တိန်အန်မင် ရင်ပြင် နှစ်(၂၀)ပြည့် မတိုင်မီ သတင်း တားဆီးပိတ်ဆို့မှု တရုတ် အစိုးရပြုလုပ်

alt

တရုတ် အစိုးရသည် တိန်အန်မင်ရင်ပြင် လှုပ်ရှားမှုကြီး နှစ်(၂၀)ပြည့် နီးကပ် လာချိန်တွင် နိုင်ငံရပ်ခြားမှ သတင်း ၀ဘ်ဆိုဒ်များနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်သည့် Channel များကို ပိတ်ပင် ထားလိုက်ပြီဟု သိရသည်။

Twitter ၏ Social Networking ၀န်ဆောင်မှုလုပ်ငန်း၊ Microsoft မှ အသစ်ထုတ်လုပ်သော Bing.com အမည်ရှိ Search Engine အပါအဝင် ၀ဘ်ဆိုဒ် ရာပေါင်းများစွာ ပိတ်ပင်ခံရသလို CNN ၏ ရုပ်မြင်သံကြား Channel ကိုလည်း ပိတ်ဆို့ ထားလိုက်သည်။

အဆိုပါ ဖြစ်ရပ်သည် (၁၉၈၉) ခုနှစ်က ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများ ဖြိုခွဲခဲ့သည့် တိန်အန်မင်် လှုပ်ရှားမှုကြီး နှစ်(၂၀) ပြည့်မည့် ဇွန်လ(၄) ရက်နေ့မတိုင်မီ (၂)ရက် အလိုတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံ အတွင်းရှိ မီဒီယာ လုပ်ငန်းများနှင့် အခြားသော အစိုးရဌာန အချို့တို့တွင် ရဲအစောင့် အရှောက်များ ပိုမိုတိုးမြှင့် ချထားလိုက်ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီသည် ပြည်တွင်းရှိ မီဒီယာလုပ်ငန်း အားလုံးကို ယာယီ ထိန်းသိမ်းထားလိုက် ပြန်သည်။

ယခု ပိတ်ပင်ခံထားရသော ၀ဘ်ဆိုဒ်များသည် အမျိုးအစားစုံလင် ကွဲပြားပြီး Twitter၊ Flickr၊ Opera၊ Live၊ WordPress တို့အပြင် Blog ၀ဘ်ဆိုဒ်များ၊ Apply Daily၊ Hong Kong News နှင့် Yahoo တို့ပါ အပါအဝင် ဖြစ်သည်။

တိန်အန်မင် ဒီမိုကရေစီ အရေး လှုပ်ရှားမှုကြီးအတွင်း သေဆုံးသူဦးရေ (၂၀၀) အထိရှိကြောင်း ထိုစဉ်က တရုတ် အစိုးရက ကြေညာခဲ့သော်လည်း ဘေဂျင်းမြို့တော်ရှိ အမေရိကန် သံရုံး ကမူ အာဏာပိုင်တို့၏ အကြမ်းဖက်မှုကြောင့် ဒီမိုကရေစီရေး ဆန္ဒပြသူ (၁၀၀၀) ထက်မနည်း သေဆုံးခဲ့ကြောင်း ခန့်မှန်းခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here