ဘိုးသိုးဘတ်သပ် အထာမကျတဲ့ မြို့

alt

ဆဝါဒီ ခရပ် … ဆိုသည့် နှုတ်ဆက် သံ ကြောင့် ရုတ်ခြည်း အံ့ဩခြင်း ကြီးစွာ ဖြစ်သွား ရသည်။ မိမိ ရောက် နေသည့် နေရာမှာ မြန်မာနိုင်ငံ နယ်နိမိတ် ဝန်းကျင်ထဲမှပင် ဟုတ်ပါ လေစ ဟု တွေးထင် လိုက်မိ သေး၏။

နေရာတိုင်းလိုလိုမှာ ထိုင်းဘာသာစကား “ဆဝါဒီ ခရပ်” (မြန်မာလို မင်္ဂလာပါ) ဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ် ထည်လဲ သုံးနေကြသော စာရေးသူ ရောက်ရှိနေသည့် နေရာလေးက မြန်မာပြည် အရှေ့ဖျားမှ နယ်စပ်တံခါးပေါက် တခုဖြစ်သည့် တာချီလိတ်မြို့ပင်။

မြန်မာစကားကို သုံးခြင်းထက် တိုင်းတစ်ပါး အိမ်နီးချင်းနိုင်ငံ ထိုင်းဘာသာ စကားနှင့် ဋ္ဌာနေတိုင်းရင်းသား ဘာသာစကား များကိုသာ ရေပက်မဝင် သုံးနေကြခြင်းက တာချီလိတ်မြို့ရဲ့ အမှတ်ထား စရာတစ်ခုလို ကျနော့ရင်ထဲ  လာဖြစ်နေရသည်၊ မြေပြန့်မှလာသော ကျနော့အတွက်တော့မူ ထိုဖြစ်စဉ်မှာ ထူးထူးခြားခြားကို တခုတ်တရ ဖြစ်နေရတော့သည်။ နယ်စပ်မြို့ တခုဖြစ်တဲ့ အတွက် အခြားသော ဋ္ဌာနေ ဘာသာစကား တခုကို အသုံးပြုခြင်း လွှမ်းမိုးနေခြင်းက တကယ်တမ်းတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတခုလို့ နှလုံးသွင်းပြီး စာရေးသူ တာချီလိတ်မြို့ကို ဘယ်လိုအရာတွေနဲ့ ထပ်ပြီး အနားသတ် ထားသေးလဲဟု ဇောသွင်းကာ လျှောက်သွားကြည့်မိသည်။

ဒီလိုနဲ့ တာချီလိတ်နဲ့ ထိုင်း-မြန်မာ နယ်စပ်တံတားနားက ဈေးကို စာရေးသူ ရောက်ရှိခဲ့ချေပေါ့။ ဈေးထဲကို ဝင်တယ်ဆိုရင်ပဲ မြန်မာစကားသံ တချို့၊ တိုင်းရင်းသား ဘာသာစကား နဲ့ ထိုင်း ဘာသာ စကားတွေကို လူတွေ လူတွေ အချင်းချင်း ပြောဆိုနေကြတာ တွေ့ရတဲ့အတွက် ေဩာ် ငါတို့ မြန်မာ စကားကိုတော့ သုံးနေကြသေးသားပဲ ဆိုပြီး ပီတိတွေး တွေးမိသေးတယ်။ ဒါနဲ့ ရှေ့ဆက်တော့ စာရေးသူရဲ့ စိတ်ထဲဆွဲဆောင်မှု တစုံတရာ ပေးနိုင်တဲ့ သားရေထည်တွေ ရောင်းနေတဲ့ ဆိုင်တစ်ဆိုင်ကို ဝင်လိုက်မိလိုက်တယ်။ စာရေးသူ ဝင်မသွားခင် အရောင်းစာရေး မလေးတွေ တစ်ယောက်နဲ့ တစ်ယောက် စကားပြောနေတာကို တွေ့ရပြီး သူတို့ပြောနေ တာ မြန်မာစကားဖြစ်နေတဲ့ အတွက် အားတက်သွားမိတယ်။

မြန်မာစကားကိုသာ လိပ်ပတ်လည်အောင် ပြောတတ်ပေမယ့် တိုင်းရင်းသား ဘာသာစကားဆို တလုံး တပါဒ မှ နားမလည် မတတ်ကျွမ်းပေမဲ့ ထိုင်းစကားကိုတော့ ထိုင်းရောက်ဖူးလို့သာ တလုံးစ နှစ်လုံးစ တတ်တဲ့ ကျွန်တော့်အတွက် ဈေးဝယ်ရ အဆင်ပြေမယ်လို့တော့ ကနဦးမှာ ထင်ခဲ့မိတာ အမှန်ပါပဲ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့ ဆိုင်ထဲဝင်တဲ့ အခါမှာတော့ ဒါတွေက မှားယွင်းနေမှန်းကို နဖူးတွေ့ ဒူးတွေ့ သိလိုက်ရပြန်သည်။

ဆိုင်ထဲဝင်ဝင်ချင်း ထိုင်းလို “ဆဝါဒီ ခရပ်”ဆိုတဲ့ နှုတ်ဆက် စကားသံကို အရင် ကြားလိုက်ရတယ်။ နောက်ပြီး ဆက်တိုက် တခြားအချင်းအရာတွေ ထိုင်းလိုတွေ မေးလာတဲ့အခါမှာတော့ စာရေးသူ အံ့ဩသွားရ ပြန်တယ်။ ကိုယ့် မြန်မာနိုင်ငံထဲမှာတောင် ထိုင်းလိုပဲ ပြောဆိုနေကြရောလား ဆိုတဲ့ အတွေးတွေနဲ့ပေါ့။ ဒီလိုနဲ့ အရဲစွန့်ပြီး မြန်မာလို “ညီမ ဒီခါးပတ်လေးက ဘယ်လောက်လဲ”လို့ မေးလိုက်မိတယ်။ အဲဒီအခါမှာ လူကို တခါမှ မမြင်ဖူးတဲ့ ခပ်စိမ်းစိမ်း အကြည့်မျိုးနဲ့ ကြည့်လိုက်ပြီး ၄၅၀ လို့ ပြောပြန်ပြောချေရဲ့။

အတွေးထဲ ၄၅ဝ ဆိုတော့ တန်တာပေါ့ဆိုပြီး မြန်မာငွေ ၄၅၀ ကို ထုတ်ပေးလိုက်တယ်။ အဲဒီအခါမှာ စပြီး ပြဿနာ တက်တော့တာပဲ။ “ဟ…၄၅၀ ဆိုတာ မြန်မာငွေ မဟုတ်ဘူးလေ! ထိုင်းဘတ်ကို ပြောတာ” ဆိုတော့ စာရေးသူ အံ့ဩမဆုံး ဖြစ်သွားရတာက ကိုယ့်မြန်မာ နိုင်ငံတွင်းမှာတောင်မှ မြန်မာငွေ သုံးလို့မရတဲ့ နေရာရှိပါရောလား ! ဆိုတာ သိလိုက်ရတယ်။ စာရေးသူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နေဖူးပါတယ်။ ဒါပေမဲ့ တကယ့်တန်ကြေး ထိုင်းပိုက်ဆံ ဘတ်ငွေ ၁၉၉ လောက်တန်တဲ့ ပစ္စည်းတခုကို မြန်မာနိုင်ငံထဲမှာ ဘတ်ငွေ ၄၅ဝ ပေးရမယ့်လောက် အထိဈေးနှုန်း ကွာဟနေတာကတော့ စာရေးသူ မတုံးသေးတာတော့ အမှန်ပဲ။ ဒီလိုနဲ့ စာရေးသူက ဒါက ဒီဈေးနှုန်း မတန်ပါဘူး ထင်ပြီး။ မင်းတို့ ဈေးလျှော့ပေးလို့ ရမလားလို့ မေးလိုက်တော့ မရဘူးတဲ့။ စာရေးသူ ဈေးဆစ်နေရင်းက အတွေးတချက် ပေါ်လာတယ်။ ငါကိုများ မြန်မာ စကားပြောလို့ ဈေးတင်ထားလေခြင်း များလားပေါ့ဆိုပြီး စမ်းသပ်မှုတခု လုပ်ချင်စိတ် ပေါက်သွားတယ်။ ဒီလိုနဲ့ အဲဒီ့ဆိုင်က ထွက်လာတောတယ်၊့ ခုနက အရောင်းစာရေးမလေးတွေ က စာရေးသူကို မေးငေါ့နေကြပြီး ထိုင်းဘာသာစကားနဲ့ ဘာတွေပြောမှန်းမသိ ပြောနေတာကို တွေ့လိုက်ရတယ်။

ဒီလိုနဲ့ အဲဒီ့ဆိုင်နဲ့ မလှမ်းမကမ်းက နောက်ထပ် သားရေထည်ဆိုင် တဆိုင်ကို ဝင်ပြီး ထိုင်းဘာသာစကားနဲ့ “အနိ ထေါက်လိုင်ခရပ်”လို့ မေးလိုက်တယ်။ (မြန်မာဘာသာ စကား ဒီဟာလေး ဘယ်လောက်လဲ)။ အဲဒီ့အခါမှာ ခုနက ဆိုင်မှာမေးတုန်းက ဘတ် ၄၅၀ ကျတဲ့ ခါးပတ်တခုကို အဲဒီ့ဆိုင်မှာ ဘတ် ၂၅၀ ရောင်းတာကို သိလိုက်ရတယ်။ ဒီလိုနဲ့ ထိုင်း စကားမတတ် တတတ် ခြေတပေါင်ကျိုး ပြောပြီး၊ အင်္ဂလိပ်စကား ကြားညှပ်ကာ ဈေးဆစ်လိုက်တော့ ဘတ် ၂၀၀ နဲ့ ရလာခဲ့တော့တယ်။

အဲဒီ့အချိန်မှာ ခုနက ဆိုင်က ကောင်မလေးတွေက ဒီဖက်ဆိုင်မှာ ကျနော် ဈေးဝယ်နေတာကို လိုက်ကြည့်နေပြီး ကျွန်တော် ထိုင်းစကား တလုံးစ နှစ်လုံးစ တတ်တာကို သိသွားတော့ တအံ့တဩနဲ့ လှမ်းကြည့်နေကြတယ်။ စာရေးသူလည်း အဲဒီ့ဆိုင်ကနေ ထွက်လာပြီးတော့ မြို့ထဲကို လျှောက်ပတ် ကြည့်မိတာပေါ့။ အဲဒီ့ ဈေးထဲမှာ အသိတခု ရလိုက်တာက တဈေးလုံးလိုလိုက မြန်မာပိုက်ဆံကို မသုံးခြင်းနဲ့ ထိုင်းပိုက်ဆံကိုပဲ တရားဝင်သုံးနေတာကို  သတိထားမိ လိုက်တယ်။ ဒီဈေးတစ်ခု တည်းက ထိုင်းပိုက်ဆံသုံးတယ်လို့ ထင်ထားတဲ့ စာရေးသူ တစ်မြို့လုံးကို ပတ်ကြည့်လိုက်တော့မှ တာချီလိတ် တမြို့လုံးက ထိုင်းပိုက်ဆံကိုပဲ တခုတ်တရ ခုံခုံမင်မင် သုံးနေတယ်ဆိုတာ သိလိုက်ရတယ်။ ဘယ်နေရာသွားသွား ထိုင်းပိုက်ဆံ ဘတ်ငွေမပါရင် အဆင်မပြေဘူးဆိုတာ သိလိုက်ရပြန်တယ်။

ကိုယ့်မြန်မာနိုင်ငံထဲက မြို့တစ်ခုမှာ ကိုယ့်တိုင်းပြည်သုံး ငွေကြေးပိုက်ဆံကို မသုံးနိုင်ဘဲ နိုင်ငံခြားငွေတွေကို ကိုင်သုံးနေရတယ်ဆိုတာ တကယ်တော့ ဖြစ်သင့်သလား ? ဖြစ်ထိုက်သလား ? ဆိုတဲ့ အတွေးတွေက ကြိုးနဲ့သီထား သလို တသီကြီး စိတ်အလျင်မှာ ဖြစ်ထွန်းလျှက် ရှိနေတော့တယ်။ တာချီလိတ် ရောက်တုန်းရောက်ခိုက် လက်ဖက်ရည်လေး ဘာလေး သောက်ဦးမှဆိုပြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို ဝင်လိုက်မိတယ်။ ဒါပေမဲ့ လက်ဖက်ရည် အရသာကို ကြိုက်ပေမယ့် ပိုက်ဆံ ရှင်းခါနီး အချိန်မှာတော့ အခုနက ဖြစ်ထွန်းနေတဲ့ ထိုင်းငွေကြေး သုံးစွဲမှု တွင်ကျယ်နေတဲ့ ခံစားမှုကို ထပ်ပြီးတော့ အံ့ဩမိရပြန်တယ် ဗျာ။ မြန်မာ ပိုက်ဆံလေးကို ထုတ်ကိုင်ထားတဲ့ ကျွန်တော့်အတွက် စားပွဲထိုးပြောလိုက်တဲ့ စကားက ကျနော့ခံစားမှုကို ဆွံ့အ သွားစေတယ်။

“အစ်ကို တစ်ခွက်ကို ဘတ် ၂၀”တဲ့

အံ့အားသင့်ခြင်း များစွာနဲ့ပဲ ဈေးထဲမှာ လဲထားတဲ့ ထိုင်း ပိုက်ဆံတွေထဲက ဘတ် ၂၀ ကို ထုတ်ပေး လိုက်မိတယ်။

တို့နိုင်ငံထဲမှာ နိုင်ငံက ထုတ်တဲ့ ပိုက်ဆံကို သုံးမရတဲ့ ဒေသမျိုးကို တကယ်ကို ဖြစ်နေပါလားဆိုတဲ့ အသိဟာ စိတ်အစုံကို မချင့်မရဲ ဖြစ်စေတယ်၊ ကိုယ့်တိုင်းပြည် ကိုယ့်ဒေသမှာ ကိုယ်ပိုင် ပိုက်ဆံကို သုံးမရတဲ့ အဖြစ်ဟာ ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာကို ကျနော် ဇာချဲ့ပြီး မတွေးလိုတော့ပေမယ့်၊ ဒီဖြစ်ရပ်ကို ဝမ်းနည်းမိတာ ကတော့ အမှန်ပဲ။

ဒါနဲ့ ကျနော်် ထိုင်းနိုင်ငံဘက်ကို ကူးတဲ့ တံတားဘက်ကို ရောက်ခဲ့ပြန်တယ်။ အဲဒီ့အခါ ကျပြန်တော့လည်း ထပ်ပြီး အံ့အားသင့်မိ ရပြန်တယ်။ တစ်မြို့လုံးလိုလို ထိုင်းငွေ ဘတ်သုံး နေတဲ့ဒေသမှာ မြန်မာပိုက်ဆံ သုံးလို့ရတဲ့ နေရာကို တွေ့လိုက်ရလို့လေ။

ထိုင်းဘက်ကို အလည်ကူးချင်တဲ့ ကျွန်တော့်အတွက် နယ်စပ်ဂိတ်ကို ရောက်ပြန်တော့ ခပ်တည်တည်နဲ့ တံတားဖြတ်ခ အဖြစ် ထိုင်းဘတ်ငွေကို ထုတ်ပေး လိုက်မိပြန်တယ်။ အဲဒီအခါမှာ နယ်စပ်စောင့် တံတားပေါ်က အရာရှိမင်းက “ဒါက ဘာလဲဗျ!  ဒါ မြန်မာနိုင်ငံ ခမျ ! ခင်ဗျားက ဘာလို့ ထိုင်း ပိုက်ဆံတွေ လာပေးတာလဲ”တဲ့။

ပါးစပ် အဟောင်းသားနဲ့ ကျွန်တော် အံ့အား သင့်မိပြန်တယ်။ ေဩာ်…လက်ဖက်ရည် ဆိုင်ကအစ တစ်မြို့လုံးက နေရာတိုင်းမှာ ထိုင်းပိုက်ဆံသုံးနေတဲ့ တာချီလိတ်လို မြို့မှာ မြန်မာပိုက်ဆံ သုံးလို့ရပြန်တယ် ဆိုတော့ ကြံဖန်ပြီး ဝမ်းသာတာ တဖက်၊ ကိုယ့်နိုင်ငံထဲ သူများငွေတွေ ကျူးကျော်နေလို့ ဝမ်းနည်းရတာ တဖက်နဲ့ ဂိတ်ဖြတ်ကြေး ပေးပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ကို ကူးခဲ့ မိပါတော့တယ်။

ကိုယ်မသိ မကျွမ်းတဲ့ဒေသမှာ နေမပျော်၊ ကိုယ့်ဒေသလေးမှာသာ ပျော်မွေ့တတ်တဲ့ ကျနော့အတွက် ခဏသာ လည်ပတ်ပြီး မြန်မာနိုင်ငံဘက် အခြမ်းဖြစ်တဲ့ တာချီလိတ်ကို ပြန်ကူး လာခဲ့မိပြန်တယ်။ ဒါပေမဲ့လည်း အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ တိုးတက်မှုကတော့ ဟိုဖက်ကမ်းက မီးထိန်ထိန် ဆိုတဲ့ ငယ်စဉ်တောင်ကျေးဘဝက ကဗျာလေးကိုတောင် အမှတ်တမဲ့ မှသည် အမှတ်တရသို့ သတိတရဖြစ်စေခဲ့တာ ကတော့ အမှန်ပါပဲ။

ဟိုဘက် ဒီဘက် မြစ်ဆိုမှ ဘုရားစူးမြစ်ဆိုတဲ့ ဟာလေးသာ ခြားတဲ့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံရဲ့ ကွာခြားချက်က ကျွန်တော့်အတွက် တကယ့်ကို လွန်လွန်းအားကြီးတာ အမှန်ပဲ။ လူနေမှု အဆင့်အတန်းချင်း ယှဉ်မလား၊ စီးပွားရေးအရ ယှဉ်မလား၊ ဘယ်ဘက်ကမှကို နှိုင်းလို့မရအောင်ကို ကွာခြားနေလေရဲ့။ ေဩာ် ဒါတောင် ချောင်းလို့တောင် ခေါ်ရရင်ရမယ့် မြစ်ကလေးသာ ခြားထားပေလို့။ နောက်များသာဆို တို့မြန်မာပြည်က ဘယ်လိုမျိုး ဖြစ်နေဦးမလဲဆိုတာ မတွေးဝံ့စရာ အတွေးတွေ တသီတတန်းကြီးကို ဖြစ်လို့။

ဒီလိုနဲ့ မြန်မာပြည်ဘက်အခြမ်း တာချီလိတ်ဘက်မှ တညတာ တည်းခိုဖို့အတွက် တည်းခိုစရာနေရာ ရှာရပြန်ရော။ အဲဒီ့ကျပြန်တော့လည်း တည်းခိုခန်းခ ရှင်းရပြန်တော့ ထိုင်းဘတ်ငွေနဲ့ပဲ ရှင်းရပြန်တယ်။ တို့မြန်မာမြေမှာ မြန်မာပိုက်ဆံသုံးနိုင်တာ တံတားလေး တခုပဲရှိပါလားလို့ ဆစ်ဆစ်ပေါက်ပေါက် တွေးမိသေးတယ်။ ကိုယ့်မြန်မာပိုက်ဆံကို ဘယ်နား သုံးရမှန်းမသိဖြစ်ခဲ့ရတဲ့ မြန်မာမြေတစ်နေရာက မြန်မာလူမျိုးတစ်ယောက် အဖြစ်က တယ်လည်း ဘိုးသိုးဘတ်သပ် နိုင်နေပြန်ရော။

ဒီလိုနဲ့ နောက်တစ်ရက် ရောက်ခဲ့ပြန်ချေပေါ့။

မနက် မိုးလင်းလင်းချင်း ထိုင်းဘတ်နဲ့ပေးရတဲ့ လက်ဖက်ရည်ဆိုင်လေးမှာပဲ မနက်စာ အစာပြေစားဖို့ အိပ်ခန်းတွင်းက ထွက်လာတော့ တည်းခိုခန်း လှေခါးအဆင်း ကောင်တာမှာ ချိတ်ထားတဲ့ ပုံလေးက ကျွန်တော့်အတွက် တကယ့်ကို ထူးထူးခြားခြား ဖြစ်လို့နေမိတယ်၊ ထိုင်းဘုရင်နဲ့ မိဖုရားပုံကို ချိတ်ဆွဲထား လို့လေ။ ကျနော် တော်တော့်ကို အံ့ဩမိရ ပြန်တယ်။ ဒါ မြန်မာပြည်ပါနော် လို့လည်း အတွေးထဲ ခေါက်တို့ ခေါက်ပြန် မေးနေမိတယ်။ ကိုယ့်တိုင်းပြည်မှာ တိုင်းပြည် အုပ်ချုပ်မင်းလုပ်နေတဲ့ လူကို မလေးစားလို့၊ တိုင်းပြည် ခေါင်းဆောင်မပီသလို့ အလေးအမြတ် မထားချင်ထား နေလို့ရပါတယ်။ ဒီလိုမျိုး နေနေတဲ့ လူတွေကလည်း ရိုက်သတ်ဖို့ မပြောနဲ့။ သေနတ်နဲ့ ပစ်သတ်တောင် မကုန်ပါဘူး။ ဒါပေမဲ့ တခြားတိုင်းပြည်က ဘုရင်ကို အလေးအနက်ထား ကိုးကွယ်ပသ နေတာကတော့ မဖြစ်သင့် မဟုတ်တန်ရာ။

စာရေးသူ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေး ခွဲခြားတာတော မဟုတ်ပါဘူး။ ကိုယ့် တိုင်းပြည်၊ ကိုယ်မြေပေါ်မှာ နေရင်း တစ်ပါးတိုင်းပြည်က ဘုရင်ကိုမှ အရှင်သခင်မှတ်တာ များကတော့ ကိုယ်တိုင်းပြည် အတွက် နာမိတာတော့ အမှန်ပဲ။ ကိုယ့်မြေမှာ မွေး၊ ကိုယ့်ရေ ကိုသောက်၊ ကိုယ်မြေက ထွက်တဲ့ဟာကို စားပြီး သူများတိုင်းပြည်က ဘုရင်ကို အလေးအနက် ထားတာကတော့ မဖြစ်သင့်တဲ့ ကိစ္စလို့ ပြောရမှာပဲ။ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် ဒါမျိုးက ဖြစ်သင့်ဖြစ်အပ်၊ ဖြစ်ထိုက်တဲ့ အကြောင်းအရာတော့ မဟုတ်ပါဘူး။ ဘာသာတရား အနေနဲ့ မိမိကြိုက်ရာကို ကိုးကွယ်နိုင်ပေမယ့် ဘာသာတရား မဟုတ်တဲ့ တခြားနေရာမှာတော့ ဒီလိုမျိုးဖြစ်တာမျိုး ကတော့ ဘယ်လိုပြောရမှန်း မသိအောင် အထာမကျ ဖြစ်ရတယ် ဒီမြို့လေးရယ်လို့ ဟစ်လို့သာ အော်လိုက်ချင် တော့တာပါပဲ။

အဲဒီနေ့အတွက် တာချီလိတ်ကို လျှောက်လည်ကြည့်ဖို့ ဆိုင်ကယ်တက္ကစီလေး တစ်စီးငှားပြီး မြို့ကို ပတ်ခဲ့ပြန်ပါတယ်။ ဘယ်နေရာ ရောက်ရောက် တိုင်းရင်းသူ၊ တိုင်းရင်းသားတွေက ဒေသခံမဟုတ်တဲ့ ကျနော့်ကို တွေ့တိုင်း ထိုင်းလိုပြောပြော နေကြတဲ့အတွက် အတော်စိတ်ပျက်မိတာ အမှန်ပဲ။ ကိုယ့်တိုင်း ပြည်မှာ ကိုယ့်စကားကိုတောင်မှ အလွယ်တကူ မသုံးနိုင်တော့ဘူးလားဆိုပြီး စိတ်ပျက် အားငယ်စိတ်တောင် ဝင်ခဲ့မိတယ်။

ဒီလိုနဲ့ ထိုင်းနိုင်ငံဖြစ်နေတဲ့ ကိုယ့်နိုင်ငံထဲက တာချီလိတ်ကို စိတ်နာနာနဲ့ မလည်တော့ဖူး ဆုံးဖြတ်ပြီး စာရေးသူ နောက်တစ်ရက် မှာပဲ ရန်ကုန်ပြန်ဖို့အတွက် ပြင်ဆင်ပါတော့တယ်။ နေရာတိုင်း ထိုင်းပိုက်ဆံ သုံးနေတဲ့အတွက် လေယာဉ်လက်မှတ်ဝယ် ရင်တော့ဖြင့် အနည်းငယ်သာ ကျန်တော့တဲ့ ထိုင်းပိုက်ဆံနဲ့ မလောက်ငှမှာစိုးလို့ ဈေးကိုပြေးပြီး ထိုင်းဘတ်ငွေနဲ့ မြန်မာပိုက်ဆံ သွားလဲရပြန်ရော။

ဒါပေမဲ့ လေဆိပ်အဝင် ရောက်တဲ့အခါမှာ ငှားလာတဲ့ ဆိုင်ကယ်သမားရဲ့ သတိပေးစကားက ကျွန်တော့်အတွက မှာတော့ ဘိုးသိုးဘတ်သပ်ကို ဖြစ်လို့ပေါ့။ “အစ်ကို…အဲဒီကို ထိုင်းဘတ်ငွေတွေ မယူသွားနဲ့။ အစ်ကို့ကို ဖမ်းသွားလိမ့်မယ်။ နိုင်ငံခြားငွေ ကိုင်ဆောင်မှုနဲ့ ဖမ်းလိမ့်မယ်။ မြန်မာငွေပဲ ယူသွားတဲ့” ကဲ…ကောင်းကြလေရောပေါ့။ တစ်မြို့လုံးလိုလို ထိုင်းပိုက်ဆံသုံးနေတဲ့ တာချီလိတ် မှာ ထိုင်းပိုက်ဆံ ကိုင်ဆောင်မှုနဲ့ ကျွန်တော် အဖမ်းခံရမယ် ဆိုရင်တော့ လူလည်ပါဆိုတဲ့ ရန်ကုန်သား နာမည်ပျက်ရချေရဲ့။ ဒါကြောင့် ကျောပိုးအိတ်ထဲကို အသင့်လဲလာတဲ့ ထိုင်း ပိုက်ဆံတွေ ဝှက်၊ တစ်ချိန်လုံး မျက်နှာငယ်နေရတဲ့ မြန်မာပိုက်ဆံကို ရဲရဲဝင့်ဝင့်ကိုင်လို့ လက်မှတ်သွားဖြတ်တဲ့ အခါမှာတော့ အားလုံးက အဆင်ကို ချောလို့။

စာရေးသူ အံ့ဩမိတာက တမြို့လုံး ထိုင်းဘတ်ငွေကို သုံးနေပေမယ့် လေဆိပ်လို နေရာမျိုးမှာ ထိုင်းဘတ်ငွေ ကိုင်ရင် ဖမ်းတယ်ဆိုတဲ့ အချက်ကတော့ သိပ်အထာမကျတာ အမှန်ပါ။ တာချီလိတ်လိုမြို့မှာ နိုင်ငံခြားငွေ ကိုင်ဆောင်မှုနဲ့သာ ဖမ်းကြကြေး ဆိုရင်တော့ဖြင့် မြန်မာပြည်မှာ ရှိသမျှ ထောင်တွေအားလုံး ပြည့်သွားမှာ သေချာတယ်။ ဒါ့အပြင် အစိုးရ ဘတ်ဂျတ်လည်း ထိခိုက်မှာတော့ အမှန်ပဲ။ ဒါပေမဲ့ တာချီလိတ်လို မြို့မှာ ထိုင်းဘတ်ငွေကို တွင်တွင်ကျယ်ကျယ် သုံးနေတာ (အိုဗျာ) ထိုင်းပိုက်ဆံပဲ သုံးနေတဲ့ မြို့မှာ လေဆိပ်ကျ တော့မှဖြင့် နိုင်ငံခြားငွေကိုင်ဆောင်မှုနဲ့ ဖမ်းမယ် ဆိုရင်တော့ဖြင့် ဒါဟာ ဘယ်သူ့မှာ တာဝန် ရှိတယ်ဆိုတာသာ ကိုယ့်ဟာကို တွေးကြည့်ပါတော့။

စိတ်မောလူမော၊ စိတ်ပျက် လက်ပျက်နဲ့ပဲ တာချီလိတ်ကို ခွဲခွာဖို့က ပိုလို့တောင် သေခြာသွားခဲ့ပြီး နောက်တစ်ရက် ရန်ကုန်အပြန် ခရီးမှာအတွေး သီမိတာကတော့ အထာမကျတဲ့ တာချီလိတ် မြို့လေးဟာ ငါတို့မြန်မာပိုင်မှ ဟုတ်သေးရဲ့လား ? ဆိုတဲ့ ဘိုးသိုးဘတ်သပ် အတွေးလေးပါ။

ထွန်းတောက်နေ

LEAVE A REPLY

Please enter your comment!
Please enter your name here