ထိုင်း ကန့်ကွက်ရေး အုပ်စု အနေဖြင့် နိုင်ငံရေး ပါတီ တစ်ခုဖွဲ့စည်းရန် မဲပေးခြင်း

alt

ထိုင်း ရှပ် အဝါရောင် ၀တ်ဆင်သည့် ကန့်ကွက်ရေး လှုံ့ဆော်မှု အဖွဲ့၏ အဖွဲ့ဝင်များ အနေဖြင့် နိုင်ငံရေးပါတီ တစ်ခု ဖွဲ့စည်းရန် မဲပေးခဲ့ကြသည်။ နိုင်ငံ အနေဖြင့် စီးပွားရေး ဆုတ်ယုတ်မှုမှ လွတ်မြောက်အောင် ကြိုးပမ်းနေစဉ် အတွင်း ဩဇာ သက်ရောက်မှု အလားအလာ ရှိသော အင်အားစု တစ်ခုဖြစ်လာရန် ဖန်တီးခြင်း ဖြစ်သည်။

အစိုးရ အဖွဲ့နှစ်ဖွဲ့ ပြုတ်ကျအောင် စွမ်းဆောင် လှုပ်ရှားခဲ့သည့် ပြည်သူ့ ဒီမိုကရေစီ ညွန့်ပေါင်း ပါတီ၏ အဖွဲ့ဝင် ထောင်ပေါင်း များစွာတို့သည် တနင်္လာနေ့က ဘန်ကောက်မြို့ အနီးရှိ ပြေးခုန်ပစ် အားကစားကွင်းတွင် စုဝေးကြပြီး အဂတိ လိုက်စားမှုကို ဆန့်ကျင်သော အခြေခံလူတန်းစား လှုပ်ရှားမှုမှ တရားဝင် နိုင်ငံရေးပါတီ တစ်ခုအဖြစ် အသွင်ပြောင်းရန် မဲပေး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ပြည်သူ့ ဒီမိုကရေစီ ညွန့်ပေါင်းပါတီ အနေဖြင့် အမည် မပေးရသေးသော ပါတီသစ် ကို ဦးဆောင်ရန် လှုပ်ရှားမှုကြီးကို ဦးစီး ဦးဆောင်ပြုခဲ့သည့် အသက် (၆၁) အရွယ် စာအုပ် ထုတ်ဝေသူ နှင့် သတင်း ထုတ်လွှင့်ရေးမှူး ဖြစ်သူ Mr. Sondhi Limthongkul ဖြစ်နိုင်ချေ ရှိသည်ဟု တစ်ပြေးလျက်ရှိသည်။

ယခုလို ပြည်သူ့ဒီမိုကရေစီ ညွန့်ပေါင်းပါတီ အနေဖြင့် မဲပေးရခြင်းမှာ ထိုင်းနိုင်ငံသည် ဆယ်စုနှစ် ကျော်အတွင်း စီးပွားရေး ကျဆင်းမှု အဆိုးဝါးဆုံးသို့ ရောက်ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ အစိုးရ စီးပွားရေး စီမံကိန်းအေဂျင်စီက ပြောကြားရာတွင် စုစုပေါင်း ပြည်တွင်း ထုတ်ကုန်သည် ၂၀၀၉ခုနှစ်၊ ပထမ(၃)လပတ်တွင် ရ.၁%သို့ ကျံု့သွားခဲ့သည်ဟု ဆိုကာ၊ ၁၉၉၇-၉၈ အာရှဘဏ္ဍာရေး အကျပ်အတည်းဖြစ်ပြီး ကတည်းက အဆိုးဝါးဆုံး အခြေအနေသို့ ဆိုက်ရောက်လာသည်ဟု ဆိုကြသည်။

အစိုးရနှင့် စီးပွားရေးပညာရှင်များက စီးပွားရေး အခြေအနေသည် အောက်ခြေသို့ ရောက်လုနီးပါး ဖြစ်နေသည်ဟု ဆိုကာ ပို့ကုန်များသည် ကမ္ဘာ့အနှံ့ စီးပွားရေး ကျဆင်းမှုကြောင့် ကျဆင်းလျက်ရှိပြီး နိုင်ငံရေး မတည်ငြိမ်မှုကြောင့် နိုင်ငံခြားသား ခရီးသွားလာရေး လုပ်ငန်းလည်း ကျဆင်းလျက်ရှိသည်။ ယခုလို ရှုပ်ထွေးနေသည့် အခြေအနေတွင် ယခင်လက ပြည်သူ့ ဒီမိုကရေစီ ညွန့်ပေါင်းပါတီ၏ ဦးစီး ဦးဆောင် Mr. Sondhi အနေဖြင့် အာရုံဦးတွင် တိုက်ခိုက်မှုဖြစ်သည့် ၎င်းစီးလာသောကားကို အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့သဖြင့် ချောင်းမြောင်း လုပ်ကြံမှုဘေးမှ သီသီကလေး လွတ်မြောက်ခဲ့ပါသည်။

Mr. Sondhi အနေဖြင့် အဂတိလိုက်စားသည့် နိုင်ငံရေးသမားများကို ရှုတ်ချခဲ့ပြီး စစ်သားများ အနေဖြင့် Mr.Sondhi ကို ချောင်းမြောင်း လုပ်ကြံမှုအတွက် လူစုလူဝေးဖြင့် နိုင်ငံရေး လှုပ်ရှားမှုကြီး အသွင်ပြောင်းလာမည်ကို စိုးရိမ်ပူပန်လျက် ရှိကြသည်။ ပြည်သူ့ ဒီမိုကရေစီ ညွန့်ပေါင်းပါတီကို ထောက်ခံသူ အများစုက ယခုလို နိုင်ငံရေးပါတီသစ် တစ်ခု ဖွဲ့စည်းခြင်းသည် ပြည်သူ့ဒီမိုကရေစီ ညွန့်ပေါင်းပါတီ၏ ထိုင်းနိုင်ငံအတွက် လှုပ်ရှားမှုအသစ်ကို စတင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အရှေ့တောင် အာရှ၏ ပင်မအချက်အချာ စီးပွားရေးကြီးတစ်ခုကို လှုပ်ရှားရှင်သန်စေရန် နည်းလမ်းသစ်ဖြင့် စတင်နိုင်ရန် ဂတိပြုခြင်းလည်း ဖြစ်ပါကြောင်းဖြင့် ပြောကြားသွားခဲ့သည်။

နိုင်ငံအနေဖြင့် သာမန်လူထုကို ကိုယ်စားပြုသည့် အရပ်သား ခေါင်းဆောင်များနှင့် စစ်တပ်က ခန့်အပ် သည့် အတတ်ပညာရှင်များ အကြား ဆယ်စုနှစ်များစွာ လှုပ်ရှားရုန်းကန် နေခဲ့ကြရသည်။ မဲဝယ်ယူမှုနှင့် အဂတိ လိုက်စားမှုသည် ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိကာ ပို့ကုန်ကို မှီှခိုရသည့် ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေ အနေသည် ယိမ်းယို်င်နေ၍ လက်ရှိ အခြေအနေကို သည်းခံ၍နေရန် ထိုင်းနိုင်ငံသားများ အနေဖြင့် ဆန္ဒမရှိကြချေ။ ထိုနေ့က ပြုလုပ်သော ကစားကွင်းတွင် ထောက်ခံသူ အများစုသည် ပြည်သူ့ ဒီမိုကရေစီ ညွန့်ပေါင်းပါတီ၏ လှုပ်ရှားမှုအမှတ် အသားဖြစ်သည့် အဝါရောင်ရှပ်များကို ၀တ်ဆင်ထားပြီး၊ အခြားသူများသည် ထိုင်းနိုင်ငံဘုရင် ဘူမိဘော အဒူရာဒဲရှ် ၏ ရုပ်ပုံကို ကိုင်ဆောင်ထားကြသည်။

၂၀၀၆ခုနှစ်တွင် ပြည်သူ့ဒီမိုကရေစီ ညွန့်ပေါင်းပါတီ ပေါ်ပေါက်ပြီးနောက် ထိုင်းနိုင်ငံ၏ နိုင်ငံရေးမြင်ကွင်းကို အသွင်ပြောင်းလဲ စေခဲ့ပါသည်။ Mr. Sondhi အနေဖြင့် ယခင် ၀န်ကြီချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ ကို တိုက်ခိုက်ခဲ့မှုများကြောင့် ပါတီအနေဖြင့် တက်ကြွစွာ လှုပ်ရှားမှုကြီးများကို စဉ်ဆက်မပြတ်လှုပ်ရှား ဆောင်ရွက်လာခဲ့ပါသည်။ ပါတီ၏ လှုပ်ရှားမှုများသည် မစ္စတာသက်ဆင်၏ အုပ်ချုပ်ရေးအဖွဲ့တွင် အဂတိ လိုက်စားမှုများ ပရမ်းပတာ ဖြစ်နေသည်ကို စွပ်စွဲသော ကန့်ကွက် ဆန္ဒပြမှုများဖြစ်ပါသည်။

၂၀၀၆ခုနှစ်၊ စက်တင်ဘာလတွင် မစ္စတာသက်ဆင် အနေဖြင့် စစ်တပ်မှ အာဏာသိမ်းမှုကြောင့် နိုင်ငံမှ ထွက်ပြေးခဲ့ရပြီး ယခု ၎င်းအနေဖြင့် မိမိကိုယ်ကို ပြည်နှင်ဒဏ် ခံရသူဘဝဖြင့် နေထိုင်လျက်ရှိပြီး အဂတိ လိုက်စားမှုကျူးလွန်သည့် အတွက် ထောင်ဒဏ်ချမှတ်မှု ကိစ္စအပေါ် အာဏာသိမ်းမှု၏ အကြောင်းပြချက် တစ်ရပ် ဖြစ်သည်ဟု ငြင်းဆိုလျက် ရှိနေသည်။ ပြည်သူ့ ဒီမိုကရေစီညွန့်ပေါင်း ပါတီ၏ လှုပ်ရှားမှုသည် ၂၀၀၇ခုနှစ်တွင် လျော့ပါးသွားပြီး၊ ယခင်နှစ်တွင် ပြန်လည် လှုပ်ရှားလာကာ ပါတီအနေဖြင့် လပေါင်းများစွာ ကန့်ကွက်ဆန္ဒပြခြင်း၊ လေဆိပ်ကို သိမ်းထားခြင်းဖြင့် ရာထောင်ပေါင်းများစွာသော ခရီးသည်များ သောင်တင်ခဲ့ခြင်း အပါအဝင် ဆန္ဒပြမှုများကြောင့် မစ္စတာ သက်ဆင်၏ ယောက်ဖ ဦးဆောင်သော အစိုးရကို ပြုတ်ကျ သွားစေခဲ့သည်။

မစ္စတာသက်ဆင်၏ အစိုးရအဖွဲ့ဟောင်းမှ ဥပဒေပြုပုဂ္ဂိုလ်များနှင့် စစ်တပ်မှ အဆင့်မြင့် ဗိုလ်ချုပ်များ၏ အကူအညီဖြင့် ညွန့်ပေါင်းအစိုးရကို ဖွဲ့ခဲ့ရာ မစ္စတာသက်ဆင်၏ နောက်လိုက်များက ကန့်ကွက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပါလီမန်က ဒီမိုကရက်တစ် ပါတီခေါင်းဆောင် Mr. Abhisit Vejjajiva ကို ၀န်ကြီးချုပ် အဖြစ် ရွေးကောက်ခဲ့ရသည်။ ဘန်ကောက်မြို့တွင် တနင်္လာနေ့၌ ၀န်ကြီးချုပ် Abhisit က သတင်းထောက်များကို ပြောကြားရာ၌ မိမိအနေဖြင့် ထိုင်းနိုင်ငံ၏ ပါလီမန်တွင် အမတ်နေရာများ ပြိုင်ဆိုင်ရန် ပြည်သူ့ဒီမိုကရေစီ ညွန်ပေါင်းပါတီ၏ အစီအစဉ်များကို စိုးရိမ်ကြောင့်ကြမှု မရှိကြောင်းဖြင့် ပြောကြားပါသည်။ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ကျင်းပရန် အလားအလာရှိပါသည်။ Abhisit က ဒီမိုကရက်တစ် ဥပဒေပြုသူအများစုသည် ပါတီသစ်သို့ ပြောင်းသွားမည်ဟု မိမိ မထင်ကြောင်းဖြင့် ဆိုသည်။

အချို့ လေ့လာ သုံးသပ်သူများ၏ အမြင်က တစ်မျိုးဖြစ်နေကာ ဘန်ကောက် ချူလာလောင်ကွန် တက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံ ပါမောက္ခတစ်ဦးဖြစ်သည့် Mr. Thitinan Pongsudhirak က ပြည်သူ့ဒီမိုကရေစီ ညွန့်ပေါင်းပါတီ၏ မြို့ပြနှင့် လူလတ်တန်းစား မဲပေးသူများ၏ အမာခံ မဲဆန္ဒနယ်မြေသည် Mr. Abhisit ၏ ပြုပြင်ရေး အမြင်ရှိသည့် မဲပေးသူများနှင့် ရောနှောနေသည့် အတွက် မဲပေးရာတွင် ဒီမိုကရက်တစ် များကို အားနည်းစေမည် ဖြစ်ကြောင်းဖြင့် သုံးသပ် ပြောကြားလိုက်သည်။

လင်းဦး(စိတ်ပညာ)
source – wsj

LEAVE A REPLY

Please enter your comment!
Please enter your name here