ဗိုလ်မှူးကြီး ဆွန်လွတ်ဂွမ်မော် ကေအိုင်အေ၏ ဒု-ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်အပ်ခံရ

alt

ငြိမ်းချမ်းရေး အဖွဲ့ များအား ဖိအားပေးကာ နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ်သို့ ပြောင်းလည်း မည်ဟု မြန်မာ စစ်အစိုးရမှ ကြေညာ လိုက်ချိန် များမကြာမီတွင် ရေငုံ နှုတ်ပိတ်

 နေသော ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) မှ ဗိုလ်မှူးကြီး ဆွန်လွတ် ဂွမ်မော်အား ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်သည်။

ယခင်က ဗိုလ်မှူးကြီး ဂွမ်မော် ( အသက် – ၄၇နှစ် ) မှာ ကေအိုင်အို၏ အထွေထွေ အတွင်းရေးမှူး ရာထူးအပြင်၊ မဟာ ဗျူဟာ နည်းဗျူဟာ လေ့လာရေး ဋ္ဌာနမှ ဒါရိုက်တာ အဖြစ် ပူးတွဲ တာဝန် ထမ်းဆောင် နေပြီး၊ ကေအိုင်အို အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တဦးဖြစ်ကာ ကေအိုင်အေ ၏ စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ အချက်အခြာကျသော ဦးဆောင်မှု ပေးနိုင်သူဟု ကျော်ကြားသူလည်း ဖြစ်သည်။

ဧပြီလ (၆) ရက်နေ့က ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သော ဗိုလ်မှူးချုပ် ဖန်ဂမ် ဇော်နန် အသည်း ကင်ဆာရောဂါဖြင့် ကွယ်လွန် သွားအပြီး တလကျော် အကြာတွင် ထိုနေရာအား ဗိုလ်မှူးကြီး ဆွန်လွတ်ဂွမ်မော်မှ ဆက်ခံရယူ၍ သူ၏ မဟာဗျူဟာ နည်းဗျူဟာ လေ့လာရေး ဋ္ဌာန၊ ဒါရိုက်တာရာထူးအား ဒုဗိုလ်မှူးကြီး မရမ်ဇော်တောင်မှ ပြောင်းလွှဲရယူသည်ဟု သိရှိရသည်။

လိုင်ဇာမှ လာသော သတင်းများအရ ကေအိုင်အေ၏ နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲ မရှိငြားသော်လည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်တန် ဂွမ်ရှောင်နှင့် ဒု-ဦးစီးချုပ် ဗိုလ်မှူးကြီး ဂွမ်မော်တို့၏ ကွပ်ကဲမှုဖြင့် စစ်ရေးဆိုင်ရာ ထိပ်တန်းရာထူးများမှာ အဖွဲ့အတွင်းတွင် အပြောင်းအလည်း အနည်းငယ် ရှိနေသည်ဟု ဆိုသည်။

လူမျိုးစု လက်နက်ကိုင် အဖွဲ့များ အတွင်းမှ အင်အားတောင့်တင်း ခိုင်မာသော ကေအိုင်အို အဖွဲ့အစည်းကြီးမှာ ၁၉၉၅ ခုနှစ်ကပင် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားပြီး တွေ့ဆုံညှိုနှိုင်း အဖြေရှာလျက် ရှိနေရာမှ ယခုအခါ မြန်မာစစ်အစိုးရ ဖိအားကြောင့် နယ်ခြားစောင့်တပ်ဖွဲ့များ အသွင်သို့ ပြောင်းလဲမည့် ငြိမ်းချမ်းရေး တပ်ဖွဲ့များ အားလုံးတွင် ကေအိုင်အေ၏ အဖြေမှာ နယ်ခြားစောင့် မည်လော? ရှောင်လွှဲ၍ မရနိုင်သော စစ်ပွဲများဆီ ထိပ်တိုက်တိုးမည့် သဏ္ဍာန်ပြင်ဆင် နေပြီလော? ဟု စောင့်ကြည့် နေရဦးမည်။

သတင်း – ဂျာတောင်နော်

LEAVE A REPLY

Please enter your comment!
Please enter your name here