင်ရာ နိုင်ငံရေး (Global politics)၊ အမျိုးသား နိုင်ငံရေး (National politics) နှင့် ပါတီ နိုင်ငံရေး (Party politics) တို့ဖြစ်သည်။ မည်သည့် နိုင်ငံရေး အမျိုးအစား ဖြစ်စေကာမူ တူညီနေသည့် အချက်မှာ အများကောင်းစားရေး အတွက် ဦးတည် လုပ်ဆောင်ရသည်။ သို့တည်းမဟုတ် အများကောင်းစားရေးကို လုပ်ဆောင်ပေးနိုင်စွမ်း ရှိသော တဦး-တဖွဲ့အား ကူညီပံ့ပိုးရန် အတွက် ရည်မှန်း လုပ်ဆောင်ရသည်။

တကမာ္ဘလုံးဆိုင်ရာ နိုင်ငံရေးတွင် လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများ၊ နိုင်ငံများ၊ ထင်ရှားသည့် ပုဂ္ဂိုလ်များ ရှိကြသည်။ အဖွဲ့အစည်းအနေဖြင့် အထင်ရှားဆုံး နမူနာပြရလျှင် ကမာ္ဘ့ကုလသမဂ္ဂ ဖြစ်သည်။ ကမာ္ဘ့ပြည်သူများ၊ နိုင်ငံများတွင် ကျရောက်လာသည့် ရောဂါဆိုးများ၊ သဘာဝ ဘေးအန္တရာယ်များမှ လုံခြုံ စိတ်ချရရေး၊ ငြိမ်းချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေး တို့ကို အဓိက လုပ်ဆောင်ရသည်။ တဖန် နိုင်ငံအစိုးရထက် ပြည်သူတို့အား ပိုမို ဦးစားပေးရသည်။

ကမာ္ဘ့ ကုလသမဂ္ဂမှ မဖြေရှင်း ပေးနိုင်သေးသည့်အခါ စေတနာရှင် နိုင်ငံများက အခြားနိုင်ငံများ၏ နိုင်ငံရေး ပြဿနာများကို ဝင်ရောက် ကူညီပေးကြသည်။ ဥပမာ-ဂျပန်နိုင်ငံမှ ဖွံ့ဖြိုးဆဲ အခြားနိုင်ငံများသို့ ODA ထောက်ပံ့ ကူညီပေးခြင်းမျိုး ဖြစ်သည်။ ထင်ရှားသူတို့ကလည်း ကမာ္ဘလုံးဆိုင်ရာ နိုင်ငံရေးတွင် ပါဝင်ကြသည်။ ဥပမာ-ကမာ္ဘ့ငြိမ်းချမ်းရေး နိုဘဲလ်ဆုရသူများ၊ ကမာ္ဘ့ ခေါင်းဆောင်ဟောင်းများ၊ နာမည်ကြီး အနုပညာရှင်များက ဝိုင်းဝန်းထောက်ပံ့ အားပေး ကူညီတတ်ကြသည်။

အမျိုးသား နိုင်ငံရေးမှာ နိုင်ငံတခု အတွင်း ဘေးအန္တရာယ် ကျရောက်လာသောအခါ၊ ပြည်သူတို့ ဒုက္ခရောက်ကြသော အခါ၊ နိုင်ငံတခုလုံး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သောအခါများတွင် ထိုက်သင့်သလို ပါဝင်ကူညီ ပံ့ပိုးပေးကြခြင်း ဖြစ်သည်။ လက်ရှိ အားဖြင့် မိမိထမ်းဆောင်နေသော တာဝန် ဝတ္တရားများထက် နိုင်ငံနှင့် ပြည်သူတို့အတွက် အမှန်တကယ် လိုအပ်နေသော ကိစ္စများအား ပိုမို ဦးစားပေး ပါဝင်ကြသည့် နိုင်ငံရေး အမျိုးအစား ဖြစ်သည်။

ဥပမာ- အိမ်ထောင်ရှင်မ တဦးသည် မည်သည့် နိုင်ငံရေးပါတီဝင်မှ မဟုတ်စေကာမူ၊ အစိုးရ၏ မည်သည့် တာဝန်ကိုမျှ မထမ်းဆောင်စေကာမူ အများပြည်သူတို့ ဒုက္ခရောက်နေချိန်မျိုးတွင် ရေတဗူး၊ ထမင်းတထုပ် လှူဒါန်းလိုက်ခြင်းဖြင့် အမျိုးသားနိုင်ငံရေး တာဝန်ကို အုတ်တချပ်၊ သဲတပွင့်အဖြစ် တနိုင်တပိုင် ထမ်းဆောင်လိုက်ခြင်းမျိုး ဖြစ်သည်။

ထိုနည်းတူ ပညာရေး ဆိုင်ရာဘက်တွင် တာဝန်ယူထားသော အစိုးရ ဝန်ထမ်းတဦး သည်လည်း တိုင်းပြည်ကျူးကျော်ခံ ရသော အခြေအနေမျိုးတွင် မိမိတာဝန်ထက် လက်ငင်း ရင်ဆိုင်နေရသည့် အမျိုးသားရေး ပြဿနာကို ပါဝင်ပံ့ပိုးကူညီ ဖြေရှင်းရန် အလိုလို တာဝန်ရှိသွားသည်။ စစ်တပ်မှ စစ်သည် တို့သည်လည်း ကျူးကျော်စစ်ကို ခုခံကာကွယ်ရသည့် တာဝန်များ မရှိချိန်၊ ကပ်ရောဂါ-ကပ်ဘေးများ ကျရောက်လာပါက ဝင်ရောက် ကူညီပေးကြရသည်။ ရွေးကောက်ပွဲကို သမာသမတ် ဖြစ်အောင် ထိန်းသိမ်းပေးရသည်။ ဤသည်တို့မှာ စစ်တပ်က အမျိုးသား နိုင်ငံရေးတာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သည်။

နိုင်ငံရေး ပါတီတခုတွင် တာဝန် ထမ်းဆောင်နေသူသည်လည်း ထို့အတူပင်။ နိုင်ငံရေး ပါတီဝင်တဦးအဖို့ နိုင်ငံတခုလုံး အတွက် အလွန်အမင်း အရေးကြီးနေသည့် ပြဿနာမျိုးထက် ပို၍အလေးအနက် တာဝန်ယူစရာရှိမည် မဟုတ်ပေ။

ပါတီနိုင်ငံရေး အမျိုးအစားမှာ တိုင်းပြည် အေးချမ်းသော ကာလများတွင် ရွေးကောက်ပွဲ၌ မိမိပါတီမှ သမာသမတ် ကျစွာ အနိုင်ရရှိရေး၊ ရွေးချယ် တင်မြှောက်ခံရပါက လူအများ တိုးတက် ဖွံ့ဖြိးရေးအတွက် ရည်ရွယ်လျက် အစိုးရတာဝန်များကို အရည်အချင်း ပြည့်ပြည့် တာဝန်ကျေကျေ၊ ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်ရေးတို့ကို ဦးစားပေး လုပ်ဆောင်ရသည်။ ထို့ပြင် အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း အမျိုးသားရေး တာဝန်ကို မျက်ခြေမပြတ်စေပဲ နိုင်ငံသားတဦး၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပေးနိုင်ရန် အသင့်ရှိနေရသည်။ အခြားသူများ၊ အခြားနိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များနှင့် မည်သို့ပင် မတူကွဲပြားနေစေကာမူ အမျိုးသားရေး အတွက် လိုအပ်သည့် အခါတိုင်း အများနှင့်ပူးပေါင်း ဆောင်ရွက်ပေးရသည်။

သို့ကြောင့်ပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟု အမည်ရှိသည့် နိုင်ငံရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က “ပါတီ အကျိုးထက် နိုင်ငံအကျိုးကို ပိုမို ဦးစားပေး တာဝန်ယူကြဖို့” တိုက်တွန်းထားသည်မှာ အလွန် မှတ်သား လိုက်နာဖွယ်ရာ ဖြစ်သည်။

သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းမှာ သူ့ကျွန်မခံသည့် အမျိုးသားရေး စိတ်ဓါတ်ဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ဦးဆောင် ကြိုးပမ်းပေးနိုင်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် မှာလည်း တမျိုးသားလုံး တန်းတူညီစွာ လွတ်လပ်စွာဖြင့် လူ့ အခွင့်အရေးများ အပြည့်အဝ အာမခံနိုင်မည့် ဒီမိုကရေစီ ရရှိရေးကို ဦးဆောင် ကြိုးပမ်းလျက် ရှိသူဖြစ်သည်။ အမျိုးသားရေး အမြင် ထက်သန်သည့် အပြင် ဒီမိုကရေစီ ရရှိရေးအတွက် မီးရှူးတန်ဆောင်လည်း ဖြစ်နေပြန်၍ သူ့ပါတီ ကသာမက တနိုင်ငံလုံး၊ တကမာ္ဘလုံးကပင် ချစ်ခင်လေးစား အားကိုးရသည့် လူထုခေါင်းဆောင် ပီသသူဟု ဆိုရလျှင် လွန်အံ့မထင်လှပါ။

ဤမျှ အဖိုးထိုက်တန်လှသော အမျိုးသား ခေါင်းဆောင်ကြီးတဦးက လက်ရှိ အာဏာပိုင်များ၏ စွဲချက်တခုဖြင့် အဖမ်းခံနေရ ခြင်းမှာ မည်သို့မျှ မဖြစ်သင့်သောကိစ္စ ဖြစ်နေတော့သည်။ တဖန် တိုင်းပြည်အတွက် အလွန်အမင်း အားကိုးထိုက်သည့် ခေါင်းဆောင်တဦးက တိုင်းရေးပြည်ရာများတွင် မည်သို့မျှ ပါဝင် မလုပ်ဆောင်ပေးနိုင်ပဲ ဖမ်းဆီးခံနေရသည်မှာ တိုင်းပြည် အတွက် မလိုလားအပ်သော ဆုံးရှံုးမှုကြီး ဖြစ်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံနေရခြင်း အပေါ် မြန်မာပြည်သူများကဲ့သို့ နိုင်ငံတကာ တိုင်းပြည်များရှိ သန်းပေါင်း များစွာသော ကမာ္ဘ့ပြည်သူတို့ကလည်း ခံပြင်း ဒေါသထွက်နေကြသည်။ ဖမ်းဆီးထားခြင်းမှာ မတရားသော လုပ်ရပ်ဖြစ်ပြီး ဒီမိုကရေစီ ရရှိရေးအတွက် အဟန့်အတား ဖြစ်စေသည်ဟု တသဘောတည်း ရှုမြင်ကြသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံတကာ ပြည်သူတို့သည် မြန်မာနိုင်ငံသားများ မဟုတ်စေကာမူ သူတို့ တတ်နိုင်သည့်ဘက်မှ နေ၍ နည်းမျိုးစုံဖြင့် အားကြိုးမာန်တက် လုပ်ဆောင်နေကြသည်။ ကုလသမဂ္ဂ လုံခြံုရေးကောင်စီမှ ကြေညာချက်ထုတ်၍ တောင်းဆိုသည်။ အခြားနိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံအလိုက်၊ ခေါင်းဆောင်အလိုက်၊ လူပုဂ္ဂိုလ် တဦးချင်း အလိုက် တောင်းဆိုချက်များမှာ နေ့စဉ်နှင့်အမျှ မပြတ်တမ်း ရှိနေသည်။ တောင်းဆိုသံများမှာ ပို၍ ကျယ်လောင် ပြင်းထန် လာနေသည်။ တနည်းအားဖြင့် သူတို့သည် ကမာ္ဘလုံးဆိုင်ရာ နိုင်ငံရေးဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဝိုင်းဝန်းကူညီ ပံ့ပိုးနေကြခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် တမြေတည်းနေ တရေတည်း သောက်လာခဲ့ကြသော ကျွနု်ပ်တို့ မြန်မာနိုင်ငံသား တို့တွင်လည်း အမျိုးသားရေး တာဝန်အဖြစ် ခံယူကြရဖို့ ရှိနေပြီ ဖြစ်သည်။ အာဏာရှင်စနစ်၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှု အောက်၌ ထိုတာဝန်မျိုး ယူနိုင်ရေးမှာ အသက်စွန့်၍ လှုပ်ရှားရမည့် အဆင့်တိုင်အောင်လည်း ဖြစ်သွားနိုင်စရာရှိသည်။ ထိုမျှလောက် မဟုတ်စေကာမူ အတိုင်းအတာ တခုထိ ရင်းနှီးပေးဆပ်ရဖို့လည်း ရှိနိုင်သည်။ မည်သို့ပင်ဖြစ်စေ အမျိုးသားရေး တာဝန်တရပ်ကို ဂုဏ်ယူစွာ ထမ်းဆောင်နိုင်မည့် အရှားပါးဆုံး အခွင့်ကောင်းကြီးတခု ဖြစ်လာချေပြီ။

ဒေါ်အောင်ဆန်းစုကြည် အား လေးစားမြတ်နိုး အားကိုးလျှင်၊ (သို့တည်း မဟုတ်) ပုဂ္ဂိုလ်ရေးရာ အရ လေးစားမြတ်နိုး အားမကိုးသည့် တိုင်အောင် ဒီမိုကရေစီအပေါ် ယုံကြည်အားကိုး မျှော်လင့်ထားလျှင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာရေးကို မြန်မာ နိုင်ငံသားတိုင်းက အမျိုးသား နိုင်ငံရေးတရပ်အဖြစ် တာဝန်ခံယူလျက် အုတ်တချပ်၊ သဲတပွင့်ပမာ မိမိတို့ တတ်နိုင်သည့်ဘက်မှ နေ၍ ဝိုင်းဝန်း အားဖြည့်ကြရန် အလေးအနက် တိုက်တွန်း လိုက်ရပေသည်။

လွင်အောင်စိုး (ဂျပန်)

LEAVE A REPLY

Please enter your comment!
Please enter your name here