သူတို့ ဘက်ကကြည့်တော့ , သူရဲကောင်း နတ်ဘုရားကျောင်း

ဂျပန်က အထင်ကရ နေရာတခု ဖြစ်တဲ့ ယစုခုနိ (Yasukuni) ငြိမ်းချမ်း သော တိုင်းပြည် နတ်ဘုရား ကျောင်း ဟာ နိုင်ငံတကာ ပါးစပ် ဖျားမှာ ပွက်လောရိုက် စေခဲ့တဲ့ ယခင် ဝန်ကြီးချုပ် ဟောင်း

ဂျွန်အီချီရိုး ကိုအီဇုမီ သွားရောက် ဂါရဝပြု ခဲ့လို့ သောသောညံခဲ့တဲ့ သူတို့ဖက်က ကြည့်တော့ သူရဲကောင်း ဗိမာန် တခုပါ၊ တိုကျို ချီယိုးဒ ရပ်ကွက်၊ Kudanshita မြို့ မှာ တည်ရှိပြီး ချိယိုဒ ဘူတာ မြန်မာတွေ အနေများ တဲ့ ရှင်ဂျူးကု ရပ်ကွက် နဲ့ မနီးမဝေးလေး မှာ တည်ရှိ ပါတယ်။

ညနေ ကတည်းက မိုးတွေက အဆက်မပြတ် ရွာသွန်းနေခဲ့တာ ဒီနေ့ မနက်ခင်း အထိပါဘဲ၊ ပြူတင်းပေါက်က မှန်မှာ လာရိုက်ခတ်တဲ့ မိုးရေစက် မှုန်မှုန်မွှားမွားလေးတွေ ငြိတွယ်ပြီး တစက်ခြင်းစီးကျနေတာကို ကြည့်ပြီး အိပ်ချင်စိတ် ဆက်ပြီး ရှိနေပေမယ့်လည်း ယစုခုနိ အမည်ရတဲ့ နတ်ဘုရားကျောင်းကို မိတ်ဆွေ ဂျပန်တယောက်နဲ့ အတူ သွားရောက်ဖို့ ချိန်းဆိုထားတာမို့ အချိန်အမှီ ရောက်ဖို့ အိပ်ယာက အလျှင်အမြန်ဘဲ ထပြီး ထွက်လာခဲ့တော့တယ်။

ယစုခုနိဟာ ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးတွေရဲ့ အမျိုးသားပြယုဒ် တခုရဲ့ အထင်ကရ နေရာတခုလို့ ပြောရမှာဖြစ်သလို စစ်အတွင်းက သေဆုံးသွားခဲ့တဲ့ ဂျပန်လူမျိုးတွေရဲ့ ၀ိညာဉ်အပေါင်း စုစည်းရာ နေရာတစ်ခုလို့လည်း ပြောရင်မမှားပါ၊ ယစုခုနိ ဂျင်းဂျာ ဆိုတာကတော့ ရှင်တို ဘာသာဝင်တွေရဲ့ နတ်ဘုရား ကျောင်းတခုထဲက တခု အပါအဝင်ဖြစ်သလို အဲဒီနတ် ဘုရားကျောင်းကို ဂျပန်တွေဟာ သူတို့တိုင်းပြည်ကို ပြန်လည်တည်ဆောက်စဉ် အခါက စစ်ပွဲအသီးသီးတွေမှာ ကျဆုံး အသက်ပေးသွားကြတဲ့ သူတို့နိုင်ငံသား စစ်သားကြီးတွေကို အမှတ်တရ ရည်စူးပြီး ဗိမာန် (သ င်္ချိုင်းဂူ၊ ၀တ်ပြုရာအရပ်)ကို တည်ထား ပြုလုပ်ခဲ့တာဖြစ်ပြီး ရှင်တို အစိုးရလက်ထက်တုန်းက အစီအစဉ်တခု အနေနဲ့ (အစိတ်အပိုင်း တခုအနေနဲ့) တည်ဆောက်ခဲ့တဲ့ စစ်နဲ့ပတ်သက်တဲ့ အမှတ်တရဂူဗိမာန် (သို့) ၀တ်ပြုဆုတောင်းရာ နေရာ အတော်များများထဲက တခုအပါအဝင်ပါဘဲ၊ နတ်ဘုရားကျောင်းရဲ့ အဝင်အဝမှာ ကြီးမားတဲ့ တိုင်လုံးကြီးက ဘေးတစ်ဖက် တစ်ချက်မှာ တည်ရှိနေပြီး သူ့နံဘေးမှာတော့ စိမ်းစိုနေတဲ့ သစ်တောအုပ်နဲ့ သမိုင်းဝင်ရုပ်တုတွေ အပါအဝင် အမှတ်တရ ပစ္စည်းအရောင်းဆိုင်တချို့နဲ့ စားသောက်ဆိုင်လေး အနည်းငယ်သာရှိနေပါတယ်၊ ဆက်ပြီးလျှောက်လို့ သွားရင် နတ်ဘုရားကျောင်း တည်ရှိရာနေရာကို ရောက်ရှိမှာဖြစ်သလို နတ်ဘုရားကျောင်းရဲ့ ကပ်လျက်မှာတော့ ယစုခုနိ ပြတိုက်တခု တည်ရှိနေပါတယ်။

ယစုခုုနိ ဆိုတဲ့ မူရင်း စာလုံးက Zuo Zuan ဇုယို ဇုယံ ဆိုတဲ့ တရုတ်စာလုံးက ဆင်းသက်လာတာပါ။ ယာဆုကုနိ ရဲ့ အမည်ရင်းကို မီဂျီဘုရင်က ရွေးချယ်ပြီး ရှိုကွန်ရှ လို့ အမည်ပေးခဲ့တာ ဖြစ်ပြီး ဂျပန်ရှင်တို အစိုးရခေတ်က စည်းကမ်းကြီးကြီးနဲ့ တင်းကြပ်လွန်းလို့ လူသိများ နာမည်ကြီးလာခဲ့တဲ့ ဘုရားကျောင်း တခုဖြစ်လာသလို တနည်းအားဖြင့်လည်း ယဆုကုနိ ဂျင်ဂျာဟာ စစ်အတွင်းမှာ ကျဆုံးသွားသူတွေကို ရည်စူးဂုဏ်ပြုပြီး ပြုလုပ်ထားတဲ့ အခြေခံကျသော အမျိုးသားရေးနဲ့ သက်ဆိုင်တဲ့ ၀တ်ပြုရာနေရာ အမျိုးသားရေးဆန်တဲ့ ပြယုဒ်တခုပါ။ ဂျပန်ဟာ ပထမကမ္ဘာစစ် မဖြစ်မှီ ကတည်းက လကျာ်စွန်းရောက် အမျိုးသားရေး ၀ါဒီများနှင့် စစ်ဝါဒီများက တွန်းအားပေးမူကြောင့် ရှရှား ၊ ကိုရီးယား နှင့် တိုင်ဝမ်၊ တရုတ်နိုင်ငံရဲ့ ပြည်နယ်တခုဖြစ်တဲ့ ဒေါင်လန်းမြို့တွေကို တိုက်ခိုက် သိမ်းပိုက်ပြီးဂျပန်ရဲ့ အပိုင်နယ်မြေတွေ အဖြစ် သိမ်းယူခဲ့ကြသလို တိုင်ဝမ်နဲ့ ကိုရီးယား တိုက်ပွဲတွေမှာ ကျဆုံးသွားခဲ့ကြသူ တွေကို ဆုတောင်း ၀တ်ပြုတာတွေကိုလည်း လုပ်ဆောင်နေကြတာမို့ ကိုရီးယား နဲ့ တိုင်ဝမ်၊ တရုတ်နိုင်ငံတွေက ယနေ့ အချိန်အထိ ယစုခုနိ နတ်ဘုရားကျောင်း နဲ့ ပတ်သက်လာရင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးတွေ တင်းမာလာတဲ့ အထိ ပြင်းပြင်းထန်ထန် မလိုလားတဲ့ အပြုအမူတွေနဲ့ ဆက်ဆံ ပြတတ်ကြပါတယ်။

ယခုလက်ရှိ ၀န်ကြီးချုပ် တာရို အဆို မတိုင်မှီ ဂျွန်အီချိရို ကိုအိဇုမီ ၀န်ကြီးချုပ်(26 April 2001 – 26 September 2006 ) ဖြစ်စဉ် အချိန်က ဒုတိယ ကမ္ဘာစစ်အတွင်း ကျဆုံးသွားခဲ့တဲ့ စစ်သားတွေ အတွက် နှစ်ကြိမ်သွားရောက် ဂါ၀ရပြု ဆုတောင်းခဲ့လို့ တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ ပြစ်တင်ဝေဖန်မူကို ခံခဲ့ရပါသေးတယ်၊ ယစုခုနိ ဆိုတာ စစ်အတွင်းက ဂျပန်စစ် ရာဇဝတ်ကောင်တွေရဲ့ ဂူဗိမာန်နဲ့ ၀ိညာဉ်တွေ ကိန်းအောင်းရာ ၎င်းတို့နဲ့ပတ်သက်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ထိမ်းသိမ်းရာ နေရာတစ်ခုဖြစ်နေတာလည်း ဖြစ်နေတော့ ကိုရီးယားနဲ့ တရုတ်တို့က ခါးခါးသီးသီး ဖြစ်နေတာလည်း အပြစ်ပြောလို့ မရနိုင်ပေမယ့် ဂျပန်လူမျိုး တစ်ယောက်ဟာ သူ့နိုင်ငံနဲ့ လူမျိုးအတွက် အသက်ပေးသွားသူတွေကို ဂါ၀ရပြုတာဟာလည်း အပြစ်တခုလို့ မမြင်နိုင်ပါဘူးလို့ ဂျပန်လူမျိုးတွေက ပြောဆိုနေတာလည်း ရှိပါတယ်။

ကိုရီးယား ဂျပန်စစ်ပွဲအတွင်းက နေ့စဉ် ဂျပန်စစ်သား တရာကျော်ဟာ ကိုရီယား မိန်းကလေးတွေကို မုဒိန်းကျင့်ခဲ့တာ၊ ကာမကျွန်အဖြစ် အဓမ္မ ပြုလုပ်ခဲ့တဲ့တာတွေကို မှားခဲ့ကြောင်းဝန်ခံဖို့ ကိုလိုနီခေတ်က ကြာခဲ့ပြီဖြစ်သော်လည်း ကိုရီယားတွေက ယနေ့တိုင် မျှော်လင့်နေတုန်း ဖြစ်ပါတယ်။ တချို့ကိုရီယား လူမျိုးတွေဟာ ဂျပန်ဘုရင့်အမှုတော်ကို ထမ်းရင်း ကာမကျွန် လုပ်ခိုင်းရတဲ့ ကိစ္စတွေမှာ ထွက်ပြေး တိမ်းရှောင်သွားရတာ အသတ်ခံရတာတွေ ရှိခဲ့တယ်။ ၂၀၀၁ အက်ဥဒေအရ ဂျပန် စစ်တပ်က အင်အားသုံးလုပ်ခိုင်းလို့ ဂျပန်စစ်တပ်အတွင်းမှာ စစ်မှုထမ်းရသူတွေ တရားစွဲ ဆိုခံနေရပါတယ်။ ကိုရီးယားလူမျိုးတွေ စစ်အတွင်းက ဂျပန်ရှင်တို အစိုးရရဲ့ထံမှာ စစ်မှုထမ်းတာဟာ အမျိုးသားရေးကို စော်ကား မှုတခုအနေနဲ့ လက်ရှိ ကိုရီးယားအစိုးရက ဂျပန်ကို မြင်နေသလို အမှားတွေအတွက် လက်ရှိ ဂျပန်အစိုးရက ၀န်ချ တောင်းပန်သင့်ဖို့ကိုလည်း ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေက ယနေ့အချိန်အထိ မျှော်လင့်နေဆဲပါ။

ယစုခုနိ နတ်ဘုရားကျောင်းရဲ့ ဘေးမှာ ရှိနေတဲ့ ယစုခုနိ ပြတိုက်ကတော့ အထပ် နှစ်ထပ်တည်ရှိပြီး ပုံမှန် လူတစ်ယောက် ၀င်ကြေး ယန်း ၈၀၀ သတ်မှတ်ထားပြီး တက္ကသိုလ် ကျောင်းသားယန်း၅၀၀နဲ့ အထက်တန်းနဲ့ အလယ်တန်းတွေအတွက် ယန်း၃၀၀ သတ်မှတ်ထားသလို အယောက်၂၀အထက် လာရောက် လေ့လာမယ် ဆိုရင်တော့ ၂၀ ရာခိုင်နှုန်းလျှော့ပေးပါတယ်၊ အဝင်ပေါက်က လက်မှတ်ဝယ်ပြီး ၀င်လိုက်တယ် ဆိုတာနဲ့ ခါမီခါဇေလို့ ဒုတိယ ကမ္ဘာစစ်အတွင်းက နာမည်ကြီးခဲ့တဲ့ ဇီးရိုး တစ်ယောက်စီး တိုက်လေယဉ်ကို ပြသထားတာကို မြင်တွေ့ရမှာပါ၊ ဒုတိယတပ်မှာ မဲဂျီခေတ်(Meji) တိုင်ရှောခေတ် (Taisho) ရှောဝခေတ်(Showa) အဆက်ဆက်က စစ်နဲ့ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ လက်နက် ချပ်ဝတ် တန်ဆာတွေနဲ့ ၊ ဇယားချပ်တွေ၊ စစ်အတွင်းရေးသားခဲ့တဲ့ စာတွေ၊ အပြင် ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်ဖက်ဆစ်နဲ့ ကိုလိုနီလက်အောက်ကျ ရောက်ခဲ့တဲ့ နိုင်ငံတွေက လွတ်လပ်ရေးအတွက် တောင်းဆိုခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ ပုံတွေနဲ့ ဇယားတွေကို တွေ့မြင်ခဲ့ရသလို ဒေါက်တာဘမော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာတော်ဦးဥတ္တမရဲ့ ပုံတွေကိုပါ တွေ့မြင်ခဲ့ရပါတယ်။

ယစုခုနိနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကို ပြသပေးတဲဲ့့ ရုပ်ရှင်ရုံ ငယ်လေးတရုံ ထားရှိပေးထားသလို တစ်နေ့ ၄ကြိမ် ပြသပေးနေ့ပြီး တကြိမ်ကို ၁နာရီခွဲစာ အချိန်ကြာမြင့် ပါတယ်၊ ပထမထပ်မှာတော့ ဒုတိယ ကမ္ဘာစစ်အတွင်းက သေဆုံးခဲ့ရတဲ့ စစ်သားတွေရဲ့ ဓာတ်ပုံ (ရှာဖွေ စုဆောင်းရသမျှတွေ) နိုင်ငံတကာမှာ ဂျပန်စစ်တပ်က အသုံးပြုခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရှာဖွေတွေ့ ရှိသမျှတွေကိုပါ ပြသထားပြီး မြန်မာပြည်အတွင်း ဂျပန်စစ်တပ်က အသုံးပြုခဲ့တယ် ဆိုတဲ့ ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့လို့ ပြသထားတာ တွေ့ရသလို၊ အသုံးပြုခဲ့တဲ့ စစ်လက်နက် မူရင်းတွေ၊ တင့်ကားနဲ့ ဂျပန်ရေတပ် သဘောင်္တွေမှာ အသုံးးပြုခဲ့တဲ့ တိုပီတို အဲဒီ တိုပီတိုဟာ ဇီးရိုးလေယာဉ်လို လူတစ်ယောက်က အထဲဝင်မောင်းနှင်ရပြီး အထဲရောက်တာနဲ့ အပြင် ပြန်မထွက်နိုင်အောင် အသေပိတ်ပြီး ရန်သူသဘောင်္တွေကို ရေအောက်ကနေ အသေခံ ထိုးဖောက်ဗုံးဖောက်ခွဲတဲ့ ရေငုတ်သဘောင်္ အသေးစားပါ၊ စစ်အတွင်း နာမည်ကြီးခဲ့တဲ့ အိပ်ချ်အမ် အက်စ် ရီပါ့လ်စ် (HMS Repulse) နဲ့ ပရင့်စ်အောဖ့်ဝေးလ်စ် (Prince of Wales) ဆိုတဲ့ တိုက်သင်္ဘောကြီး တွေဟာ ဂျပန်တော်ပီတိုတွေရဲ့ ဒဏ်ကြောင့် နှစ်မြုတ်ခဲ့ရတာပါ။

အိမ်ထောင်မရှိဘဲ စစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ စစ်သည်တော်တွေ အတွက် ရည်စူးလို့ ကျန်ရစ်သူတွေက သေဆုံးသူတွေအတွက် ကောင်းကင်ဘုံမှာ လက်ထပ်နိုင်ဖို့ ရည်စူးပြီး ပြုလုပ်စီမံပေးထားတဲ့ သတို့သမီး အရုပ်လေးတွေကလည်း စိတ်ဝင်စားစရာ ကောင်းလှသလို ဂျပန်က စစ်သွေးကြွနေတဲ့ အချိန် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ (၇) ရက်မှာ ပုလဲဆိပ်ကမ်းကို ဗုံးကြဲခဲ့ရာ ကစလို့ ဒုတိယကမ္ဘာစစ်ထဲ ဂျပန်က ပါ၀င်လာခဲ့ပြီး အမေရိကန်က အလှည့်အတုံ့ တန်ပြန် တုန့်ပြန့်မူနဲ့ ဂျပန်ရဲ့ ဟီရိုရှိမားမြို့ကို ၁၉၄၅ခုနှစ် ဩဂုတ်လ၊ ၆ရက် တနင်္လာနေ့မှာ အနုမြူဗုံး ကြဲချခဲ့သလို၊ နဂစကီးမြို့ကို ထပ်မံပြီး ဩဂုတ်လ ၉ရက်နေ့မှာ အနုမြူဗုံးကြဲချလို့ ပြာပုံဘဝရောက်ခဲ့ရုံမက ယနေ့အချိန်ထိ အနုမြူဗုံး ဒဏ်ကြောင့် မျိုးဆက်အလိုက် ခံနေရတဲ့ ဦးနှောက်ချို့ယွင်းမူတွေ၊ ကိုယ်ရေပြား မကောင်းမူတွေအပြင်၊ မျက်စိမမြင်သူတွေနဲ့ ဘေးရောဂါဆိုးတွေကို ခံစားနေကြရဆဲပါ၊ နောက်ဆုံးဂျပန်က အညံ့ခံခဲ့ပြီး စစ်ရှုံးလို့ စစ်ခေါင်းဆောင် အကြီးအကဲလုပ်သူက ဂျပန်ပြည်သူတွေကို တောင်းပန်စာရေးပြီး မိမိကိုယ်ကိုယ် သတ်သေခဲ့တဲ့ သွေးစွန်းနေတဲ့ စာနဲ့ ဓါးကိုပါ ပြတိုက်အတွင်း ပြသထားပါတယ်၊ စစ်ရှုံးလို့ ယစုခုနိ မှာ မိမိကိုယ်ကု သတ်သေကြသူတွေလည်း အများအပြား ရှိခဲ့ကြပါတယ်၊ ပြတိုက်အတွင်း သမိုင်းဝင် အထောက်အထားတွေ၊ ပစ္စည်းတွေဟာ တန်ဖိုး ဖြတ်မရနိုင်တာမို့ ပြတိုက်အတွင်း ဓာတ်ပုံရိုက်ခြင်းကို တားမြစ်ထားတာပေမယ့် ကင်မရာကို လည်ပင်းမှာ လွယ်ထားပြီး မှန်းဆပြီး ခလုတ်နှိပ် ရိုက်ခဲ့မိပါသေးတယ်။

ဒီပြတိုက်ကို ၀င်ရောက်ကြည့်ရှုပြီး လင်္ကျာအစွန်းရောက် အမျိုးသားရေး ၀ါဒီနဲ့ ဖက်စစ်စနစ် ဆိုးဆိုတာကြီးကို မွေးဖွားခဲ့တဲ့ စစ်လိုလားသူတွေရဲ့ အောင်မြင်ဝံ့ကြွားမူတွေ၊ နောက်ဆုံး အဆုံးသတ်မှာ မရှုမလှရှုံးနိမ့်လို့ တိုင်းပြည်ပါ ပြာပုံရောက် မိဘဆွေမျိုးတွေနဲ့ ဇနီးမယားတွေ သေကွဲကွေကွင်း ရပုံတွေကို စိတ်ကမြင်ယောင်မိရင်း ရင်ထဲ ဆို့ကြပ်နေမိတယ်။

ပြတိုက်က အထွက်မှာ မိုးတိမ်တွေ ငိုမလို ဖြစ်နေတဲ့ ကောင်းကင်ကိုမော့ ကြည့်ရင်း စဉ်းစားမိလိုက်တာ ကတော့ ဘယ်လောက်ကြီးဘဲ အင်အားကြီးနေပါစေ တနေ့ နေ့မှာတော့ ရှုံးနိမ့်ရမှာ မလွဲဆိုတဲ့ နိယာမ သဘောတရားနဲ့ ယနေ့အချိန်အထိ စစ်ဝါဒီ စနစ်ကို အသက်သွင်းပြီး မာန်တက်ချင်တိုင်း တက်နေတဲ့ စစ်ဝါဒီသမားတွေ အတွက်  ကြီးမားတဲ့ နောင်တတရားတွေနဲ့ ရှုံးနိမ့်ကြဦးမယ် ဆိုတာကို တွေးမြင်မိသလို လက်နက်ကိုင် အနိုင်ကျင့်မူတွေနဲ့ တစ်ဦး အပေါ်တစ်ဦး နှိပ်စက်ညှင်းပမ်းမူတွေက အမြန်ဆုံး ကင်းစင် လွတ်မြောက်ကြပြီး ကမ္ဘာမြေ ငြိမ်းချမ်းပါစေလို့သာ အပြန်ခရီး မိုးဖွဲဖွဲလေးအောက်မှာ တိုးတိုးလေး တောင်းဆုချွေ မိလိုက်ပါတော့တယ်။

ကမာနီလာ

LEAVE A REPLY

Please enter your comment!
Please enter your name here