စာနယ်ဇင်းလောက နှင့် အဝါရောင် ဂျာနယ်လစ်ဇင်

အဝါရောင် ဂျာနယ်လစ်ဇင် ဆိုသည် မှာ လူတကာ အားပေး လာစေရန်၊ သတင်းစာ ဆိုလျှင် လည်း မိမိ သတင်းစာအား အဝယ်လိုက် လာစေရန် ပရိသတ် မျက်စိ ကျစေမည့် ခေါင်းကြီးပိုင်းများ၊ သတင်းများ၊ သတင်းဆောင်းပါးများ နှင့် ပုံများ ကိုဝေဝေဆာဆာ ဖော်ပြသော သတင်း ရေးသားသည့် စာနယ်ဇင်း တစ်မျိုး ကို ခေါ်ဆိုသည်။

Yellow journalism ကျင့်သုံးသော သတင်းဌာနတစ်ခု (သို့မဟုတ်)၊ သတင်းစာ (သို့မဟုတ်) သတင်းထောက်များ သည် မိမိတို့တင်ပြသည့် သတင်း အချက်အလက်များကို ချဲ့ကားပြီး ပြောတတ် ကြချေ သည်။ လူတစ် ဘက်သား ထိခိုက် နစ်နာအောင် သွားပုတ် လေလွင့် ပြောတာလည်း ဖြစ်ချင် ဖြစ်မည်။ Professional သတင်း ပုံစံမဟုတ်ဘဲ မိမိ၏ ပုဂ္ဂလိက ခံစားချက်များ ကို အသားပေး၍ ရေးသားသော သတင်းဌာန (သို့မဟုတ်) သတင်းထောက် သည် Yellow journalism ကို ကျင့်သုံး ခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် Yellow journalism ဆိုသည်မှာ သတင်းတစ်ပုဒ် ကို တလွဲတချော် ရေးသားခြင်း၊ လိမ်လည် တင်ပြခြင်း၊ စာဖတ်သူများအား ထင်ယောင်ထင်မှား ဖြစ်စေခြင်း၊ ပုံကြီးချဲ့ရေးခြင်း၊ လူထောက်ခံလာအောင် ရေးသားခြင်း၊ လုပ်ကြံဖန်တီး ရေးသားခြင်း၊ စာဖတ်သူများ စိတ်ဝင်စား လာစေရန် သံယဖြစ်ဖွယ် သတင်းများ၊ သာမန် သတင်းများကို အရေးကြီး သယောင် ရေးသားခြင်းများ ကို ခေါ်သည်။

၁၉၀၀ ပြည့်နှစ်ခန့်က New York Journal ကိုလည်း အထက်ဖော် ပြပါကဲ့သို့ သတင်းများကို တင်ပြခဲ့သဖြင့် Yellow journalism ဟူသော အသုံးအနှုန်းကို သုံးကာ ဝေဖန် တိုက်ခိုက် ခဲ့ ကြသည်။ တစ်ဆက်တည်း အနေ နှင့် ယနေ့ ခေတ်တွင်လည်း သတင်းကျင့်ဝတ်၊ ကျင့်ထုံး နှင့် မညီသော၊ သတင်းစာများ၊ သတင်းသမားများ ကို နိုင်ငံရေးအရ ဘက်လိုက် ရေးသား (political bias) သော Yellow newspaper, Yellow news agencies နှင့် Yellow journalist များအဖြစ် အပြစ်တင် ကဲ့ရဲမှုများ ရှိလာသည်။ များသော အားဖြင့် Yellow journalism ကို ကျင့်သုံးသော သတင်းများ သည် ဖြစ်ရပ် များအား လိုသည်ထက်ပိုပြီး လုပ်ကြံ ဖန်တီးရေး သားထားသော သတင်းများ သာ ဖြစ်သည်။

၀ါရှင်တန် ဒီစီရှိ အမေရိကန်တက္ကသိုလ် ဆက်သွယ်ရေးကျောင်း (School of Communication, American University) မှ တွဲဖက်ပါမောက္ခ W. Josehp Campbell က ၂၀၀၁ ခုနှစ်တွင် Yellow journalism ဟူသော စာအုပ်ကို ရေးသားထုတ် ဝေခဲ့သည်။ ထို စာအုပ်သည် သူ၏ ဒုတိယမြောက် ရေးသားသော စာအုပ်ဖြစ်ပြီး၊ Yellow journalism ကို ကျင့်သုံးသော သတင်းစာများနှင့် ပတ်သက်၍ သတင်းစာမျက်နှာဖုံး များနှင့် ခေါင်းကြီးပိုင်းတို့တွင် ကော်လံများ လိုသည် ထက် ပိုခွဲကာ သတင်းခေါင်းစဉ်များ ကို ဝေဝေဆာဆာ ဖော်ပြသော သတင်းစာများ၊ ဥပမာ – အားကစား သတင်း၊ သူများ အတင်းအဖျင်း များကို စာလုံးကြီးများ ဖြင့် (ကာလာများဖြင့်) ဝေဝေဆာဆာ ဖော်ပြသော သတင်းစာများ၊ သတင်း အရင်းအမြစ် (News source) ကို တိတိကျကျ မဖော်ပြနိုင်သော သတင်းများ နှင့် ကိုယ့်သတင်းဌာန၊ သတင်းစာစောင်ကို လူကြိုက် များလာစေရန် အရှက်မရှိ ပြောင်ပြောင် တင်းတင်း ရေးရဲသော သတင်းစာ၊ သတင်းထောက်၊ သတင်းဌာနများသည် Yellow journalism ကို ကျင့်သုံးခြင်း ဖြစ်သည် ဟု ရေးသား ထားသည်။

W. Joseph Campbell

ရေးသားခဲ့သော စာအုပ်များမှာ – Yellow Journalism: Puncturing the Myths, Defining Legacies, Spanish-American War : American Wars and the Media in Primary Documents, The Year That Defined American Journalism, The Emergent Independent Press in Benin and Cote d’Ivoire : From Voice of the State to Advocate of Democracy တို့ ဖြစ်သည်။

ဂျိုးဇက် ကမ်ပ်ဘဲလ် သည် အမေရိကန် တက္ကသိုလ်တွင် စတင်အလုပ်လုပ်ခဲ့သော ၁၉၉၇ ခုနှစ် ကတည်းကပင် စာအုပ်ပေါင်း လေးအုပ်ကို ရေးသားခဲ့ပြီးဖြစ်သည်။ Campbell ၏ မကြာသေးမီက မှ ထုတ်ဝေခဲ့သော The Year That Defined American Journalism: 1997 and the Clash of Paradigms (Routledge, 2006) ကို သတင်းစာ ပညာသင်တန်းတွင် သင်ရိုးစာအုပ် အဖြစ် အသုံးပြုခဲ့သည်။ ထိုစာအုပ်သည် သတင်းစာပညာရေး နှင့် လူထု ဆက်သွယ်ရေး အစည်းအရုံး (AEJMC) က ချီးမြှင့်သော Tankard Book Award, 2007 တွင် နောက်ဆုံး ဆန်ကာတင် အဆင့် အထိ ရွေးချယ်ခြင်း ခံခဲ့ရသည်။ ဂျိုးဇက် ကမ်ပ်ဘဲလ် သည် မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်မှ ဒေါက်တာဘွဲ့ကို လူထုဆက်သွယ် ရေး အထူးပြု ဘာသာရပ်ဖြင့် ၁၉၉၇ ခုနှစ်တွင် ရရှိခဲ့သည်။ Frank Luther Mott (1941) ကမူ Yellow journalism ကို အစိတ်အပိုင်း ငါးပိုင်း ဖြင့် ရှင်းလင်း တင်ပြခဲ့သည်။

  • ၁။ သာမန် သတင်းတစ်ပုဒ်ကို ထိတ်လန့်တုန်လှုပ်စရာ ဖြစ်စေသည့် ခေါင်းစဉ်များတပ်ကာ ဖော်ပြခြင်း၊
  • ၂။ သတင်းများတွင် ဓာတ်ပုံများကို ဗုံးပေါလအော သုံးခြင်း (သို့မဟုတ်) စိတ်ကူးယဉ် ပုံများဆွဲ၍ တင်ပြခြင်း၊
  • ၃။ အင်တာဗျူး အတုအယောင် (faked interviews) များကို ဖော်ပြခြင်း၊ အောက်တွင်တင်ပြထားသော အကြောင်းအရာ နှင့် ပေးထားသော ခေါင်းစဉ် ကိုက်ညီမှုမရှိခြင်း၊ သတင်းexpert’s ဆိုသူများထံမှ အချို့ အမှားများကို သင်ယူပြီး လက်စွမ်းပြခြင်း၊
  • ၄။ တနင်္ဂနွေ အထူးကဏ္ဍ ဟူသော ကာလာစုံ သတင်းကဏ္ဍကို အလေးပေးဖော်ပြခြင်း (များသောအားဖြင့် ဟာသကဏ္ဍ များတွင်ဖြစ်ပြီး၊ ယခုအခါ အမေရိကန်နိုင်ငံ သတင်းစာများတွင် ထိုကဏ္ဍကို သာမန်ကဏ္ဍ တစ်ခု အဖြစ် ဖော်ပြကြသည်။)
  • ၅။ သတင်းတစ်ပုဒ်ကို သနားစရာ ဇာတ်လမ်းပုံစံမျိုးဖြစ်အောင် လုပ်ကြံ ဖန်တီးရေးသားခြင်း။

Frank Luther Mott သည် အမေရိကန် သမိုင်းပညာရှင် နှင့် သတင်းထောက်တစ်ဦးဖြစ်သည်။ သူသည် အိုင်အိုဝါ၊ အင်ဒီယာနိုလာရှိ ဆင်ပ်စွန် ကောလိပ်တွင် အင်္ဂလိပ်စာ သင်ကြားခဲ့ပြီး အိုင်အိုဝါတက္ကသိုလ် (UI) ၏ သတင်းစာပညာ ဋ္ဌာနတွင် ဋ္ဌာနမှူးအဖြစ် အနှစ် (၂၀) ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၉၄၂ ခုနှစ်တွင် မစ်ဇူရီ တက္ကသိုလ် (MU) ၏ သတင်းစာ ပညာကျောင်းတွင် ဋ္ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

Photojournalism ဟူသော စကားလုံးအသစ်ကို ၁၉၂၄ ခုနှစ်တွင် တည်ထွင်ပြီးနောက်ပိုင်း၊ Mott ၏ အရှိန်အဝှာသည် သတင်းဓာတ်ပုံပညာ ဖွံ့ဖြိုးတိုးတက်ရေး လောကတွင် လွှမ်းမိုး ခဲ့သည်။ ပထမဦးဆုံး သတင်း ဓာတ်ပုံပညာသင်တန်းကို အိုင်အိုဝါ တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်နေစဉ် သင်ကြားပို့ချခဲ့သည်။ သူရေးသားခဲ့သည့် A History of American magazines စာအုပ်သည် ၁၉၃၉ ခုနှစ်က Pulitzer Prize for History ဆုချီးမြင့်ခြင်း ခံခဲ့ရပြီး၊ ထိုစာအုပ် စတုတ္ထတွဲ သည် လည်း ၁၉၅၈ ခုနှစ်တွင် Bancroft ဆု ချီးမြှင့် ခြင်း ခံခဲ့ ရသည်။

ထို့ပြင် သတင်းသမားတစ်ယောက် အနေဖြင့် သတင်းကို မျှမျှတတ ဖြစ်စေရန် မည်သို့ ရေးသားသင့်သည်ကို The Indochina Media Memorial Foundation (IMMF) အတွက် Peter Eng နှင့် Jeff Hodson တို့ ရေးသား ပြုစုပြီး ထင်အောင်ကျော် ဘာသာပြန်ထားသည့် “သတင်းလိုက်ခြင်း နှင့် သတင်းရေးသားခြင်း အခြေခံလက်စွဲ” စာအုပ် စာမျက်နှာ ၃၂ တွင် ဖော်ပြထားသည်မှာ

သတင်းတစ်ပုဒ် မှာ ဘက်အမြင် တစ်ခု မက ရှိတယ်ဆိုတာ သတင်းထောက်တိုင်း သိပါတယ်။ ဒါကြောင့်ပဲ သူတို့ သတင်းတွေ အတွက် သတင်းအရင်းအမြစ် အများကြီး ဆီကနေ သတင်း ရယူ ကြတာပေါ့။ ဒါမျိုးက အထူး သဖြင့် လူတွေရဲ့ အမြင်တွေ အမျိုးမျိုးကွဲပြားနေတဲ့ နိုင်ငံရေး နဲ့ လူမှုရေးလို ကိစ္စမျိုးတွေ၊ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ၊ ဒါမှမဟုတ် တခြား ဖြစ်ရပ် အကြောင်း တွေကို ရေးရ တဲ့အခါ ပိုပြီး အရေးကြီး ပါတယ်။

ကိစ္စတစ်ရပ်ကို ကိုယ့်သတင်းထဲမှာ ဘက်နှစ်ဖက်အမြင်ကို ထည့်ရေးထားတယ်ဆိုရင် ဒါဟာ မျှတမှုရှိတယ်ပေါ့။ ကိုယ့်သတင်းက တစ်ဖက်ဖက်ကို ဘက်လိုက်တာမျိုးလည်း မရှိဘူးဆိုရင် ဒါဟာ ဘက်လိုက်မှုကင်းတယ်လို့ ဆိုရမယ်ပေါ့။

ဒီလိုဆိုလိုက်လို့ အကြောင်းအရာတစ်ခုအပေါ် ဘက်နှစ်ဖက်ရဲ့ ပြောဆိုချက်နဲ့ အမြင်တွေကို ညီတူမျှတူ နေရာပေး ရေးသား ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ အမြင်ကွဲပြားမှု အကြောင်းကိုတော့ ကိုယ်က ရည်ညွှန်းဖော်ပြရပါမယ်။ ရွေးကောက်ပွဲ၊ မဲဆွယ်ပွဲ သတင်းတစ်ပုဒ်မှာ အဓိက နိုင်ငံရေးပါတီတွေအားလုံးရဲ့ အမြင်တွေ မပါဘူးဆိုရင် အဲဒီသတင်းက မျှတမှု ရှိမှာ မဟုတ်ဘူး။

တစ်ယောက်ယောက် အပေါ်မှာ ပြင်းပြင်းထန်ထန် စွပ်စွဲ ထားတယ် ဆိုရင် ကိုယ်က အဲဒီ လူဆီက တုံ့ပြန် ပြောဆိုချက်ကိုပါ ရအောင် ယူရပါမယ်။ သူ့ကိုယ်သူ ကာကွယ်ခွင့်ကို ကိုယ်က ပေးရပါမယ်။

အစိုးရ၊ ဒါမှ မဟုတ် နိုင်ငံရေးပါတီများက ပိုင်ဆိုင်ထားတဲ့ သတင်းဌာနများ ဟာ လည်း မျှမျှတတ သတင်း ရေးသင့် ကြပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ၀ါဒ ဖြန့်ချိနေတာ တွေလို့ဘဲ စာဖတ် ပရိသတ်က ယူဆ သွားလိမ့်မယ်။ သတင်းတွေမှာ ယုတ်စွအဆုံး၊ သတင်းရဲ့ အဆုံးမှာ ဘဲဖြစ်ဖြစ် အမြင် ကွဲပြားမှုအကြောင်းအရာ တချို့ကို ရည်ညွှန်း ဖော်ပြပေးတယ်ဆိုရင် အဲဒီ သတင်းတွေ ဟာ ပိုပြီးတော့ အားရှိပါမယ်

အထက်ဖော်ပြပါ စာပိုဒ်ကိုကြည့်မည်ဆိုလျှင် သတင်းဋ္ဌာန၊ သတင်းသမား တစ်ယောက်၏ ကျင့်ဝတ် နှင့် သတင်းတစ်ပုဒ်၏ အင်္ဂါရပ်များကို ရှုမြင်သုံးသပ်နိုင်ပါသည်။ သတင်း ဖတ်သူများ က လည်း ထိုအချက်အလက်များ အပေါ်ကို အခြေခံကာ ဝေဖန် သုံးသပ်သင့်သည်ဟု ထင်မြင် မိပါသည်။

Yellow Journalist, Yellow News agencies, Yellow Journal များမှာ ယနေ့ခေတ်တွင် နိုင်ငံတကာ အပါအဝင် ပြည်တွင်းပြည်ပရှိ ဗမာ စာနယ်ဇင်းလောကတွင်လည်း ရှိပါသည်။ ယနေ့ခေတ်တွင် ဖွ့ံဖြိုးတိုးတက်ပြီး နိုင်ငံများမှ Yellow journalism အသွင်သဏ္ဍာန်ဖြင့် ထုတ်ဝေနေသော သတင်းစာ၊ ဂျာနယ်များမှာ ပုံများ ဝေဝေဆာဆာဖော်ပြကာ အနီရောင် မျက်နှာဖုံုးဖြင့် ထုတ်ဝေသော လူကြိုက်များသည့် British Journal၊ ထူးခြားထင်ရှားသည့် The Sun သတင်းစာ၊ ဩစတေးလျ နိုင်ငံထုတ် The Daily Telegraph နှင့် ဂျာမန် “Springer” သတင်းစာတို့ ဖြစ်သည်။

ပြည်တွင်းမှ Yellow journalism ကို ကျင့်သုံးသော စာနယ်ဇင်းများမှာ တစ်ဖက်သက် ၀ါဒ ဖြန့်ချိနေသော စစ်အစိုးရပိုင် မြန်မာ့အလင်း၊ ကြေးမုံ နှင့် စစ်အစိုးရ အလိုကျ ရေးသားပေးနေသော ဂျာနယ်များ အားလုံး ဖြစ်ပြီး၊ ပြည်ပတွင်မူ ရည်ရွယ်ချက် တူသော်လည်း မူဝါဒ မတူညီရုံ ဖြင့် အချင်းချင်း ပုဂ္ဂိုလ်ရေး အရ စော်ကား တိုက်ခိုက်နေသော သတင်း ဋ္ဌာနများ၊ မိမိ၀ိတ် (အင်အား) နှင့် အရှိန်အဝါ ကို သုံး၍ တစ်ဖက်သား နစ်နာစေရန် ဝေဖန် တိုက်ခိုက်သည့် သတင်းဋ္ဌာနများ၊ စစ်အစိုးရအား တိုက်ခိုက် ရလျှင်ပြီးရော သဘောဖြင့် ကိုယ့်စိတ်ခံစားချက် ကို အသားပေး၊ ဇောင်းတင်ပြီး ရေးသည့် သတင်းဋ္ဌာနများပင် ဖြစ်သည်။ ထို သတင်းဋ္ဌာနများ က အဆိုပါကဲ့သို့ သတင်းများအား ရေးသား ကြေငြာခဲ့သည် ရှိသော် ထိုသတင်းများမှာ အဝါရောင် သတင်းများ (Yellow news) သာဖြစ်သည်။

ထိုကဲ့သို့ ရေးသားလိုက်၍ မုန်းကြမည်ဆိုလျှင်လည်း အပြံုးမပျက်၊ အမုန်းခံပါမည်။ အပြုသဘောဖြင့် ဝေဖန်သည်သာ ဖြစ်ပါသည်။ ငယ်စဉ်က ကျနော့် အင်္ဂလိပ်စာ ဆရာ ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ပြန်လည် မျှဝေချင်ပါသည်။ တစ်ရက်တွင် ဆရာက ထပ်ကာထပ်ကာ အသေအချာ မှာပါလျှက်နှင့် အက်ဆေး တစ်ပုဒ်တွင် ရှစ်တန်း ကျောင်းသား တစ်ယောက် မမှားသင့် သည့် အမှားမျိုး ကို မှားကြသဖြင့် အတန်းထဲ တွင် အဆူခံ ကြ ရပါသည်။ ဆရာက

အေး….ဘယ်သူတွေ မှားတယ်ဆိုတာတော့ နာမည် တပ်ပြီး ပြော မနေတော့ဘူး။ ငါမမှားဘဲ နဲ့ ငါ့ ကို ပြော နေတာ များလား မသိဘူး ဆိုပြီး လည်း မှန်တဲ့ သူတွေ က မလုံမလဲ ဖြစ်မနေ ကြနဲ့။ မှားတဲ့ အထဲမှာ ငါ ပါနေရင် ငါ့ကို ပြောတယ်လို့မှတ်

ဟု ဆရာ ပြောခဲ့သည်ကို ပြန်ပြီး သတိရ နေပါသည်။

ကျနော် ကိုယ်တိုင်လည်း သတင်းထောက် စစ်စစ် တစ်ယောက်တော့ မဟုတ်ပါ။ သို့သော် မိမိ ကိုယ်တိုင် သည် သတင်း ရင်းမြစ်များများ ရနိုင်သည့် နေရာတွင် ရှိနေခြင်း၊ သတင်းထောက် တစ်ယောက် ဖြစ်ရန် စိတ်ကူး မထားသော်လည်း မိမိသိရှိ နေသည့် သတင်းများကို မိမိ သိရှိလိုက်သော အချိန်နှင့်တစ်ပြေးညီ အများအား သိရှိစေလိုသော ဆန္ဒဖြင့် ပြန်လည်မျှဝေ လိုသော ဆန္ဒရှိခြင်း၊ စာရေးရသည်ကိုလည်း ၀ါသနာပါခြင်း စသည့် အခြေအနေများကြောင့် သတင်းများကို ရေးသား ဖြစ်ပါသည်။ သို့သော် သတင်းထောက် တစ်ယောက် မဟုတ်သည့် တိုင်၊ သတင်းများကို အခမဲ့ ဖြန့်ဝေ ပေးနေသည့် volunteer သတင်းသမား သို့မဟုတ် citizen journalist ဟု ပြောလို့ ရနိုင်သည့် စာရင်းထဲတွင် ထည့်လျှင်တော့ ရချင်ရမည်။ ထို့ကြောင့် သတင်းရေး နည်းစာအုပ်များ၊ ဘာသာပြန် သတင်းသမားများ လက်စွဲစာအုပ်များ စသည့် ကိုယ်နှင့် လက်လှမ်း မီရာ စာအုပ်များ ကိုတော့ ဖတ်ဖြစ်ပါသည်။

စစ်အစိုးရ နှင့် အတိုက်အခံ စာနယ်ဇင်းများ ဆိုသည် မှာလည်း တစ်နည်းအားဖြင့်တော့ ဗမာပြည် ဒီမိုကရေစီ အရေးအတွက် တစ်စိတ်တစ်ပိုင်း မှ ပါ၀င်နေသည်ဟု ဆိုလျှင်လည်း မမှားပါ။ အားလုံး က နည်းအမျိုးမျိုး နှင့် ပါ၀င် တိုက်ပွဲဝင် နေကြသည်သာ ဖြစ်သည်။ တိုက်ပွဲတွင် အဓိက အကျဆုံးမှာ ပြည်တွင်းရှိ အတိုက်အခံ အဖွဲ့အစည်းများ နှင့် ပြည်သူ လူထုသာ ဖြစ်ပါသည်။ ထိုသူများ၏ လှုပ်ရှားဆောင်ရွက်မှုများကို ပြည်ပရှိ အတိုက်အခံ သတင်းဋ္ဌာနများ၊ ဘလော့ဂါများ နှင့် အခြား တစ်နည်းနည်း ဖြင့် သတင်း ဖြန့်ဝေ ပေးနေသူများက ပြည်တွင်း ဖြစ်စဉ်များကို ပြည်တွင်း ပြည်ပရှိ မြန်မာ ပြည်သူလူထု အပါအဝင်၊ နိုင်ငံတကာ က မြန်မာ့အရေး ကို သိရှိပြီး၊ ပူပေါင်း ဆောင်ရွက် လာစေရန် လုပ်ပေး နေကြသည် ဖြစ်သည်။ သို့သော် ထိုသို့ လုပ်ရင်း နှင့်ပင် အချို့ သတင်းများမှာ အဝါရောင် အဆင့်သို့ ရောက်ရောက် သွားတတ်ကြသည်။

ကျနော် မှတ်မိနေသေးသည့် အဝါရောင် သတင်းများကို ပြန်လည် တင်ပြရမည် ဆိုလျှင် ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေး အခင်းကာလက ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူ ကိုထင်ကျော် နှင့် သတင်းဋ္ဌာန တစ်ခုက ဆက်သွယ်မေး မြန်းထားသော သတင်းတစ်ပုဒ် (ထိုသတင်း တင်ပြပြီးနောက် ရက်အနည်းငယ် တွင် ကိုထင်ကျော် အဖမ်း ခံခဲ့ရသည်)၊ ရိုဟင်ဂျာ ကိစ္စတွင် လူအခွင့်အရေး ရှုထောင့်မှ တင်ပြပြီး၊ စစ်အစိုးရ ကိုလည်း တိုက်ရင်း၊ ရိုဟင်ဂျာများ ဘက်ကိုလည်း ဇောင်းပေးရေးသားရင်း၊ တိုင်းရင်းသား တစ်စုအား လူမျိုးရေးအရ ထိခိုက် စော်ကား သလို ဖြစ်သွားစေသည့် သတင်းတစ်ပုဒ်၊ ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရသော ကိစ္စနှင့် ပတ်သက်၍ သတင်းဋ္ဌာန အချို့ က သတင်းဝဘ်ဆိုဒ် တစ်ခုအား စွပ်စွဲတိုက် ခိုက်ခဲ့သော သတင်း၊ ဒေါ်အောင်ဆန်းစုကြည် အား ကူညီ စောင့်ရှောက်ပေးနေသူ ဒေါ်ခင်ခင်ဝင်း နှင့် သမီးဖြစ်သူ မဝင်းမမ တို့ အား အိမ်ဖေါ်ဟု သုံးစွဲပြီး သက်ဆိုင်သူတို့အား ထိခိုက် နစ်နာစေ ခဲ့သောသတင်းများ စသည် တို့ဖြစ်သည်။ နောက်တစ်ခု ကျန်ပါ သေးသည်။

ဒေါ်အောင်ဆန်းစုကြည် က ဗိုလ်ချုပ် သန်းရွှေ အား စာရေးသည့် ပုံစံဖြင့် ရေးထားသော စာကို သတင်းဋ္ဌာန တစ်ခုက ဖော်ပြပေးသော သရော်စာ ဖြစ်သည်။ ထိုသရော်စာမှာ သာမန် အခြေအနေတွင် ဆိုလျှင် ဖတ်၍ ကောင်းပါမည်။ သရော်သည်၊ နောက်သည်၊ ပြောင်သည် ဆိုသည်မှာ အခြေအနေ နှင့် အချိန်အခါကို ကြည့်ရပါသည်။ ထို သရော်စာကို ဖတ်ရသည်မှာ အသုဘအိမ် တွင်သွားပြီး ပြက်လုံး ထုတ်နေသည်နှင့် တူပါသည်။ ယခုတော့ အဆိုပါ သတင်းများ၊ သရော်စာများသည် စစ်အစိုးရ ကို မဟုတ်ဘဲ အရေးခံရသော ကာယကံရှင်များ ကို ထိခိုက်နစ် နာစေခဲ့သော သတင်းများ ဖြစ်သဖြင့် အဝါရောင် အဆင့်ရှိသတင်း (Yellow news) များ ဖြစ်သည်။ ထို သတင်းများကြောင့် မြန်မာ့အရေး ကို ပြည်ပ သတင်းဋ္ဌာန များအား အားကိုးပြီး ဖတ်ရှုနေကြရသော ပြည်ပမှ မြန်မာများအကြား ထိုသတင်းများ တင်ပြခဲ့သည့် သတင်းဋ္ဌာနများ အပေါ်ပြစ်တင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ပရိသတ်ထံမှ “မျက်နှာမရ၊ လက်ဝါးရ” ဟူ သော စကားအတိုင်း ဖြစ်ခဲ့သည်။

ယခု ခေတ်တွင် သတင်းနှင့် နည်းပညာ ကဏ္ဍသည် အရှိန်အဟုန်ဖြင့် တိုးတက် လာသည်မျှ၊ ပြည်သူလူထု ၏ အသိပညာ၊ ဗဟုသုတ သည်လည်း တိုးတက်လာကာ မျက်စိပွင့်၊ နားပွင့် ရှိနေ ကြပြီ ဖြစ်သည်။ ပြည်တွင်း ပြည်ပ မှ မြန်မာ ပြည်သူလူထု သည် သတင်း နှင့် နည်းပညာ ကျေးဇူးကြောင့် စစ်အစိုးရ အတိုက်အခံ သတင်းဋ္ဌာနများ မှ တင်ပြသော သတင်းများ ကိုပါ စိတ်ဝင်တစား ဖတ်ရှုနိုင်ကြပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာတိုင် စစ်အစိုးရ ၏ တစ်ဘက်စောင်းနင်း ရေးသားသော ၀ါဒ ဖြန့်ချိရေး သတင်းများကိုသာ ဖတ်ရှုခဲ့ကြ၊ ယုံစားမိခဲ့ ကြသည့် အတွက် ဒုက္ခ ရောက်ခဲ့ကြသည် ကိုလည်း ပြည်သူလူထုက ကောင်းကောင်း သိမြင် နားလည် နေကြပြီ။ ထို့ကြောင့် ပြည်သူလူထု အနေဖြင့် သတင်းတစ်ပုဒ် သည်၊ ဟုတ်၏၊ မဟုတ်၏၊ မှန်၏၊ မမှန်၏၊ ခိုင်လုံမှုရှိ၏၊ မရှိ၏ စသည်ကိုလည်း ကောင်းစွာရှုမြင် သုံးသပ်နိုင်ကြသော ကာလသို့ ရောက်နေပြီ ဆိုသည်ကို ကျနော် အပါအဝင် သတင်းရေးသူများ အားလုံး သိရှိကြရန် လိုအပ်ပါသည်။

သတင်းတစ်ပုဒ် သည် မျှတမှု (Balance and fairness) နှင့် ဓမ္မဓိဋ္ဌာန်ကျမှု (Objectivity) ရှိရန် လိုအပ် ပေသည်။ ကိုယ်သည် နာမည်ကြီး ဘလော့ဂါ တစ်ယောက် (သို့မဟုတ်) သတင်းထောက် တစ်ယောက်ဖြစ် ၍ (သို့မဟုတ်) ကိုယ့် သတင်းဋ္ဌာန သည် နာမည်ကြီး သတင်းဋ္ဌာန တစ်ခုဖြစ်၍ ကိုယ်ရေးသမျှ သတင်းတိုင်းကို ပြည်သူများ အမြဲစိတ်ဝင် စားနေမည်ဟု ပုံသေ မမှတ်ယူသင့်ပါ။ ပြည်သူ အားကိုးရသော သတင်းသမား (သို့) သတင်းထောက် တစ်ယောက်၊ ပြည်သူ အားထားရသော သတင်းဋ္ဌာန တစ်ခု ဖြစ်ရန်လိုပါသည်။

မည်သူမှ မမြဲတမ်း မမှားကြသလို၊ အမြဲတမ်းလည်း မမှန်နိုင်ပါ။ တစ်ခါတရံ သတင်းသမား တစ်ယောက်အနေနှင့် သတင်း ရင်းမြစ်နောက်သို့ သဲကြီးမဲကြီး လိုက်ရင်း မိမိ၏ သတင်းရင်းမြစ်မှာ မိမိကြောင့် ဓားစာခံ ဖြစ်သွားတတ်သည်။ မိမိသည် ထိုသတင်း အား တင်ပြနိုင်လျှင် အကျိုးအမြတ် မည်ရွှေ့မည်မျှ ရလိမ့်မည် ဖြစ်လင့်ကစား ထိုသတင်း ကြောင့် တစ်ဖက်သား နစ်နာသွား မည်ဆိုလျှင် ရေးဖို့ကို အတော်ကို ချင့်ချိန်ပြီး စဉ်းစားရပါမည်။ ထိုအချက် နှင့် ပက်သက်ပြီး IMMF မှ Peter Eng နှင့် Jeff Hosdon တို့က စာမျက်နှာ ၁၄၄ တွင် တင်ပြ ထားသည် မှာ

“ကိုယ့် သတင်းရင်းမြစ်ကို လေးစားပါ – ကိုယ်က ပြည်သူလူထု အပေါ်မှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး။ ကိုယ့် သတင်းရင်းမြစ်တွေ အပေါ်မှာလည်း တာဝန် ရှိပါတယ်။ ဥပမာ – သတင်းရင်းမြစ် တစ်ယောက် က အခြေအနေ တစ်ရပ် နဲ့ ပတ်သက်ပြီး အသိမခံတဲ့ သတင်းတစ်ခု ပေးတယ်ဆိုရင် ကိုယ်က သူ့နာမည်ကို မဖော်ပြပါဘူးဆိုတဲ့ ကတိတည် ရပါမယ်။ အဲဒီ သတင်းရင်းမြစ် ရဲ့ နာမည်ကို ကိုယ့် သတင်းထဲမှာ သော်လည်းကောင်း၊ အခြား တစ်နည်းနည်း နဲ့ သော်လည်းကောင်း ဖော်ပြတာမျိုး မလုပ်ရပါဘူး။ ဖော်ပြ မိတယ်ဆိုရင် အဲဒီ လူရဲ့ ဘဝမှာ၊ ဒါမှဟုတ် အလုပ်မှာ ထိခိုက် နစ်နာတာမျိုးတွေ ဖြစ်တတ်ရုံမက တစ်ခါတလေ မှာ အသက်အန္တရာယ် ဖြစ်တာမျိုး အထိတောင် ရှိနိုင်ပါ တယ်”

ဟု ဖော်ပြထားသည်။

ကျနော် Aljazeera သတင်းဌာန တွင် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး documentary ကို ဘာသာ သွားပြန်ပေး စဉ်က အတွေ့အကြံု တစ်ခုကို မျှဝေချင်ပါသည်။ ထိုနေ့သည် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက် နေ့ ဖြစ်သည်။ Aljazeera သတင်းထောက် Tony Birtley က ရန်ကုန်တွင် သူ ရိုက်ခဲ့သည့်သတင်းများ ထဲတွင် မြန်မာ စကားပြောများလည်း ပါသဖြင့် ထိုစကားများ ကို အင်္ဂလိပ်လို ဘာသာပြန် ပေးနိုင်ရန် သူ digitize လုပ်ထားသည့် အခွေကို ဖွင့်ပြသည်။ ထိုအခွေကို တည်းဖြတ်သောအခါ ဟာနာ ဆိုသော နယူးဇီလန်သူ တစ်ယောက်လည်း ပါသည်။ ကျနော် က အခွေထဲ မှ ဆန္ဒပြသူများ၏ ပြောစကားများ ကို word ပေါ်တွင် ချရေးသည်။ ထိုစကားများ ကို သတင်းထဲတွင် စာတမ်းထိုးသည့်အခါ အသုံးပြုခဲ့သည်။ အချို့နေရာများ တွင် စာတမ်းအစား မြန်မာစကားပြောများ နေရာတွင် အင်္ဂလိပ် အသံထပ် ကာ အသံသွင်း သည်။ ထိုစဉ်က ဆန္ဒပြသူများထဲမှ တိုနီ ၏ ကင်မရာအရှေ့ တွင် စကားပြောခဲ့သူအချို့ ၏ မျက်နှာများကို spot လုပ် ကာပေးကြသည်။ ပြည်တွင်းမှ သတင်းရင်းမြစ်များ ၏ လုံခြံုရေးအတွက် ဖြစ်သည်။ ထိုသတင်းကို မလေးရှားစံတော်ချိန် ည ၉ နာရီခွဲတွင် လွှင့်သောအခါ တိုနီ အပါအဝင် ကျနော်နှင့်အတူ ထိုသတင်းကို တည်းဖြတ်ကြသည့် အဖြူကောင် တစ်ယောက် နှင့် ဟာနာ တို့ ကင်မရာ နောက်ကွယ် မှ စိတ်ဝင်တစား ကြည့်ကြသည်။ သတင်း တစ်နေရာ အရောက် တွင် ကင်မရာအရှေ့တွင် စကားပြောနေသာ သံဃာတော်တစ်ပါး ၏ မျက်နှာကို spot မခံဘဲ ဒီအတိုင်း လွှတ်ပေး လိုက်မိသဖြင့် ဟာနာ မှာ ထိုနေရာတွင် ပင် ထိုအမှား အတွက် ၀မ်းနည်းကာ အသံမထွက်ဘဲ ငိုနေတော့သည်။ ကျနော် က

“အင်း…ငါတို့ တည်းဖြတ်ဖို့ အချိန်သိပ် မရလိုက်လို့ ဒီလို ဖြစ်သွားတာ၊ ဒီသတင်းကို နောက်တစ်နာရီ မှာ second round ထပ်လွှင့်ရင် အခုလိုမဖြစ်အောင် ငါတို့ပြန်လုပ်ကြမယ်”

ဟုဆိုကာ ကျနော်တို့ ထိုအခွေကို ပြန်ပြီး စေ့စေ့စပ်စပ် ပြန်ကြည့် ကြသည်။ ဤအဖြစ်အပျက်မှ ကျနော် ရလိုက်သော သင်ခန်းစာမှာ ကမ္ဘာ့သတင်းဋ္ဌာန တစ်ခု အနေဖြင့် သတင်းရင်းမြစ် တစ်ခု၏ လုံခြံုရေး ကို မည်မျှ တန်ဖိုးထား သည် ဆိုတာပဲ ဖြစ်ပါသည်။ နောက်အခေါက်များတွင် Aljazeera studio သို့ သွားသည့်အခါများ တွင် ထိုကိစ္စကို ကျနော် ပိုအလေးပေးပြီး သတိထား ၍ လုပ်ခဲ့သည်။

ယခု ကျနော် နေထိုင်သည့် နေရာမှ တစ်နာရီခန့် ကားမောင်း ရသည့်နေရာတွင် ထန်းလမုဆိုသည့် ရွာရှိသည်။ ထိုရွာတွင် ထိုင်းငါးဖမ်း လှေပိုင်ရှင် သူဋ္ဌေးက မြန်မာ အလုပ်သမား ၁၀ ဦးကို ပင်လယ်ထဲရှိ ငါးဖမ်းစက်လှေ တွင် တစ်နှစ် ခန့်ခိုင်းပြီးသော် လုပ်အားခ မပေးဘဲ ထန်းလမုရွာတွင် လာပြီး ပစ်ထား ခဲ့သည်။ ထိုအလုပ်သမားများမှာ ထိုကိစ္စကို လုပ်ခ မရသည့် အမှုဖြင့် တရားစွဲချင် သည်။ ငါးဖမ်းစက်လှေပိုင်ရှင် သူဋ္ဌေးနှင့် ထန်းလမုရွာလူကြီးမှာ ရင်းနှီး ကြသည်။ ထန်းလမုရွာ ရှိ ရွာလူကြီး ကိုယ်တိုင်က လူမိုက်ဂိုဏ်းများ နှင့် ပတ်သက်မှုများ ရှိနေသည်။

ထိုကိစ္စသည် big issue ဖြစ်၍ တင်ပြပုံ ကောင်းကောင်း၊ အရေးအသား ကောင်းကောင်း ဖြင့်ရေးလျှင် သတင်းကောင်းတစ်ပုဒ် ဖြစ်မည်မှာ သေချာသည်။ ထိုသတင်းကြောင့် ကိုယ့်နာမည် ကြီးလျှင်လည်း ကြီးသွားမည်။ သို့သော် သတင်းအရင်း အမြစ်များရှိသည့် နေရာသည် သူတို့အဖို့ အန္တရာယ်များ သကဲ့သို့၊ ကိုယ်သွားလျှင်လည်း ကိုယ့်လုံခြံုရေး အတွက် စိုးရိမ် ရသည့်အခြေအနေ ဖြစ်သည်။ ပထမတုန်း ကတော့ ထိုသူများကို ကားဖြင့် ကိုယ့်နေရာသို့ ခေါ်လာပြီး အင်တာဗျူးမည် ဟု စဉ်းစားသည်။ ဒါကလည်း မဖြစ်နိုင်။ ထိုကိစ္စက သတင်းတက်သွားလျှင် အဆိုပါ အလုပ်သမားများမှာ ကြားထဲက ဓားစာခံ ဖြစ်သွားနိုင်သည်။ သူတို့ လုံခြံုရေးကိုလည်း ကြည့်ရမည်။ ထို့ကြောင့် ထိုသတင်းကို ရေးဖို့ ခဏလေး မှေးထား ရသည်။ သို့သော် ကိုယ်တင်ပြရမည့် သတင်းက update မဖြစ်လျှင်လည်း ပုပ်သွား တတ်သည်။

စာနယ်ဇင်းပညာရပ် က တကယ်တော့ စိတ်ဝင်စားစရာ ကောင်းပါသည်။ သတင်းသမား တစ်ယောက်က သတင်းရင်းမြစ် ရှိတဲ့နေရာကို သွားရသည့်အတွက် အချို့နေရာတွေမှာ စွန့်စားပြီး၊ သွားရတာမျိုး ရှိသလို၊ အချို့နေရာများ ကျပြန်တော့လည်း ပျော်စရာကောင်းပြီး ကိုယ့်အတွက် ဒေသန္တရ ဗဟုသုတတွေ ရတာလည်း ရှိသည်။

ကျနော့် အမြင်ပြောရလျှင် သတင်းသမား တစ်ယောက်တွင် အနည်းဆုံး စပ်စုလိုစိတ် (inquisitiveness)၊ ကြံရည်ဖန်ရည် (Sourcefulness) နှင့် စိတ်ကူးစိတ်သန်း (Imigination) တော့ ရှိဖို့လိုမည်ဟု ဆိုချင်ပါသည်။ ထို့ပြင် မိမိလုံခြံုရေး နှင့် မိမိ သတင်းရင်းမြစ် ၏ လုံခြံုရေး ကိုပါ ဂရုစိုက် ရမည်။ နောက်ပြီး ကိုယ်က သတင်းသမား တစ်ယောက်၏ ကျင့်ဝတ်နှင့် ညီအောင် လုပ်ကိုင်နိုင်မှသာ မိမိ၏သတင်း ဋ္ဌာနလည်း ဂုဏ်တက်မည်။ သို့မဟုတ်ပါက မိမိကိုယ် ၌ က အဝါရောင် သတင်းသမား (Yellow Journalist) ဖြစ်နေလျှင်၊ မိမိကြောင့် မိမိ သတင်းဋ္ဌာနသည်လည်း အဝါရောင် သတင်းဋ္ဌာန ဖြစ်နေမည် ဖြစ်ကြောင်း မြန်မာ့ စာနယ်ဇင်း လောက တိုးတက် စေလိုသည့် ရည်ရွယ်ချက်ဖြင့် အပြုသဘောဆောင်ကာ ရေးသား လိုက်ရပါသည်။

ကျော်သိင်္ခ

ဇွန်လ ၁ ရက်

မှီငြမ်းကိုးကား

  • Yellow Journalism by W, Joseph Campbell (2001)
  • သတင်းလိုက်ခြင်း နှင့် သတင်းရေးသားခြင်း အခြေခံလက်စွဲ (ဘာသာပြန် – ထင်အောင်ကျော်
  • သတင်းစာပညာ သဘောတရား နှင့် လက်တွေ့ (မောင်ဝံသ)
  • http://en.wikipedia.org/wiki/Yellow_journalism
  • http://traditionandrevolution.freeforums.org/boycott-the-sun-newspaper-t600.html
  • http://en.wikipedia.org/wiki/The_Daily_Telegraph_(Australia)
  • http://www.baader-meinhof.com/resources/terms/springerpress.html

LEAVE A REPLY

Please enter your comment!
Please enter your name here