အမေရိကန် အထိ ရောက်နိုင်သည့် ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်ဖွယ်

alt

မြောက် ကိုရီးယားနိုင်ငံ အနေနှင့် အမေရိကန် ပြည်ထောင်စု အထိရောက်အောင် ပစ်ခတ်နိုင်သော တာဝေးပစ် ဒုံးကျည်တစင်းကို စမ်းသပ် ပစ်လွှတ်ရန် ကြံစည်နေသည်ဟု ယုံကြည်ရကြောင်း သတင်းများတွင် ဖော်ပြ နေခဲ့ကြသည်။

ဇွန်လ (၁) ရက်နေ့တွင် ထွက်ပေါ်လာသော သတင်းများအရ မြောက်ကိုရီးယား၏ နောက်ဆုံးပေါ် တာဝေးပစ် ဒုံးကျည်စနစ်သည် တရုတ်နိုင်ငံ အနီး မြောက်ကိုရီးယား အနောက်ဘက် ကမ်းခြေတွင် တည်ရှိပြီး အလက်စကား ထိရောက်အောင် ပစ်လွှတ် နိုင်ဖွယ်ရှိကြောင်း သိရသည်။

လက်နက် အင်အားကြီး ကွန်မြူနစ် နိုင်ငံတော်သည် ကာကွယ်ရေးကို အကြောင်းပြပြီး စစ်ရေးလှုပ်ရှားမှုများ အနောက်ဘက် ကမ်းခြေတွင် အင်အားအပြည့် ဆောင်ရွက်နေသည်။ မေလ (၂၅) ရက်နေ့က မြောက်ကိုရီးယား၏ အနုမြူဗုံး မြေအောက်တွင် စမ်းသပ်ဖောက်ခွဲမှု အောင်မြင်ခဲ့ပြီးနောက် ဂျပန်၊ တောင်ကိုရီးယား နှင့် အမေရိကန် တို့က စိုးရိမ်နေချိန်မှာပင် ယခုကဲ့သို့ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုသတင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တောင် ကိုရီးယားနိုင်ငံ ယွန်ဟပ် သတင်းဌာနက ယခု ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်မည့်နေရာသည် တရုတ်နယ်စပ် နှင့် မိုင်(၄၀) အကွာရှိ ဒါချောင်နီဒေသမှ ဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြပြီး ယခုအခါ မြောက်ကိုရီးယားသည် ဒုံးကျည် အစိတ်အပိုင်းများကို သယ်ယူပို့ဆောင်မှုများ ပြုလုပ်နေပြီဟု တောင်ကိုရီးယား ကလည်း ယုံကြည်နေသည်။

ယွန်ဟပ်၏ အဆိုအရ အဆိုပါ တာဝေးပစ် ဒုံးကျည်သည် သီတင်းတစ်ပါတ် (သို့မဟုတ်) နှစ်ပါတ်အတွင်း စတင ်ပစ်လွှတ်နိုင်ဖွယ် ရှိကြောင်း ခိုင်မာသော စစ်ရေး သတင်းရပ်ကွက်များက ဆိုသည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here