ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီး ပြိုကျပြန်

alt

ရန်ကုန်တိုင်း၊ ဒလ မြို့နယ်မှာ တည်ရှိသော ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီး ယနေ့ ညနေပိုင်း ( မေလ ၃၀ရက် ) ပြိုကျမှု ကြောင့် လူအတော်များများ သေကြေ ဒဏ်ရာ ရရှိသွားတယ်လို့ သိရှိ ရပါတယ်။

ဓနုတ် စေတီတော်ကြီးသည် ရ၊၆၊၂ဝဝ၆ ရက် မနက် ဝ၃း၁၅ နာရီမှာ မိုး သည်းထန်စွာ ရွာသွန်းတဲ့ သဘာဝ ရာသီဥတု ဒဏ်ကြောင့် တနင်္လာထောင့်မှ စပြီး ထီးတော်၊ ငှက်ပျောဖူးနဲ့ တကွ စေတီတော်ကြီးဟာ ထက်ခြမ်းကွဲပြီး ပြိုကျ မြေခခဲ့ပြီး၊ သီတင်းကျွတ် လပြည့်နေ့ ၁၄၊၁ဝ၊၂ဝဝ၈ ရက်က စတင်ပြီး မူလစေတီ ဘုရားငုတ်တိုကို ငုံကာ ၉လနှင့် အပြီး တည်ဆောင်ရန် ကြံစည် ခဲ့သော်လည်း၊ ၈ လ နဲ့ အပြီးသတ် ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။

ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီး ပြီးခဲ့သည့် မေလ ရ ရက် က မှ ဗိုလ်ချုပ် သန်းရွှေ  ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ကိုယ်တိုင် ထီးတော်တင်ထား ခဲ့တာဖြစ်ကြောင်း သတင်း ရရှိပါတယ်။ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီး ကို မူလ ဒီဇိုင်းအတိုင်း ဆူးလေစေတီတော် ပုံစံကဲ့သို့ ရှစ်ထောင့်ဒီဇိုင်း ဖြစ်ကာ၊ အလှူငွေ သိန်းပေါင်း ၁ သောင်း ၃ထောင် ( သိန်း၁၃၀၀၀ ) ဖြင့် တည်ဆောက်ခဲ့တာ ဖြစ်ကြောင်း၊ စေတီတော်ကြီး ပြန်လည် ပြုပြင်မှုကို ရွှေသံလွင် ကုမ္မဏီက ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဓနုတ် စေတီတော်မြတ်ကြီးကို ဉာဏ်တော် (၁၈၆)ပေ၊ ငှက်ပျောဖူး (၂၃)ပေ၊ ထီးတော်အဝ (၉)လက်မ၊ ထီးတော်အမြင့် (၃၂)ပေ၊ လုံးပတ်တော် (၁၇၄)ပေ (၈)လက်မ၊ ဖိနပ်တော် (၄၉ဝ)ပေ (၄)လက်မ ဖြစ်ကာ၊ အခုတကြိမ် ပြိုကျတာဟာဖြင့် (၅) ကြိမ်မြောက်လည်း ဖြစ်သည်ဟု ရန်ကုန်မှ လာသော သတင်းများက ဆိုသည်။

ဓနုတ် စေတီတော်ကို သာသနာ သက္ကရာဇ် (၂၄ဝ) ပြည့်နှစ်မှာ ဂေါတမ မြတ်စွာဘုရား ၏ ဆံတော် (၂) ဆူ ဓာတ်တော် (၂၄) ဆူ တို့ကို ဌာပနာထားကာ သထုံမင်း စူဋ္ဌသီရိမာသောက ရဲ့ အထောက်အပံ့ နဲ့ ရဟန်းတော် အရှင်ဇာတကလေးသည် ရွာမှာ တိုက်စေတီ တည်တာကြောင့် ဒုနဂ္ဂဟစေတီလို့ ဘွဲ့တော် ပေးခဲ့ဖြစ်ကြောင်း၊ နောင်အခါ တိုက်စေတီ မှ သင်တိုင်း စေတီပုံ သို့ ပြင်ဆင်ခဲ့ပြီး ဓနုတ်စေတီ ဟု ဘွဲ့တော် အမည် ပြောင်းလဲခဲ့တာ ဖြစ်တယ်လို့ ထိုဘုရား ရာဇဝင်များက ဆိုသည်။

ဓနုတ် စေတီတော်ကို မြန်မာ မင်းအဆက်ဆက် ပြုပြင်မှုမှာ ကောဇာသက္ကရာဇ် (၇၁၅) ခုနှစ်မှာ ဟံသာဝတီဘုရင် ဗညားဦး နှင့် မိဖုရားတို့က ပြန်လည် ပြုပြင်ကာ ထီးတော်တင်လှူခဲ့ခြင်း၊ သက္ကရာဇ် (၇၅၆) ခုနှစ်တွင် သုတသောမ ရာဇာဓရာဇ် ဘုရင်၏ အမိန့်တော်အရ ဓနုတ်ကင်း သူကြီး ‘ထဗ’ ရွှေဘုရား၊ ငွေဘုရား (၄၅) ဆူစီ ဌာပနာထားပြီး အမြင့် (၄၅)တောင်ခန့် စေတီ တည်ထားကာ ထီးတော် တင်လှူခဲ့ဖူးသည်။

သက္ကရာဇ် (၉၂၆) ခုနှစ်တွင် ဘုရင့်နောင် မင်းတရားကြီးက အမြင့်၊ အတောင် (၉ဝ) ရှိ စေတီတော်ကို ထပ်မံတည်ကာ ကြေးထီးတော် တင်လှူပြီး စေတီတော် လုံးတော်ပြည့် ရွှေချခြင်းများ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း ပြည်တွင်း ဂျာနယ်များတွင် ယခင်က ဖေါ်ပြခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here