Patriot ဒုံးကျည်များမှာ လေ့ကျင့်မှု အတွက်သာ မဟုတ်ဟု ပိုလန်အစိုးရ ကြေညာ

alt

ပိုလန်နိုင်ငံတွင် တပ်ဆင်ထားမည့် Patriot ဒုံးကျည်များသည် စစ်ရေး လေ့ကျင့်မှု သက်သက်အတွက် မဟုတ်ကြောင်း ပိုလန် အစိုးရက ကြေညာလိုက်ပြီ ဖြစ်သည်။

အမေရိကန် နှင့် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုအဖြစ် ပစ်လွှတ်ရန် အသင့် အနေအထား တပ်ဆင်မည် ဖြစ်သော ဒုံးကျည်များသည် ပိုလန်၏ လေကြောင်း ပိုင်နက်ကို ကာကွယ်ရန်လည်း ရည်ရွယ်ထားကြောင်း ပိုလန် ကာကွယ်ရေးဝန်ကြီး ဘော့ဒန်ကလစ်က မေလ(၂၇) ရက်နေ့က ပြောကြားလိုက်သည်။

ထို ဒုံးကျည်များကို ယခု နှစ်ကုန်ပိုင်းတွင် အပြီး တပ်ဆင်မည်ဟုလည်း ၀န်ကြီးက အတည်ပြုခဲ့သည်။ စစ်ရေး လက်တွဲဖော် အမေရိကန် နှင့် လေကြောင်းရန် ကာကွယ်ရေးစနစ် အတွက် ပူးပေါင်း ဆောင်ရွက်ခြင်းသည် ပိုလန် အစိုးရ၏ ကာကွယ်ရေး မဟာဗျူဟာ တရပ်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသွားသည်။

ပိုလန်သည် ရုရှားနိုင်ငံ၏ ရန်ကို ဂရုပြု စောင့်ကြည့် နေရပြီး အမေရိကန် နှင့်လည်း စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ မဟာမိတ်ဖွဲ့ကာ ပိုမို ပြုလုပ်လျက်ရှိသည်။ ယခုလက်ရှိ အနေအထားအရ ပိုလန်သို့ ရောက်ရှိနေသော အမေရိကန် စစ်အကြံပေး ဦးရေမှာ (၁၁၀) ကျော်ပြီဖြစ်သည်။

ကလစ် က ယခုအခါတွင် ပိုလန်နိုင်ငံ အတွင်းရှိ နေရာ( ၁၀)ခုတွင် Patriot များ အပြီး တပ်ဆင်ရန် ဆွေးနွေးမှုမှာ နောက်ဆုံးအဆင့် ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် ထိုစနစ်သည် ပိုလန်နိုင်ငံ၏ ကာကွယ်ရေး မဟာဗျူဟာကို ပိုမို အသက်ဝင်လာစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သည် အရှေ့ဥရောပ မဟာမိတ်နိုင်ငံများတွင် ဒုံးကျည်ကာကွယ်ရေး စခန်းများ တည်ဆောက်နေသလို ရုရှားကလည်း ပိုလန်အပြင် အခြား ဘော်လတစ်ဒေသ နိုင်ငံများအား တိုက်ရိုက် ပစ်ခတ်နိုင်မည့် ခေတ်မီတာတိုပစ် ဒုံးကျည် စနစ်တစ်ခု တီထွင်လျှက် ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here