အဆက်မပြတ် ထိုးစစ် ဆင်နိုင်ရေး နှင့် အပြီးသတ် ထိုးစစ်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချထားခြင်းမှ လွှတ်ပေးရမည့် အချိန်နီးကပ်လာသော အခါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ဒီမိုကရေစီ အင်အားစုများ၊

မြန်မာပြည်တွင် စစ်မှန်သော ဒီမိုကရေစီ ထွန်းကားရေးကို လိုလားသော မြင်တွေ့ လိုသော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ သူမကို လွှတ်ပေးရန် တောင်းဆိုသံများ ကျယ်လောင်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အရှိန်အဝါ လွန်စွာကြီးမားသည်ကို ကောင်းစွာသိသော မြန်မာ စစ်အာဏာပိုင် များသည် သူမကို လွှတ်ပေးရမည်ကို ကြောက်ရွံ့ စိုးရိမ်နေကြသည်။ ထို့ကြောင့် သူမအား ဆက်လက် ဖမ်းချုပ်နိုင်ရေး အတွက် ကြိုးပမ်း လုပ်ဆောင် လာခဲ့ချေပြီ။ ထိုအတွက် ထွက်ပေါ်လာသည့် အကြောင်းတရပ်မှာ အမေရိကန် နိုင်ငံသားတဦးကို နေအိမ်တွင် ခေတ္တခိုလှုံခွင့်ပြုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ကန့်သတ်ချက်ကို ချိုးဖောက်သည့် အမှုဖြင့် န.အ.ဖ စစ်အာဏာပိုင် များက တရားရုံးတင် စစ်ဆေးခြင်းပင် ဖြစ်သည်။

စစ်အာဏာပိုင်များက ထိုသို့ ပြုလုပ်လိုက်သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရန် တစိုက်မတ်မတ် တောင်း ဆိုနေသူများ၏အသံများက ပိုမိုကျယ်လောင် လာခဲ့သည့် အပြင် တောင်းဆိုမှု အရေအတွက်ပင် ပိုမို များပြားလာခဲ့သည်။ တနည်းဆိုရသော် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားပေးမှု တိုးတက်လာခဲ့လေသည်။

လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းက နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖိအားသည် မြန်မာစစ်အာဏာပိုင် များအပေါ် ယခုလို ပြင်းပြင်းထန်ထန် ကျရောက်ခဲ့ခြင်းမျိုး မရှိခဲ့ပေ။ သို့သော် လက်ရှိ အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မှျှော်လင့်ချက်များသည် ယခင်ကထက် စာလျှင် ပိုမိုမြင့်မားလာပြီဟု တွက်ဆနိုင်ပေသည်။ ထို့ကြောင့် ယခုအချိန်တွင် ထိုကဲ့သို့သော မြင့်မားလာနေသည့် မျှော်လင့်ချက်များ လက်တွေ့ ဖြစ်မြောက်လာရေး အတွက် ပြည်တွင်းပြည်ပ အင်အားစုအားလုံး (မြန်မာ့ ဒီမိုကရေစီ အင်အားစုများရော၊ နိုင်ငံတကာ အသိုင်းအဝိုင်း ကပါ) ဝိုင်းဝန်း ကြိုးပမ်းကြရမည် ဖြစ်သည်။

သို့ဆိုလျှင် မည်သို့ လုပ်ဆောင်ကြ ရမည်နည်း ? ဆိုသည့် မေးခွန်း ထွက်ပေါ်လာပေသည်

ပြည်တွင်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် တရားရင်ဆိုင်နေရမှုကို ဥပဒေရေးရာ ရှုထောင့်မှ ကြည့်ကာ ပြတ်ပြတ်သားသား လုပ်ဆောင်ကြိုးပမ်းရမည် ဖြစ်သည်။ တချိန်တည်းမှာပင် နိုင်ငံရေးပါတီ ဖြစ်သည့်အတွက် နိုင်ငံရေးနည်းအရ လှုပ်ရှားမှုများကို ဆထက်ထမ်းပိုး ဆောင်ရွက်ရန် လိုအပ်ပေသည်။ မိမိတို့ ပါတီခေါင်းဆောင်အား မတရား အကွက်ဆင်ကာ ဖမ်းဆီးထောင်ချရန် ကြိုးပမ်းမှုများမှ လွတ်မြောက် လာစေရေးအတွက် တောင်းဆို လှုပ်ရှားမှုနှင့် ထိုတောင်းဆိုမှုများကို ပြည်သူလူထုက ထောက်ခံမှု ပိုမို ပြုလုပ်လာရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်သည်။ တနည်းဆိုလျှင် မြန်မာ စစ်အာဏာပိုင်များအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖိအား စတင် ပေးလိုက်ခြင်းပင် ဖြစ်သည်။

အခြား ဒီမိုကရေစီရေး အင်အားစုများနှင့် ပြည်သူ လူထုတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား မတရား ဖမ်းဆီးထောင်ချရန် စစ်အာဏာပိုင်များ၏ ကြိုးပမ်းချက်များကို မကျေနပ်ကြောင်း လက်မခံကြောင်းကို ဖမ်းဆီး ခြိမ်းခြောက် နှိပ်စက်ခံရမှု အနည်းဆုံးဖြင့် လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ လူထုက ထိုသို့ လုပ်ဆောင်နိုင်ရေးကို နိုင်ငံရေး လှုပ်ရှားသူများက အကြမ်းမဖက်သော လူထုလှုပ်ရှားမှု အသွင်ဖြင့် နည်းလမ်းပြ ဦးဆောင်နိုင်ရမည် ဖြစ်သည်။ ထိုအတွက် နည်းဗျူဟာ၊ လုပ်ငန်းစဉ်၊ ငွေကြေး၊ ဆက်သွယ်ရေး စသည့် လိုအပ်ချက်များကို ပံ့ပိုးပေးရန် စီစဉ်ပေးရမည်။

ပြည်ပရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု အသီးသီးကလည်း မိမိတို့ရောက်ရှိရာ နိုင်ငံများ၌ စစ်အာဏာပိုင်များ၏ တရားမဲ့ လုပ်ရပ်များကို ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒ ထုတ်ဖော်ရုံမက၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အလွန်အမင်း အလိုရှိကြောင်းကို သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ အာဏာပိုင်များ သိသာ သိရှိစေရန် အင်နှင့်အားနှင့် ဆန္ဒထုတ်ဖော်ရန် လိုအပ်သည်။ ထိုသို့ပြုလုပ်ရုံဖြင့် မလုံလောက်သေးပါ။ သက်ဆိုင်ရာ အစိုးရ အသီးသီးသို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် မြန်မာ့ အနာဂတ်နိုင်ငံရေး၊ ဒေသတွင်း တည်ငြိမ်ရေး၊ ဒီမိုကရေစီရေး။ လူ့အခွင့်အရေးများ တိုးတက် လာစေရေး အတွက် မည်မျှ အကျိုးသက်ရောက်မှုှ ရှိစေသည်ကို ခိုင်ခိုင်မာမာ ပြောဆိုသုံးသပ် ဆွေးနွေးမှုများ ပြုလုပ်ကာ စည်းရုံးလှုံ့ဆော်ရန်လိုအပ်ပါသည်။ ထိုမျှမကသေး ပြည်တွင်းရှိ အင်အားစုများ၏ အကြမ်းမဖက်သော အောက်ခြေလူထု လှုပ်ရှားမှုများအတွက် လိုအပ်သော ငွေကြေး၊ နည်းလမ်းနှင့် အခြားသော အထောက်အကူပြုအရာများ ပံ့ပိုးပေးနိုင်ရေးကို စနစ်တကျ လုပ်ဆောင်ရန် လိုအပ်သည်။ ယခုကဲ့သို့သော အခြေအနေ အချိန်အခါမျိုးတွင် မိမိတို့ အင်အားစုများအတွင်း နားလည်မှု အပြည့်အဝပေးကာ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ရေးသည် အထူးအရေးကြီးသော လိုအပ်ချက်တရပ် ဖြစ်ပေသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မိမိတို့၏ နိုင်ငံရေး ဩဇာအရှိန်အဝါ၊ သံတမန်ရေး အဆက်အသွယ်၊ စီးပွားရေး လက်နက် စသည်တို့ဖြင့် မြန်မာစစ် အာဏာပိုင်များအပေါ် ဖိအား ဆက်တိုက် ပေးနိုင်ရန်လည်း လိုအပ်သည်။ ထို့အပြင် မြန်မာပြည်သို့ လက်နက် မရောင်းချရေး ပိတ်ပင် တားမြစ်မှုများကိုလည်း တကမ္ဘာလုံး အတိုင်းအတာဖြင့် ဝိုင်းဝန်း လုပ်ဆောင်လာရန် ကြိုးပမ်း လှုပ်ရှားနိုင်ရေးသည် အရေးကြီးသည်။ ကြေညာချက်များ ထုတ်ပြန်နေရုံဖြင့် မြန်မာ အာဏာပိုင်များအပေါ် ထိရောက်သော ဖိအား ကျရောက်နိုင်မည် မဟုတ်ပေ။ လက်တွေ့ ကျသည့်လုပ်ရပ်များ အထူး လိုအပ်နေသော အချိန်ဖြစ်သည်။ ထို့ကြောင့် လက်တွေ့ကျသည့် ထိရောက်သော လုပ်ရပ်များကို နိုင်ငံတကာအသိုင်းက မြန်မြန်ဆန်ဆန် ဖော်ဆောင်လာရေး အတွက် ပြည်ပရောက် အင်အားစုများက အချိန်ကိုက် ဝိုင်းဝန်းကြိုးပမ်း ရမည်ဖြစ်သည်။

ပြည်တွင်းနိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများကို ရင်ဆိုင်နေရသည့် မြန်မာ စစ်အာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ဖမ်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ချိန်မှ စတင်ကာ ပြည်တွင်းပြည်ပ မျက်နှာစာ အသီးသီးတွင် ခံစစ်အနေအထားသို့ ရောက်ရှိ သွားခဲ့ပေသည်။

၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် အချိန်မှ စတင်ကာ ရက်စက် ကြမ်းကြုတ်မှုများဖြင့် ဖိနှိပ်အုပ်ချုပ်နေခဲ့သည့် အတွက် မြန်မာပြည်သူ လူထုမှာ အကြောက် တရားအောက်တွင် နေထိုင် ခဲ့ရသည်။ စစ်အာဏာရှင်များက မြန်မာပြည်တွင်းတွင် စိတ်ထင်တိုင်း ချယ်လှယ်နိုင်နေပြီဟု ယူဆချက်များ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်၊။ ယင်းသည် လက်တွေ့ကျသည့် ယူဆချက် ဖြစ်သည်ကို အငြင်းပွားရန် မလိုအပ်ပေ။ လက်တွေ့ဖြစ်ပျက်နေသည့် အရှိတရားသာဖြစ်သည်။ သို့သော် အရှိတရားမှန်သမျှ အမှန်တရား မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော တရားစီရင်ရေးတွင် ကြားနာချက်များကို ဇွန်လ ၁ ရက်နေ့တွင် အဆုံးသတ်ရန် စီစဉ်ပြီးမှ ဇွန်လ ၅ ရက်နေ့သို့ ပထမတကြိမ် ရက်ရွှေ့ခဲ့သည်။ ထိုမှတဖန် နောက်တပါတ်သို့ပါ ထပ်မံရွှေ့ဆိုင်းခဲ့ရသည်။ ယူဆချက်တရပ်မှာ နိုင်ငံတကာ၏ ဖိအားသည် ၎င်းတို့အပေါ် ကျရောက်နေမှု မလျော့ကျသေးသည့် အတွက် မြန်မာ စစ်အာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည် အပေါ် စီရင်ချက် မချရဲသေးခြင်း ဖြစ်သည်။ ထိုယူဆချက်အတိုင်း ဆက်လက် စဉ်းစား တွေးတောကြည့်လျှင် န.အ.ဖ စစ်ခေါင်းဆောင်များသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် နယ်ပယ်အသီးသီးတွင် အကျပ်အတည်းပေါင်းစုံ နှင့်ရင်ဆိုင်နေရသည့် ဖိအားများကို ခံနိုင်ရည် မရှိတော့ကြောင်း တွေ့လာရပေသည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲချက်တင်ထားသော အမှုအား အမိန့် မချမှတ်နိုင်ပဲ အချိန်ဆွဲနေသည့် အခြေအနေ၌ ပြည်တွင်းပြည်ပ အင်အားစုများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် လုပ်စရာ နည်းလမ်းမှာ တခုတည်းပင် ရှိတော့သည်။ ယင်းမှာ မြန်မာ စစ်အာဏာပိုင်များအပေါ် ဖြစ်နိုင်သမျှ နယ်ပယ် အသီးသီးမှ ဖိအားများ ဆက်တိုက် ပေးနေရေးပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထောင်ချရန် အကွက်ချစီစဉ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ဒီမိုကရေစီ အင်အားစုများအား ထိုးစစ်ဆင်ရန် စစ်အာဏာရှင် န.အ.ဖ က ကြံစည်ထားပုံ ရှိသော်လည်း တန်ပြန် ထိုးစစ်ကြောင့် န.အ.ဖ သည် ယခုအခါတွင် တိုက်စစ် အနေအထားမှ ခံစစ် အနေအထားကို ရောက်ရှိနေပေမည်။ ထို့ကြောင့် စစ်အာဏာရှင် န.အ.ဖ အပေါ် ဖိအား ဆက်တိုက်ပေးနေပါက နောက်ဆုံး တချိန်ချိန်တွင် အာဏာရှင်တို့၏ ခံစစ် ကျိုးပေါက်ကာ သေချာပေါက် ပြိုလဲရမည် ဖြစ်သည်။

ထို့ကြောင့် စစ်အာဏာရှင် န.အ.ဖ ကို ယခုအခါ အဆက်မပြတ် ထိုးစစ်ဆင်မှုများဖြင့် အပြီးသတ် တိုက်ပွဲ ဆင်နိုင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ပြည်တွင်း အင်အားစုများ၊ ပြည်ပနိုင်ငံ အသီးသီးရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့က ညီညာဖျဖျ ဝိုင်းဝန်းပူးပေါင်းကာ အထက်တွင် ဖော်ပြခဲ့သည့် နည်းလမ်းများအပြင် အခြားသော ဖြစ်နိုင်သမျှ နည်းလမ်းကောင်းများဖြင့် မိမိတို့၏ ကာလံ-ဒေသံ- ပယောဂံ နှင့် လျော်ညီစွာ အလေးအနက်ထား စဉ်းစားပြီး လုပ်ဆောင်ကြရန် အထူး လိုအပ်နေပြီ ဖြစ်ပေသည်။

ကျော်ကျော်စိုး (ဂျပန်)

LEAVE A REPLY

Please enter your comment!
Please enter your name here