ကျောက်ပေါက်မာ များနဲ့ ငါ့ဘဝ, ငါ့စာမျက်နှာ

နောင်ရေး အတွက် ရှောင်တွေးလည်း ပူခဲ့ရသည်၊ ရာသီကလည်း ဘယ်အငြိုးနဲ့များ ပူပါလိမ့် အထိ ပြိုးပြိုးပြိုက်ပြိုက် ငြီးငြူ ပူခဲ့ရသည့် လောင်မီးကျသည့် ရာသီ၊ ဟော အခုပဲကြည့်လေ မိုးတွေ သည်းသည်းမဲမဲ မုန်းမာန်ဆင်လို့ ရွာပြန်တော့လည်း ရေတွေ အိမ်ထဲ ၀င်တော့မည့် တကဲကဲမို့ စိတ်နဲ့ ကိုယ်နဲ့ ညစ်နေရသည်။

ကျုပ်နေတဲ့ နေရာက ရန်ကုန်မြို့မှ ဆင်းရဲသားတို့ စုဝေးရာ မြို့သစ်သည် နွေအခါ တုန်းကလည်း လျှပ်စစ်မီး မမှန်၊ ဟော အခု မိုးတွေ တလဟော ရွာနေပြန်သော်လည်း မီးမမှန်သေး။ လိုတာမရ ရတာ မလောက် ဒီခေတ်ကြီးထဲမှာလို့ စိတ်ပေါက်ပေါက် ရှိခိုက် အိမ်ရှေ့ ကားလမ်း ချိုင့်ကြီးကြီးထဲ ကားဘီးပြုတ်ကျသံ ကြားလိုက်ရသည်၊ သွားပြန်ပြီပေါ့ ကားတစီး ပျက်ပြန်ပြီပေါ့ဟု ထကြည့်စရာမလိုပဲ အလွတ်တွေး တွေးမိနေသေး။

မိုးလေး နည်းနည်းရွာ ရေလေး နည်းနည်းပါသည်နှင့် ရန်ကုန်မြို့ နေရာအနှံ လမ်းတွေ အိမ်တွေရှေ့ ရေလွှမ်းတော့သည်။ ရေလွှမ်းသည်နှင့် အတူ တပါတည်း ဖြစ်ပေါ်လာသည်က ခြင်ယင်တွေ ပေါသည် ဟုတ်သည်။ သူ့ထက်ပိုဆိုးသည်မှာ နဂိုရ်ကမှ အဖုအထစ် အချိုင့်ခွက်များနှင့် ကတ္တရာ လမ်းဆိုးဆိုးတို့မှာ မိုးရာသီနှင့် ကားများကြောင့် ပိုဆိုးလာခြင်းပင်။ လမ်းပေါ်တွင် ရေတင် ရေဝပ်သည်နှင့် ကတ္တရာ ပါသည် ဆိုယုံမျှဖြင့် ခင်းထားသော ကျောက်တို့ ပဲ့ထွက် ပွထွက်ကုန်သည်။ ချိုင့်ကြီး ချိုင့်သေးတွေ ဖြစ်လာသည်။ ထိုချိုင့်လေးတွေထဲ ကားဘီးများ ဖြတ်နင်း ယက်ထုတ်သွားသော အခါ ချိုင့်သေးလေးသည် ချိုင့်ကြီးကြီး ဖြစ်လာသည်။ တဖြည်းဖြည်း နက်လာပြီး ကားများအတွက် အလွန် အန္တရာယ်ပေးနိုင်သော ချိုင့်ခွက်ကြီး ဖြစ်လာသည်။ ထိုချိုင့်ကို ရှောင်ရင်း ကားအချင်းချင်း ပွတ်မိ တိုက်မိလာသည်။ ထိုချိုင့်ကို ရှောင်ရင်း စက်ဘီးတို့ လူတို့ ကားပွတ်သွားခြင်း တိုက်မိသွားခြင်း ဖြစ်လာသည်။

ကတ္တရာလမ်းခင်းသော စည်ပင်က ပြောသည်။ လမ်းတွေ က အကောင်းခင်း ပေးထားတာ၊ လမ်းဘေး ရေမြောင်းတွေ ရေမပိတ်ရအောင် ရေစီးရေလာ ကောင်းအောင် သူတို့မလုပ်လို့ ကားလမ်းပေါ် ရေဝပ်တာ၊ ရေဝပ်လို့ ကားလမ်းပျက်စီးတာ ဟုဆိုသည်။

လမ်းဘေး ရေမြောင်း ဖေါက်လုပ်ပြီး ရေစီးရေလာ ကောင်းအောင် ပြုလုပ်ရန် တာဝန်ရှိသူ တို့က အပြစ်ဖို့ ပြန်သည်။ ရပ်ကွက်နေ ပြည်သူလူထုက စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်တဲ့ အတွက် မြောင်းတွေ ပိတ်ဆို့တယ်၊ ကိုယ့်အိမ်ရှေ့မြောင်း ကိုယ့်ဘာသာ တာဝန်ယူ ဖေါက်လုပ်ရမှာ ။ နောက်ပြီး သန့်ရှင်းမှု စည်းကမ်းမှ မရှိတာ အိမ်တိုင်းက အသိစိတ်ရှိရှိ ရေစီးမြောင်း မပိတ်အောင် လုပ်ပေးရင် မိုးရေတင်ကျန်စရာ မရှိဘူး။ ရေ ပိတ်ဆို့ပြီး ရေ လျှံတာမျိုး ဖြစ်ဖို့ မရှိဘူး။ အပြစ်လွဲချ၏။

ရပ်ကွက်နေ ပြည်သူတို့ကရော စည်ပင်ကို ဒီလောက် အခွန်တွေ ပေးနေရတာ အမှိုက်ခွန် ရေခွန် စည်းကြပ်ခွန် အခွန်ပေါင်းကို စုံနေအောင် ပေးနေရတာ။ ဒီလမ်း ဒီမြောင်း သန့်ရှင်းရေး မလုပ် ဘယ်သူ့ဟာ သွားလုပ်နေတုန်း။ ကိုယ့်တာဝန် ကိုယ်လုပ်ပေါ့။ ဒီ စည်ပင်တာဝန် မလုပ်ချင်ရင် စည်ပင်ဌာန ဆိုတာလည်း မထားနဲ့ အခွန်တွေ ဆိုတာလည်း မကောက်နဲ့ပေါ့။ အခုတော့ လမ်းတွေ ကပျက်။ ရေတွေက လျှံ။ ကျုပ်တို့အိမ်တွေ ခြံတွေ ရေလျှံလို့ ပျက်စီးတာ စည်ပင် အပြစ်ကြောင့်ပဲ။ ပြီးတော့ ကတ္တရာလမ်းတဲ့ ကြည့်ပါဦး ကျောက်စရစ်ခဲ့ကို ခင်းပြီး ကတ္တရာ မှုန်မှုန်လေး ဖြူးထားတာ။ ရေနည်းနည်းတင်တာနဲ့ ဒီလမ်း မပျက် ဘယ်လမ်း ပျက်မတုန်း ။ သူခိုးတွေ အင်ဂျင်နီယာလုပ်ပြီး လမ်းခင်းမယ့် ကတ္တရာဖို့ သူ့အိပ်ထဲ ထည့်နေမှတော့ ဒီလမ်း ဒီတသက် မကောင်းဘူးမှတ် ၀န်ထမ်း အားလုံး သူခိုးချည်းပဲ။ မခိုးတဲ့လူ နူလို့သာ မှတ်…ဟု စိတ်ချဉ်တဲ့ အတိုင်း အမှန် တွေးမိပြန်သည်။

လက်ညိုးတွေ အဆင့်ဆင့်ထိုးရင်း ကျနော်တို့ ပတ်ဝန်းကျင်မှာ လမ်းတွေ ပျက်လာတာ များသည်။ ဖါရာတွေ ပွလာတာ များလာသည်။ ပေါက်တာနဲ့ ဖါတာ မမျှတော့ စောစောကလို ချိုင့်အကြီးကြီးတွေ ဖြစ်လာသည်။ ကားတွေ ပျက်သည်။ ခရီးသည်တွေ ဒုက္ခရောက်သည်။ လမ်းသွားလမ်းလာတွေ အန္တရာယ်ဖြစ်သည်။ အနီးအနားနေ ကျနော်တို့ စိတ်ညစ် ရတော့သည်။ ကိုယ်တိုင်လည်း လမ်းပြင်ရန်တော့ မတတ်နိုင်ပါ၊ ရေမြောင်းကို ကိုယ့်အိမ်ရှေ့ ကိုယ် နက်အောင် ရေစီးကောင်းအောင် လုပ်နိုင်သော်လည်း ပတ်ဝန်းကျင် အိမ်အများစုက နေသာသလို နေကြတော့ မိုးလည်း တရွာလုံး စီးလာသော ရေတို့သည် ထိုအိမ်တို့ ရှေ့ ၌ရောက်သော် ဆက်မစီးနိုင်တော့ပဲ ပိတ်ဆို့နေလေပြီ။ ခံရ အများပင်တည်း။ သူတည်း တချို့ စည်းမဲ့မှုကြောင့် ခံရသူမှာ များတကာတည်း ဆိုရမလို။ “ပရ” ဟူသော စာမျက်နှာများကို “အတ္တ” များက လှိုက်စားသွားသည်။

ဤသည်မှာ နိုင်ငံတွင်းမှ အောက်ခြေတွင် ဖြစ်ပျက်နေသော အခြေအနေများပင်။ တနိုင်ငံလုံး နိုင်ငံ့ အရေးနှင့် ယှဉ်ကြည့်လိုက်လျှင်လည်း ထိုနည်းတူ အလားတူ ဖြစ်နေသည်ကိုသာ တွေ့ရသည်။ သေချာသည် ကတော့ နိုင်ငံသား များဖြစ်သော ကျွနု်ပ်တို့ ညီညွတ်မှု အားနည်း နေသေးခြင်းကြောင့် ထွက်ပေါ်လာသော ရလဒ်အဖြစ် အားလုံးတန်းတူ ခံစား နေရခြင်းပင်တည်း။

ဘယ်အရာ အကြောင်းကိုပဲ တွေးတွေး ဆုတ်ယုတ်နိမ့်ပါးခြင်း လက်သည် တရားခံမှာ စနစ်သာဖြစ်သည်။ နောက်ဆုံး ဒီဘူတာသို့ချည်း ဆိုက်သည်။ လူတကာ ယိုသည့်ချေး ပုဇွန်ခေါင်းလာစု သည်တော့ မဟုတ် ခေါင်းဆောင်လုပ်မှတော့ ခေါင်းမလုံ ယိုသည့်မိုးကို ပြောကို ပြောရပေမည်၊ အုပ်ချုပ်ရေး စနစ်မကောင်းခြင်းမှ အခြေပြုပြီး၊ နိုင်ငံသူ နိုင်ငံသားတို့ ရှိသင့်သော စည်းကမ်းစနစ် ပျောက်ခြင်း၊ မျိုးစောင့်တရား နည်းပါးခြင်း၊ စစ်မှန်သော မျိုးချစ် သခင်စိတ် အဆင့်တန်းလျော့ပြီး ရေသာခို အချောင်လိုက်သော ကျွန်စိတ် များပြားနေခြင်း တို့သည် နိုင်ငံ ပျက်စီးခြင်း၏ အခြေခံ အကြောင်းတရားများ ပင်တည်း။ ဘာပဲ ပြောပြော ဘယ်သူတွေ ပျက်ပျက် အဓိက တရားခံမှာ ဦးဆောင်သူ ညံ့ဖျင်းခြင်းမှ စသည်။ ဟုတ်သည်….လွဲနေသည်မှာကို ကာလ အတော်အတန်ပင် မနည်းတော့ချေ။

နိုင်ငံသားတို့ လက်ရှိ အခြေအနေကို အရှိအတိုင်း သုံးသပ်ကြည့်မိသည်။ လူသားတို့ ဘဝကို အဆင့်အတန်း စံနှုန်းများဖြင့် သတ်မှတ် ဝေဖန်မည်ဆိုလျှင် မြန်မာနိုင်ငံသား အများစုမှ အဆင့်ရှိသော အတန်း မရှိသူများ။ အတန်းရှိသော်လည်း အဆင့်မရှိသူများနှင့် အဆင့်ရော အတန်းရော မရှိသူများက အများစုဖြစ်နေသည်ကို တွေ့ရသည်။ အဆင့်ရော အတန်းပါ ရှိသူ အနည်းစုသည် ယိုယွင်းနေသော အများစု၏  ရေလိုက်လွဲမှုများ နိမ့်ပါးမှုများကို ကယ်တင်ရန် မစွမ်းသာသော လူမှုရေး ရပ်ဝန်းအတွင်း သူတို့ဘဝများ လုံးပါး မပါးရအောင်ပင် မနည်း ကျားကန် နေကြရဟန် တူသည်။

လူမှုရေး နှင့် အထွေထွေ ဆိုင်ရာ ကိုယ်ကျင့်သိက္ခာ တည်ကြည် ဖြောင့်မတ်၍ ကတိစကား အလုပ်နှင့် ညီသူကို အဆင့်ရှိသူဟု သတ်မှတ်ပြီး ဉာဏ်ပညာ၊ စာပေ၊ ပညာ၊ အတန်း တတ်မြောက်သူကို အတန်းရှိသူဟု ဆိုမည် ဆိုပါစို့။

နိုင်ငံတွင်းတွင် စောစောက ကျနော်ပြောခဲ့သလိုပင် အဆင့်အတန်း နိမ့်သူတို့က ပမာဏ များပြားနေသည်ကို ၀မ်းနည်းစဖွယ် သုံးသပ်ရမည်ပင်။ ခေါင်မိုးကကို မိုးမလုံသော အုပ်ချုပ်ရေး စနစ်အောက်တွင် နိုင်ငံသားတို့ ဟိရိဩတ္တပ တရားခေါင်ပါး ကြသည်၊ အကျင့်စာရိတ္တ နိမ့်ကျသည်မှာ အဆန်းမဟုတ်။ နိုင်ငံသား တယောက်၏ တန်းတခုကို ဖန်တီးနိုင်စွမ်းသော အနာဂါတ်ကို တည်ဆောက်နိုင်စွမ်းသော ပညာရေးအပါအဝင် လူမှုရေး နိုင်ငံရေး၊ စီးပွားရေး စသော လူသားတို့အတွက် အလွန်အရေးကြီးသည့် ကဏ္ဍကြီးများကို စနစ်တကျ အကွက်ချ ဖျက်ဆီးခံရသည့်နှယ် အထွေထွေ ဆုတ်ယုတ် နိမ့်ပါးနေမှုသည် စာဖွဲ့၍ပင် ကုန်နိုင်မည် မထင်။

ဗြုန်းဆို အခုရက်ပိုင်းအတွင်း ဖြစ်ပျက်သွားတဲ့ ကိုယ်တွေ့ကို လက်တွေ့သာဓက များဖြင့် ရောင်ပြန် ဟပ်ပြ ချင်သေးတဲ့ နိုင်ငံတခုရဲ့ မဏ္ဍိုင်လို့ ဆိုဆို အနာဂါတ်ပဲ ပြောပြော မြန်မာနိုင်ငံ ၏ လက်ရှိ အခြေခံပညာရေး စနစ်အကြောင်း ဘယ်လောက်တောင် အခုနက ကျုပ်အိမ်ရှေ့ ကတ္တရာလမ်းလို အမယ်ဘုတ်ကယ် သူ့ချည်ခင် ယိုယွင်းနေပြီလည်း ဆိုတာ ကြည့်ကြရအောင်။

ကျောင်းသားမိဘတိုင်း သိကြသည်။ မချိသော်လည်း သွားဖြဲကာ သားသမီးတို့ စိတ်ဓါတ် မသိမ်ငယ်ရအောင် အညွန့်မကျိုးရအောင်သာ လုပ်ရသည်။ မိဘတိုင်း အစာမကြေ ဖြစ်နေရသည့် အိမ်ခေါ် ကျူရှင်သင်သော ပညာရေး စနစ်။ ထိုပညာရေး စနစ်ကြောင့် ကျောင်းဆရာ ဆရာမတို့ အကြား အတန်းပိုင် နေရာလုပွဲတွေ တိုက်ပွဲများသဖွယ် ဖြစ်လာရသည်။ လစာအားဖြင့် ထမင်းဖိုးပင် မလောက်ငှသည့် ပညာရေး ၀န်ထမ်း ဆရာဆရာမတို့ အကြား ရွှေဆွဲကြိုး ရွှေလက်ကောက် အပြိုင်အဆိုင် ၀တ်ပြိုင်ပွဲတွေ။ နေရာရဖို့ ရာထူး တံခွန် အလံထူကြဖို့ အတွက် အာဏာပိုင်စိုးမှု ပမာဏ အာဏာပိုင်တို့နှင့် ၀င်ဆံ့ကျွမ်းဝင်မှု အနေအထားများ ပြိုင်ကြသည်။

ထိုစစ်ပွဲများ၏ ဓါးစာခံများကား ကျွန်ုပ်တို့ သားသမီးများ ပင်တည်း။

ကျူရှင်ကို အိမ်ခေါ်သင်သော အတန်းပိုင် ဆရာမ၏ အလိုကို မလိုက်လျှင် (ဗြောင်ပြောရလျှင် ကျောင်းသား မိဘ လည်ပင်းကို နင်းပြီး ၀မ်းစာရှာသည့် ဆရာ့ လိုအင် သူ့အိမ်သင် ကျူရှင်မအပ်လျှင်) ကလေးငယ် တို့သည် မျက်နှာငယ်မည်။ နှိမ့်ချ ခံရမည်။ အတန်းအောင်ဖို့ မရေရာ။ အောင်းမလေး ဆက်များ ပြောရရင် နောက်ဆက်တွဲ ရလဒ်တွေ ဒုနဲ့ဒေး။ သို့နှင့် ပညာတတ်သည် မတတ်သည် အပထား။ သားသမီးကို ရွယ်တူ ကလေးတို့ အကြား မျက်နှာ မငယ်စေလိုသော မိဘတို့သည် ဖြစ်ရညှစ်၍ ရုန်းရတော့သည်။ ငွေရှာကြတော့သည်။ အိမ်သင် ကျူရှင် စနစ် ခါးသည်း လှသော်လည်း အများသောက် နေကြရခိုက်မို့ သည်ပေါင်းပင်ကို ရှာဖွေ ရေလောင်း သည်းခံ၍ ရေဖြည့်ကြရလေသည်။

ထိုသို့ အိမ်သင် ကျူရှင်စနစ်ဖြင့် ပညာသင်ခဲ့သော ကလေး၏ ပညာရေးသည် တကယ်ပင် ကမ္ဘာ့အဆင့်မီ ပညာတတ်ကြီး ဖြစ်ခဲ့သော် ရင်းရကြေးနပ်မည်။ သို့သော် ယခုကား မဟုတ်။ တကယ်တမ်း မေးခွန်းများစွာလည်း ရှိနေသေး၏၊ အချိန်များစွာရသော ကျောင်းစာသင်ချိန်တွင် မတတ်ခဲ့သော ခလေးငယ်မှာ အိမ်သင် ကျူရှင်ချိန် နာရီ အနည်းငယ်မျှဖြင့် မည်မျှပိုတတ် ပိုထူးချွန်လာမည်နည်း? ဤသို့နှင့် တိုင်းပြည်၏ အနာဂါတ်များစွာတို့သည် အကင်းတဖြိုက်ဖြိုက် ကြွေကြရသည်။

ကျောင်းသား မိဘများအတွက် နောက်တဆင့် ပူရသည်မှာ ကျောင်းတွင်း ဆုပေးပွဲများ နှင့် ပတ်သက်၍ ဖြစ်သည်။ အပိုပြော အပိုရေးနေသည် မဟုတ် ။ ညီတိုးငြိမ်း ကိုယ်တွေ့ကို ချပြခြင်းဖြစ်သည်။ ဒီကမာ္ဘမှာ ဘယ်လို မိဘ ကများ သားသမီး ပညာရေး ထူးချွန်ဆု မရပါစေနှင့်ဟု ဆုတောင်းမည်နည်း။ လူသား ရာဇဝင်တွင် ရှိခဲ့ဖူးမည်ဟု မထင်။ သို့ပါသော်လည်း ကျွနု်ပ်တို့ မြန်မာပြည်တွင် ရှိနေချေပြီ။ အချို့မိဘများ ဆုတောင်းကြသည်။ ကျနော် လည်း ဆန္ဒရှိမိသည်။ ဘုရား….ဘုရား…. ဒီနှစ် ကျွနု်ပ်၏ သားတော်မောင် ဆု မရပါစေနှင့် ဘုရား…ဟု။ ဤဆုကို တောင်းခြင်းမှာ အချည်းနှီး မဟုတ်။ သားတော်မောင်ကို ချစ်လွန်း၍ ဖြစ်သည်။

သားသည် ကျောင်းတွင် ဆုရသည်ဟု ဆရာမက မှာလိုက်သည်။ နောက်ဆက်တွဲအဖြစ် ဆုတံဆိပ် ပြုလုပ်ခကို ကျောင်းသား မိဘက လှူရမည် ဟုဆိုသည်။ ဘယ်လောက်ဟု မသတ်မှတ်ပါ။ အနည်းဆုံး ထောင် ဂဏန်းနီးပါးမျှ အထိ လှူရမည်ဟုသာ မရေမရာ ပြောလာသည်၊ ဤမျှ အရိပ်အမြွက် ပြောလိုက်သည်မှာ များများ လှူသော ကျောင်းသား မိဘအတွက် သီးသန့် ဆုကြီးတခုကို ဆုပေးပွဲတွင် ချီးမြင့်ဦးမည်ဟူသော ဖုံးကွယ်ထားသည့် ဂုဏ်တုဂုဏ်ပြိုင် အတိတ်စိမ်း စကားတခွန်းပါ၏။

အတန်းတွင် ထူးချွန်ဆု ရသည်ဆိုသော သားအတွက် ဆုတံဆိပ်ဖိုးကို ပေးအပ်လိုက်ပြီးသည့် နောက် ဆုပေးပွဲ မဟာ အခမ်းအနားကြီး သို့ တက်ရောက်ရန် ဖိတ်ကြား ခံရပါတော့သည်။ သားတော်မောင် သူငယ်တန်း ကလေး ဆုယူမည့် မူလတန်း ကျောင်းကျဉ်းကျဉ်းလေးသို့ ရောက်သော အခါမှသာ ရင်တွင်း အပူလုံးတို့ ကြွတက် လာတော့သည်။ သားတော်မောင် အနာဂတ် အပါအဝင် သားအရွယ် ကလေးငယ် အားလုံးတို့ အနာဂတ်ကို တွေးပူ မိတော့သည်။ အံ့ဩမိပြန်သည်။ စိုးထိတ်မိလာသည်၊ ဘာကြောင့်လို့ ထင်ပါသလဲ? မူလတန်း ကျောင်းသား စုစုပေါင်း ၄၀၀ ကျော်မျှသာ ရှိသော ထိုကျောင်းကလေး၏ ဆုပေးပွဲတွင် ပေးအပ်မည့် ဆုတံဆိပ်ပေါင်းမှာ ငါးရာကျော် ရှိနေခြင်းနှင့် ကျောင်းဆုပေးပွဲမှာ ဆရာဆရာမတို့ ဂုဏ်တု ဂုဏ်ပြိုင်ပွဲဟု ဆိုရ လောက်အောင်ပင် ရွှေတွေ စိန်တွေ အပြိုင်အဆိုင် ၀တ်ဆင် ပြိုင်ပွဲဝင်နေခြင်းကြောင့် လူဆင်းရဲ ညီတိုးငြိမ်း တို့ မိသားစု နေစရာ နေရာမရှိ ဖြစ်ခဲ့ရခြင်းကြောင့်ပင်။ ပြောရယင် ဩချလောက်သည့် တို့တိုင်း တို့ပြေ။

တွေးကြည့်ပါ ကျောင်းသားက လေးရာ ဆုက ငါးရာ။ ဆုတံဆိပ်တခုရဖို့ ဆုတံဆိပ်ဖိုးကို မိဘထံမှ ခေါင်းစဉ်တပ် အလှူခံသည်။ ဤ ပညာရေး စနစ်မှ ကြီးပြင်းလာသော မြန်မာလူငယ်တို့ ဘယ်သောင် ဘယ်ကမ်း ဆိုက်ကြမည် မသိ။ ဘယ်သူ ဘယ်နိုင်ငံမှာ ဘယ်လို အလုပ်မျိုးလုပ်တဲ့ အလုပ်သမားမျိုး ဖြစ်လာလေမယ် မသိနိုင်တော့ချေ။

ကျောင်းတွေ ဖွင့်ပြန် လေပြီ။

မုတ်သုန်နဲ့ အတူလာသော မိုးဖွဲလေးတွေ ရွာလေပြီ။

ရာသီအမှီ ရောက်လာသော ဖါးလေးတွေ အော်နေကြပြီ။

ဒီနိုင်ငံက ကျောင်းသား မိဘတွေ ရင်ထဲမှာလည်း အကုန်အကျများ၍ အကြွေးထူးသော လ ရာသီမို့ ရင်တွေ ဗလောင်း ဆူနေကြမည်။

အိမ်ရှေ့ လမ်းမပေါ် ကြည့်လိုက်တော့ ကျောင်းစိမ်းတူညီ ၀တ်ဆင်ပြီး ကျောင်းသားလေးတွေ ကားလမ်း ချိုင့်ကို ရှောင် အမြန်မောင်း ဘတ်စ်ကား ပြိုင်ပွဲတွေကို ရှောင်။ ဆိုက်ကား စက်ဘီး ခပ်ကြမ်းကြမ်းတွေကို ရှောင်ပြီး ထီးလေးတွေ လက်မှ ခပ်တင်းတင်း ဆုပ်ကိုင်၍ လေပြင်းပြင်းအဝှေ့ကို ကာရင်း လမ်းထိပ်ဆီမှ ကျောင်းသို့ ဦးဒဟို သွားနေကြသည်။

မိဘတွေလည်း ဘဝဆိုသော လမ်းကြမ်းကြီးဆီမှာ ပြုပြင်ခြင်း အလျဉ်းမဲ့သော ချိုင့်တွေ ခွက်တွေ ကျော်ကာလွှားကာ ဝမ်းမီးတောက်တွေ ငြိမ်းသတ်ဖို့ ကြိုးစားရင်း ရင်နှစ်သည်းခြာများ မျက်နှာပန်းလှဖို့အတွက် နှစ်စ၊ နှစ်လည်၊ နှစ်ဆုံး ထူးချွန်သည်ဟု နာမည် ခဏခဏ တပ်ကာပေးသော ဆုတွေ၊ ဆုတံဆိပ်ဖိုးတွေ နောက် ဂုဏ်မောက်လိုက်ပြီး ဂုဏ်ပြိုင်မည့် ဆရာ၊ ဆရာမများ ရွှေလက်ကောက်ဆင်နိုင်ဖို့ လစဉ် ကျူရှင်ခအဖြစ် သားသမီးဇောနှင့် မိဘတွေ အလုပ်တွေ လုပ်ရ ပေဦးတော့မည်။

အန္တိမ မှာတော့ ….. ခြင်္သေ့ပုံ အစုတ် အနွမ်းအဖတ် စက္ကူများအား ရွံရှာသော်လည်း သားသမီး ရတနာဟူသော ဇောဖြင့် မက်မောစွာ ရယူနိုင်ဖို့ ဒီစာမျက်နှာများကို ကျော်ဖြတ် ကုန်းရုန်းရမည် ဆိုသော အသိကြောင့် လည်မြိုဝ၌ နင်, နေသော သောက အလုံးကြီး တလုံးကြောင့် အနောက်တောင် မုန်သုန်လေ ရန့ံပါသော လေရှု လိုက်တိုင်း ဖါးဖိုလို နှစ်တိုင်း လှိုက်ဖိုနေဦးမည်သာ။

ညီတိုးငြိမ်း

LEAVE A REPLY

Please enter your comment!
Please enter your name here