ပြည်တွင်းစစ်မီး ထိုးစစ်များကြောင့် သီရိလင်္ကာတွင် လူ၂သောင်းကျော် သေဆုံးခဲ့ရ

alt

သီရိလင်္ကာ အစိုးရ စစ်တပ်များက တမီလ် ကျားသူပုန် များကို ထိုးစစ်ဆင်ခဲ့သည့် တိုက်ပွဲများ အတွင်း သေဆုံးခဲ့သူ ဦးရေသည် (၂၀၀၀၀) ကျော်မျှရှိကြောင်း အမေရိကန်ထုတ် Times သတင်းစာကြီးက မေလ(၂၉) ရက်နေ့က ဖော်ပြလိုက်သည်။

သီရိလင်္ကာ အာဏာပိုင်များက ဧပြီလ (၂၇) ရက်နေ့မှ စပြီး လက်နက်ကြီးများ အသုံးပြုမှုကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့သော်လည်း ထိုအချိန်တွင် အစိုးရတပ်များ၏ ပစ်ခတ်မှုကြောင့် တမီလ်လူမျိုး အပြစ်မဲ့ပြည်သူ (၁၀၀၀၀) ကျော်မျှ သေဆုံးခဲ့ပြီး ဖြစ်သည်။

ထို့အပြင် မေလ(၁၉) ရက်နေ့ စစ်ပွဲပြီးဆုံးချိန်ထိ တိုက်ပွဲများ အတွင်း တစ်နေ့လျှင် အရပ်သား(၁၀၀၀)မျှ ပျမ်းမျှ သေဆုံးရခဲ့ကြောင်း Times မဂ္ဂဇင်းက ဖော်ပြထားသည်။ ထိုနေ့သည် တမီလ် ကျားသူပုန် အကြီးအကဲ ဗယ်လူပီလိုင် ပရာဘက်ခါရန် ကျဆုံးပြီး စစ်ပွဲများ လုံးဝ အဆုံးသတ်သည့် နေ့လည်းဖြစ်သည်။

ထို့ကြောင့် စစ်ပွဲအတွင်း အပြစ်မဲ့ပြည်သူများ သေဆူံးမှုသည် အနည်းဆုံး (၂၀၀၀၀) မျှရှိကြောင်း သတင်းစာကြီးက ဆိုသည်။ ကုလသမဂ္ဂ၏ ကြေညာချက်အရ သီရိလင်္ကာ အစိုးရ နှင့် တမီလ် တို့၏ (၂၅)နှစ်ကြာ ပြည်တွင်းစစ် သမိုင်းတလျှောက်တွင် သေဆုံးခဲ့သော အပြစ်မဲ့ အရပ်သားဦးရေမှာ (၈၀၀၀၀) မှ (၁၀၀၀၀၀) ကြား အထိရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here