ဒေါ်စု အမှုအတွက် သက်သေ ၁ ဦး သာ တရားရုံးက ထပ်မံ ခွင့်ပြု

alt

ဒေါ်အောင်ဆန်းစုကြည် အတွက် ထွက်ဆိုမည့် သက်သေ (၃) ဦးအား ပယ်ချ ခံထားခြင်း ကို ယနေ့ တွင် ရန်ကုန်တိုင်း တရားရုံးက တစ်ဦး သာ ခွင့်ပြု ကြောင်း ဆုံးဖြတ် လိုက်သည် ဟု အေပီ သတင်း အရ သိရှိ ရသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် အတွက် သက်သေများ အဖြစ် အန်အယ်ဒီ အမတ် ဦးကြည်ဝင်း၊ ဦးဝင်းတင်၊ ဦးတင်ဦး နှင့် ဒေါ်ခင်မို့မို့ တို့ကို အင်းစိန် ထောင်တွင်း တရားရုံး သို့ အမည် စာရင်း တင်သွင်း ခဲ့ရာ ဦးကြည်ဝင်း မှအပ ကျန် ၃ ဦးအား ဥပဒေ ပုဒ်မ ၂၅၇ အရ ဟုဆို၍ ပယ်ချခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့နေများ က ရန်ကုန်တိုင်း တရားရုံးသို့ သက်သေများ ပြန်လည်လက်ခံရေး ကို လျှောက်ထား ခဲ့ကြပြီး၊ ဇွန်လ ၅ ရက်နေ့က နှစ်ဖက် ကြားနာ ခဲ့ကာ၊ ယနေ့ ဇွန်လ ၉ ရက် သို့ ချိန်းဆိုခဲ့ပြီး နောက် တရားရုံး က ၁၀ မိနစ် ကြာ အမှုကို ကြားနာခဲ့ပြီး၊ ဒေါ်ခင်မို့မို့ တဦးသာ ခွင့်ပြု ကြောင်း၊ အမိန့်ချ လိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အတွက် ဥပဒေ အကျိုးဆောင်လည်း ဖြစ်သူ ရှေ့နေ ဦးဉာ​ဏ်ဝင်း က ပယ်ချ ခံခဲ့ရသည့်  အန်အယ်ဒီ ဗဟိုကော်မတီဝင် ဦးဝင်းတင် နှင့် နေအိမ် အကျယ်ချုပ် ကျခံ နေရသည့် အန်အယ်ဒီ ဒုတိယ ဥက္ကဌ ဦးတင်ဦး အား ခွင့်ပြု ပေးရန် ဗဟိုတရားရုံး နဲ့ ထပ်မံ လျှောက်ထားမည် ဟု ပြောကြား ခဲ့သည်။

ယခုလို တရားရုံးက ခွင့်ပြုလိုက်သည့် သက်သေ ဒေါ်ခင်မို့မို့ သည် အင်းစိန်ထောင် တွင်း ပြုလုပ်သော အထူးတရားရုံး (ခရိုင်အဆင့်) တွင် ထွက်ဆိုရမှာ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here