ပြည်သူများအား အာရုံပြောင်းရန် စစ်အစိုးရ စီမံ နေပြီလော

alt

နအဖ စစ် အစိုးရ လက်ဝေခံ စာမျက်နှာ သာကီနွယ် တွင် မေလ ၁၇၊ ၁၈ ဆက်တိုက် ဖေါ်ပြပါ ရှိခဲ့သည့်၊ ပြည်တွင်း ဖေါက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ ကို တိုးမြှင့် လုပ်ဆောင်ရန် ABSDF, VBSW ,KNU သောင်းကျန်းသူ ဖေါက်ခွဲ ဖျက်ဆီးရေး သမား (၅၀) ဦးခန့် ကို အမေရိကန် နိုင်ငံရောက်

ပြည်ပြေး မိုးသီးဇွန် မှ ကမကထ ပြုလုပ်ကာ ရန် ကုန်မြို့ အတွင်း ဓါတ်ဆီ ပုလင်းများ အသုံးပြုပြီး ဖေါက်ခွဲ ဖျက်ဆီးရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြဝတီ – မဲဆောက်လမ်း မှ လမ်းကြောင်းများ ခွဲပြီး စေလွှတ် လိုက်ကြောင်း ပါရှိပြီး၊ တပတ်အကြာ မနေ့( မေလ ၂၄ ရက် ) က မနက် ၃ နာရီ မိနစ် ၅၀ ခန့်တွင် နေပြည်တော် ပျဉ်းမနား ဘူတာစကြင်္ံ (၁) ၌ ရပ်ထား သော နေပြည်တော် – ရန်ကုန် အမှတ် (၃၂) အစုန်ရထား အထက်တန်းတွဲ တွဲအမှတ် (၅) အိိမ်သာ ခေါင်မိုးပေါ် ၌ အစိမ်းရောင် တိပ်ဖြင့် ပတ်ထားသည့် နှစ်လက်မခွဲ ပတ်လည်အရွယ်ရှိ မိုင်း တလုံး ကပ် ထားသည် ကို တာဝန်သိ ပြည်သူ တ ဦးက တွေ့ရှိခဲ့သဖြင့် ဘူတာ လုံခြံုရေး တာဝန်ကျသူများထံ သတင်းပို့ ခဲ့ကြောင်း၊ အဆိုပါ မိုင်း မှာ ချိန်ကိုက်မိုင်း ဖြစ်ပြီး၊ မိုင်း တွင် ဒီတိုနေတာ နှစ်ခု၊ TNT ယမ်း အမျိုးအစား အလယ်တွင် အပေါက်ပါသော ယမ်းတုံး တတုံး၊ ၁.၅ ဗို့ အားရှိသော နေရှင်နယ် ဓါတ်ခဲ နှစ်လုံး၊ ဓါတ်ခဲ အိမ်တခု၊ စားပွဲတင် နာရီ တလုံး တို့ ပါရှိကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများ တွင် ပြည်သူ လူထု အထိတ်တလန့် ဖြစ်စေရန် သေကျေ ပျက်စီး စေရန် အတွက် ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ရန်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( ABSDF ) မှ ပြည်သူ့ တိုက်ပွဲမြှင့်တင်ရေး ကော်မတီ (Committee for Promotion People Activities (CPPA) ) ဟူသည့် အဖွဲ့ တစ်ဖွဲ့ကိုဖွဲ့စည်း၍ ယခု ရက်ပိုင်းအတွင်း ရန်ကုန်မြို့ အင်းစိန်မြို့နယ် အတွင်းရှိ အင်းစိန်ဈေး တစ်ဝိုက်နှင့် အခြား လူစည်ကားရာ နေရာများတွင် နို်င်ငံတော် အစိုးရဆန့်ကျင်ရေး ပိုစတာများ ကပ်ခြင်း၊ အဆိုပါ ပိုစတာများကို လာရောက် ခွာယူပါက ပေါက်ကွဲစေရန် ရည်ရွယ်သော ထောင်ချောက် မိုင်းကပ်ခြင်းစ သည်ဖြင့် ဖောက်ခွဲရေး လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဖောက်ခွဲဖျက်ဆီးရေး သမားနှစ်ဦးအားလည်း ပြည်တွင်းသို့ စေလွှတ်ထားကြောင်း သတင်းများရရှိထားသည် ဟု ယနေ့ထုတ် စစ်အစိုးရ အာဘော် မြန်မာအလင်း သတင်းစာတွင် ဖေါ်ပြ ပါရှိခဲ့သည်။

အဆိုပါ ရေးသား စွပ်စွဲချက် များ နှင့် ပတ်သတ် ၍ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( ABSDF ) မှ ချက်ချင်း ကြေညာချက် ထုတ်ပြန်ကာ အခြေအမြစ် စွပ်စွဲ ရေးသား ထုတ်ပြန် ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( ABSDF ) သည် စစ်အာဏာရှင်စနစ် ဆိတ်သုံးရေး အတွက် ပြည်သူလူထု နှင့် အတူ လက်တွဲ တိုက်ပွဲ ဝင်နေသည့် ကျောင်းသား လူငယ် တော်လှန်ရေး အဖွဲ့အစည်း တရပ် ဖြစ်သည့်အလျောက်၊ ပြည်သူလုထု ၏ အသက် အိုးအိမ်စည်းစိမ် အပါအဝင် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက် ပျက်စီးစေမည့် ( လူထုဆန့်ကျင့်ရေး ) မည့်သည့် ကိစ္စရပ်များကို မဆို လုံးဝ ပြုလုပ်မည် မဟုတ်ဘဲ၊ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေး အတွက် အသက်၊ သွေးချွေး ပေးဆပ်ကာ ဆက်လက် တိုက်ပွဲ ဝင် သွားမည်ဟု ကြေညာချက် ထုတ်ပြန် ကာ ငြင်းဆို ထားကြောင်း သိရှိ ရသည်။

ထို့အတူ ကိုမိုးသီးဇွန် နှင့် လက်တွဲ တာဝန်ယူ လှုပ်ရှားနေသည့် မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ် ဒု ဥက္ကဌ ကိုရွှေဇင် ကတော့ ပြည်တွင်း ကို ကိုမိုးဇွန် အနေ နဲ့ မည်သည့် ဖေါက်ခွဲရေးသမား မှ စေလွတ်ထားခြင်း မရှိကြောင်း၊ မည်သူ့ကို မှလည်း ဖေါက်ခွဲရေး သင်တန်းများ ပေးခြင်း မရှိကြောင်း၊ ပြည်တွင်း၌ အထွေထွေ သပိတ်လာ စေရန် လုပ်ဆောင် နေကြောင်းသာ လူထုအသံ ကို ဖွင့်ဟ ပြောဆို ခဲ့သည်။

န.အ.ဖ စစ်အစိုးရ လက်ဝေခံ စာမျက်နှာ သာကီနွယ်  တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယံ ယက်ထော အား နေအိမ်ခြံဝင်း အတွင်းသို့ ၀င်ခွင့် ပြုခဲ့ခြင်း နှင့် ညအိပ် ခွင့်ပြုခဲ့သည် ဟု ဂျွန် ဝီလီယံ ယက်ထော က ထွက်ဆို ဖြောင့်ချက် ပေးခဲ့ပါက ကန့်သတ်ချက် ဖေါက်ဖျက်သည့် ဥပဒေ ပုဒ်မ (၂၂) အရ ထောင်ဒါဏ် (၃) နှစ် အထိ ကျခံ ရနိုင်ဖွယ် ရှိသည် ဟု ပါရှိ အပြီး  ၃ ရက် ခန့် အကြာ တွင် ဒေါ်အောင်ဆန်းစုကြည် အား ကန့်သတ်ချက် ဖေါက်ဖျက်သည့် ဥပဒေ ပုဒ်မ (၂၂) အရ တရားစွဲ ဆို ရန် န.အ.ဖ စစ် အစိုးရ မှ စီစဉ် တရားစွဲဆို နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here