ဟီရိဩတ္တပ္ပ တရားတော့ ရှိစေ ချင်သည်

alt

ပီဖင်းဂိုး လေး ဒိုင်ယာရီကို မရေးဖြစ်တာ နည်းနည်း ကြာသွားပြီ။ မရေးဖြစ်ဆို ကျနော် အလုပ်လုပ်နေတဲ့ အိမ်ရှင် အလုပ်မအားလို့ပါ။ သူ့မှာ ဒီအိမ် အလုပ်တွေလည်း လုပ်ရ အင်းစိန်ဆိုလား? ဘာဆိုလား? ထောင်ရှိရာကိုလည်း သွားနေရသတဲ့

ထောင်ရှိရာကို ကသုတ်ကရက် သွားသွားနေတဲ့ သူ့ပုံကို ကြည့်ရင်း ကျုပ် ပီဖင်းဂိုးက သူ့ အစား မောလိုက်တာ။ ကသောကမျော ပြေး။ ပြန်လာ ။ အလုပ်တွေလုပ် ။ သူ့ မိတ်ဆွေတွေနဲ့ စကားတွေပြော သက်ပြင်းကြီးတွေ အရှည်ကြီးချ၊ အားမရဘူး ဆိုတဲ့ စကားလုံးတွေ ခပ်တွင်တွင်ပြော။ အတွင်းမှာ အာဏာနဲ့ လုပ်စားသလို အပြင်မှာလည်း ဒီမိုကရေစီနဲ့ လုပ်စားနေသူတွေ အကြောင်း။ အဲလို တိုင်းပြည် မျက်နှာထက် ကိုယ်ကျိုးကိုသာ ကြည့်တဲ့ သူတွေကြောင့် သူတို့ မြန်မာပြည် ခုလို ဆင်းရဲမွဲတေ စုတ်ပြတ် သတ်နေတာ ဖြစ်တဲ့ အကြောင်း……….. အို ……..စုံနေတာပါပဲ။ သူ့ရင်ဘတ်ထဲက ဗြုတ်စဗျင်းတောင်း တွေပေါ့။

ပီဖင်းဂိုး ကျုပ်ခမျာ စကားလာပြောတဲ့ လူတွေ အကြောင်း စိတ်ဝင်စားလွန်းလို့ မှတ်သားရတာ တမျိုး၊ ဆိုင်ရှင် လူထူးဆန်းကြီးရဲ့ မကြောက်တရားနဲ့ အလုပ်လုပ်နေပုံတွေကို ကြည့်ရင်း အံ့ဩ အားကျမိလို့ လိုက်နားထောင် ရတာက တဖုံ၊ ကျုပ်လည်း အမယ်ဘုတ်ကယ် သူ့ချည်ခင် ဆိုမလားပဲ အလုပ်တွေ ရှုပ်နေတာပါဘဲ။ ဟော… ဟော ကျုပ် အခု အပတ်အတွင်း ကြားမိသလောက် လေးတွေ ဆက်ပြောအုံးမလို့ နားထောင်ကြအုံးဗျို့။

ပြီးခဲ့တဲ့ သုံးရက် လောက်ကတင် သူတို့မိသားစု ဖုန်းလာပြော သွားသေးတယ်။ အဲဒီတုန်းကတော့ ပျော်လို့ ရွှင်လို့ပေါ့။ သူတို့ အနှစ်နှစ် အလလ မျှော်မှန်းခဲ့တဲ့ ရည်မှန်းချက် အောင်မြင်သွားလို့တဲ့၊ ဒါပေမယ့်လည်း သူ့မိန်းမ ဖြစ်တဲ့သူက ရင်မောစိတ်လေးတဲ့ အသံကြီးနဲ့ သူ့ ယောင်္ကျားကို မှာခဲ့တဲ့ အသံလေး ကျုပ်နားထဲက မထွက်သေးဘူး အခုတော့ သူတို့ မိသားစု ဘဝ ပျက်မတတ် ဖြစ်နေပြီတဲ့။ သူ့အိမ်နီးချင်း တယောက်က ဖုန်းလာပြောရင်း သူတို့မိသားစု အကြောင်းကို ပြောပြလို့ သိရတာ။ ဒီမြန်မာပြည်ထဲမှာ အလုပ် လုပ်ကိုင်ရတာ အဆင်မပြေဖြစ်လွန်းလို့ အဲဒီ မိသားစု ခမျာ ရှိစုမဲ့စု။ အင်ကုန်အားကုန် ရုန်းကန်လိုက်ချက်များ သူတို့ လက်ရှိနေနေတဲ့ အိမ်ကိုတောင် ပေါင်နှံ ငွေချေးလိုက်ရတဲ့ စာရင်းထဲ ပါသေးဆိုပဲ။ ငွေပြန်မဆပ်နိုင်ရင် ဒီအိမ်ပါ ဆုံးရမယ်ပေါ့။ ပြည်တွင်းမှာ ယောင်ချာချာဖြစ်နေတဲ့ အလုပ်လက်မဲ့ သူ့ယောင်္ကျားကို အာရပ် နိုင်ငံတနိုင်ငံဆီ အလုပ်လုပ်ဖို့ လွှတ်လိုက်တာ။ သိန်းပေါင်း ငါးဆယ်ကျော်တောင် ပွဲစားခပေးရတယ် ဆိုပဲ။ သိန်း ငါးဆယ်ဆိုတာ သူတို့လို လူမျိုးတွေ အတွက်တော့ အလွန်ကိုကြီးမားတဲ့ ထုထည် ငွေကြေးပါ။ အခုတော့ သူတို့ မိသားစု ရူးမတတ် ဖြစ်နေရတယ်တဲ့။

ကျုပ်လည်း စိတ်ဝင်စားလို့ သူတို့ အကြောင်းလာပြောနေတဲ့ အမျိုးသမီး အသံကို နားစွင့်လိုက်တာ။ အလုပ်အကိုင်ရှားပါး စီးပွားပျက်ကပ်ကြောင့် နိုင်ငံတိုင်း အလုပ်အကိုင်တွေ လျော့ချနေချိန်မှာ ဘာမှ မစူးစမ်းဘဲ ။ ရမ်းသန်း သွားလိုက်တော့ ဟိုနိုင်ငံက အလုပ်သမား အသစ်တွေ လက်မခံဘဲ ပြန်လွှတ်နေတာနဲ့ တိုးပြီး ဆန်ပြုတ်သောက် ဆုတ်ပြန် လာခဲ့ရတာပဲတဲ့။ သူ့လင်ကို လေဆိပ်ကတောင် သွားမကြို နိုင်လောက်အောင် သူတို့ ဆင်းရဲသွားပြီတဲ့။ တပြားမှ လက်ဝယ်မရှိ။ အလုပ်ကလည်း မရှိ။ လက်ရှိလည်း ကိုယ်ဝန်လွယ်ထားရတဲ့ အဲဒီ အမျိုးသမီးမှာ လာမယ့်လ ရင်သွေးလေး မွေးဖို့ မွေးစရိတ် မပြောပါနဲ့အုံး။ နေစရာ အိမ်ကိုတောင် ပြန်မရွေးနိုင်လို့ လမ်းဘေးမှာ နေရတော့မယ်နဲ့ တူတယ်တဲ့။ ကြည့်စမ်းပါအုံး …. ဗျာ ။ ကျုပ်သာ သူတို့ နေရာမှာဆို ရူးမတတ် ဖြစ်မိမှာပဲနော်။

ဒါပေမယ့်လည်း သိပ်တော့ စိတ်မပူမိပါဘူး။ ခင်ဗျားတို့ မြန်မာလူမျိုးတွေဆိုတာ အချင်းချင်း ရိုင်းပင်းကူညီ စောင့်ရှောက်တတ်တဲ့ စိတ်ထားလေးတွေ ရှိနေသေးတယ် ဆိုတာ ကျုပ်လက်တွေ့ပဲလေ။ အတိ ဒုက္ခရောက်တာ မျိုးတော့ မဖြစ်နိုင်ပါဘူး။ ယုတ်စွအဆုံး နီးရာ ဘုန်းကြီးကျောင်း တကျောင်းမှာ ခေတ္တခဏ ခိုနားနေထိုင်လို့တော့ ရပါသေးတယ်။ ခင်ဗျားတို့ သာသနာနဲ့ လူသားချင်း ကူညီစောင့်ရှောက်လိုစိတ်ကို သွန်သင်တဲ့ ဘာသာရေးက မြန်မာလူမျိုးတွေကို အတိဒုက္ခရောက်ခြင်းက ကင်းနေစေပါတယ်။ ဒါပေမယ့် ဗျာ။ ကိုယ့်နိုင်ငံသားတွေ ဒီလောက် ဒုက္ခရောက်နေတာကို သိသိကြီးနဲ့ တိုင်းပြည်စီးပွားရေး အကြောင်း တိုင်းသူပြည်သားတွေ ဆင်းရဲဒုက္ခ ရောက်နေတာကို ကယ်တင်ဖို့ နည်းလမ်းတွေအကြောင်း ဘာတခွန်းမှ မပြောဘဲ မြန်မာလူထု ကောင်းရာကောင်းကျိုး လုပ်မယ်။ ပြည်သူတွေ ဆင်းရဲတွင်းက လွတ်အောင် ဦးဆောင် ရုန်းကန်မယ်။ လူထုရဲ့ ရှေ့က ကြောက်ရွ့ံခြင်းကင်းစွာနဲ့ လူသားကောင်းကျိုး ဆောင်ကြဉ်းမယ် ဆိုတဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆိုလား? တကယ့် မဟာအမျိုးသမီးကြီး တယောက်ကို ထောင်သွင်း အကျဉ်းချဖို့ သူ့ကိုသူ အစိုးရလို့ပြောတဲ့ ဘောင်းဘီစိမ်းဝတ်တွေက မျက်နှာပြောင်တိုက် လုပ်နေတယ်ဆိုပဲ….. ဗျ။ ခင်ဗျားတို့ အစိုးရဆိုတဲ့ သေနတ်တကားကား လူကြီးတွေက။ အတော် ရက်စက်တယ်ဗျာ။ တကယ့် တကယ်ဆို ကျုပ်အခု ပြောပြခဲ့တဲ့ အတိဒုက္ခရောက်နေသူ နိုင်ငံသားတွေ အတွက် ဦးစားပေး စဉ်းစားရမှာ ။ အကူအညီတွေ ပေးရမှာ။ ကယ်တင်စောင့်ရှောက်ဖို့ စီမံကိန်းတွေ လုပ်ပေးနေရမှာ ။ အခုတော့ဗျား ။ ကြားရတဲ့ သတင်းတွေက နားနဲ့မဆန့် ။ ကျုုပ်လို စင်ကာပူ နိုင်ငံသား တယောက် အနေနဲ့တော့ သိပ်ထူးဆန်းလို့ နေတယ်ဗျ။ ဒီနိုင်ငံသား အချို့တော့ ဖိစီးမှုတွေနဲ့ နေသားကို ကျလို့။

ဘာတဲ့ရယ်….! တရားဥပဒေ အထက် ဘယ်သူမှ မရှိရဘူး။ ဆိုပြီး ကြွေးကြော်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက အမျိုးသမီး သုံးယောက်ကို ဖမ်းချင်လို့ နည်းမျိုးစုံ လံကြုတ်ဇာတ်လမ်းတွေဆင် အမှုတွေဆင် စွဲချက်တွေ တင်ပြီး ထောင်သွင်း အကျဉ်းချဖို့ လုပ်နေတယ် ဆိုလားပဲ။ ခရုကို ခါးတောင်းကျိုက် ဖမ်းကြတာမျိုးပေါ့ နော်… ဟုတ်စ။ ပြီးတော့ အများမြင်တဲ့ နေရာမှာ တရားစီရင်ရမယ် ဆိုတဲ့ သူတို့ ဥပဒေကို သူတို့ပဲ ချိုးဖေါက်နေကြတယ်တဲ့။အဲတာ … ဘာနဲ့ တူလဲသိလား? ထွေးပြီးသား တံတွေးကို ပြန်ပြန်မျိုချ နေသူတွေပဲပေါ့၊ အဲဒီ လူထုခေါင်းဆောင်ကြီးကို မတရားဖမ်းပြီး မတရားစီရင်တဲ့ အကျဉ်းထောင်ဆိုတာကို သံဆူးကြိုး အထပ်ထပ်။ လက်နက်ကိုင် အထပ်ထပ်နဲ့ လက်နက်မဲ့ အများပြည်သူ မဝင်နိုင်အောင် ပိတ်ဆို့ကာရန်ထားသတဲ့ ဆိုပဲ။ အဲ အဲ သူ့တို့ ချုပ်ကိုင်ထားတဲ့ သတင်းစာက အဆိုအရ တရားစီရင်တယ်လို့ ဆိုပေမဲ့ အမှန်တရားကို မျက်ကွယ်ခေါ်ဆောင်လို့ တိုးတိုးတိတ်တိတ် အဓမ္မပြုလျှက်။

ကျုပ်လို လွတ်လပ်တဲ့ နိုင်ငံက သူတယောက် အမြင်နဲ့ဆို ခိုးကြောင်ခိုးဝှက် စီရင်တဲ့ ဆုံးဖြတ် စွပ်စွဲချက်ဆိုတာ မတရားတဲ့ အဓမ္မတရား စီရင်ရေးဘဲ။ ဘာတွေနဲ့ တူနေမလဲဆို ဟိုတခါ အီရတ် စစ်တွေ ဖြစ်နေုတုန်းက ဘာသာရေး အစွန်းရောက် အစ္စလမ်မစ်တွေက အနောက်နိုင်ငံသားတွေကို တိတ်တဆိတ် ဖမ်းဆီးပြီး သူတို့ဘာသာ သူတို့ စွဲချက်တွေ တင်။ သူတို့ ဘာသာ သူတို့ လှို့ဝှက်ခုံရုံးတွေနဲ့ လူမမြင်သူမသိ ဆုံးဖြတ်စီရင်။ ခေါင်းတွေဖြတ် ။ သတ်။ သတင်းတွေ ကြားခဲ့ဖူးတယ် မဟုတ်လား။ အဲလို စီရင်တာမျိုးပဲ ဖြစ်လိမ့်မယ်။ မတရား စီရင်တာမျိုးပဲ ဖြစ်လိမ့်မယ်။ နိုင်ငံသား အရေးထက် သူတို့ အာဏာတန်းခိုးထွား တည်တံ့ဖို့ အတွက် မတရားမှု မှန်သမျှ လုပ်ရဲနေကြပြီ။ တဘဝကိုကြည့်ပြီး တနပ်စား ကျင့်ကြံမှုတွေနဲ့ အရှက်အကြောက် တရားကင်းမဲ့နေပြီလို့ ကျုပ်သုံးသပ်တယ်ဗျာ။ အဲတော့ ဘာလုပ်ကြမလဲ။ စောစောက မိသားစုလိုမျိုး လုံးဝကို ဘဝပျက်နေတဲ့ မြန်မာတွေ အများကြီးဆိုမှ အများကြီးပဲ ကျုပ်မြင်တွေ့နေရတာ ။ ဒီလူမျိုးတွေ ဒီလိုဘဝ အဆုံးထိ နိမ့်ပါးနေတဲ့ လူတွေ ဒီနိင်ငံ အနာဂတ် ခင်ဗျားတို့ အနာဂတ်အတွက် ခင်ဗျားတို့ဘဲ လုပ်ကြရမှာ ကြိုးစားကြရမှာ။ ကျုပ်ကတော့ ကျုပ်ဆိုင်ရှင် သူ့ ဒိုင်ယာရီထဲ ရေးထားတဲ့ စာသား လေးတခုကို ခင်ဗျားတို့ သိအောင် ထပ်ဆင့် လက်တို့ ဝေငှ ပြောပြလိုက်ချင်သေးတယ်။

သူက ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီးပြောခဲ့တဲ့ တပ်ထွက်မိန့်ခွန်းမှ ကောက်နှုတ်ချက်လို့ ခေါင်းစဉ်တပ်ထားတဲ့ စာပိုဒ်လေးဗျ။

သို့ အငတ်ငတ် အပြတ်ပြတ် ဖြစ်နေရသည့် ကြားမှ ရက်စက်စွာ အဖိနှိပ်ခံနေရခြင်းထက် လွတ်လပ်ရေးအတွက် တိုက်ခိုက်ပြီး သေရတာ မြတ်သေး၏ ဟု သဘောထားလာကြ၏တဲ့။

အရင် မြန်မာတွေ ကျွန်ဘဝနဲ့ နေရတုန်းက ဆင်းရဲလွန်းတော့ တော်လှန်တိုက်ခိုက်ဖို့ ကြိုးစား လာခဲ့ကြပုံကို ပြောတာပါ။ အခုခေတ် မြန်မာတွေတော့ ရှေးခေတ် မြန်မာတွေလို တော်လှန်ဖို့ တိုက်ခိုက်ဖို့တွေ လုပ်နေစရာ မလိုလောက်ပါဘူး ။

ခင်ဗျားတို့ အခုလက်ရှိနေထိုင် တွေးခေါ်နေတဲ့ အပြုမူတွေ အကျင့်တွေကို ပြင်ဖို့ပဲ လိုတာပါ။ အရေး အကြီးဆုံး ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ကျုပ်ထင်တာက ခင်ဗျားတို့ မြန်မာတွေ တရားမျှတမှုကို မက်မက်မောမောနဲ့ ပိုင်ဆိုင်ချင်စိတ်ရှိဖို့ အတွက် ရေသာခို အချောင်လိုက် အာဏာရှိသူကို ခယ ဖေါ်လံဖားပြီး အရိုးရင်းလေး အဖျားအနားလေး ရဖို့ သိက္ခာကျို့ အသနားခံတတ်တဲ့ လူ့ကျွန်စိတ်ဓါတ်လေးတွေ ပြင်ဖို့ပဲ။ ဘယ်နှယ်ဗျာ …. ! ချဲနှစ်လုံး။ ကွမ်း။ ဆေးလိပ် နဲ့ အချိန်ဖြုန်းပြီး မသာအိမ်ဖဲဝိုင်း တညလုံးထိုင်၊ ကိုးရီးယား ရုပ်ရှင်ကိုကြည့် မဖြစ်နိုင်တာတွေ စိတ်ကူးယဉ်။ ပေါ်ပင်စရိုက်ဟောင်း တွေကြား ဝေလေဝါးလား လုပ်နေတဲ့ အကျင့်တွေ ပြင်ဖို့ပဲ လိုတာပါဗျာ…..။ ခင်ဗျားတို့ နိုင်ငံသား အများစုသာ ညီညီညွတ်ညွတ် လုပ်တတ်မယ်ဆို ဆင်းရဲတွင်းက လွတ်ဖို့ အနီးလေးလို့ ကျုပ်မြင်တယ်။ အင်းစိန်ထောင်ကို သွားသွားပြီး အင်အားဖြည့်ပေးနေတဲ့ ကျုပ်ဆရာ လိုမျိုး တရားမျှတမှုကိုသာ မက်မက်မောမော လိုချင်ပေ့စေ နေ့သစ်ဆိုတာ ခင်ဗျားတို့ အတွက် ရောင်နီကျင်းတော့မှာ မဟုတ်လား။

အော် …. ပြောမယ့်သာ ပြောရတယ်။ မိုးတွေရွာ ရေတွေလျံ မီးကပျက်။ စီးပွားရေးက မကောင်း။ အကြွေး ကထူ ကလေးကဆူ ငူတူတူ လူတွေနဲ့ ဒီပုံအတိုင်းဆို ခရေစိ တွင်းကျများတွေး နောင်ဆို မျိုးရိုးတောင် ပျောက်သွားနိုင်တယ် နော။ ခင်ဗျားတို့ ပြောပြောနေတဲ့ ပေါက်ဖေါ်ကြီးဆိုတဲ့ အမျိုးနွယ်တွေက ခင်ဗျားတို့ကို ဝါးမလား ဝါးရဲ့ မြိုမလား မျိုရဲ့ ပေါ့ဗျာ….. ဩမီသော်ဖေါ် ။

ဟော …. ဟော … ဗျာ …… မီးပျက်သွားပြန်ပြီ

သွားပြန်ပေါ့ ….. တရက်

ရွှေဘန်း (ရန်ကုန်သစ်)

LEAVE A REPLY

Please enter your comment!
Please enter your name here