စောင့်ကြည့်ရမဲ့ ကေအန်ယူ ရဲ့ လားရာ

ဒီကနေ့ ပြည်ပ အတိုက်အခံ မီဒီယာတွေ အပါအဝင် မြန်မာ့အရေး ကို စိတ်ဝင်စားသူ တိုင်း စူးစမ်းချင်နေတဲ့ အကြောင်း က မြန်မာ စစ် အစိုးရ လုပ်ရပ်တေ ွကို နှစ်ပေါင်း ၆၀ ကျော် တော်လှန်နေ တဲ့ ကရင် အမျိုးသား အစည်းအရုံး (ကေအင်ယူ) ရဲ့ အနာဂတ် အလားအလာ နဲ့ ပတ်သက်တာ ကိုပါ။

မကြာသေးခင် အချိန်က ထိုင်း နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို သွားပြီးတဲ့နောက် အတိုက်အခံ လုပ်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေ ကို ၂၀၁၀ ရွေးကောက်ပွဲ ဝင်ဖို့အတွက် ကူညီပါမယ် ဆိုပြီး စကားကတိ ပေးခဲ့ရာ ကနေ စပြီး ဒီကနေ့ ကေအင်ယူရဲ့ အနာဂတ် လားရာ ဟာ တော်တော့်ကို စိတ်ဝင်စားစရာဖြစ် လာပါတယ်။ မြန်မာ စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ တိုင်းရင်းသား အဖွဲဲ့အစည်းတွေ အများအပြား ရှိပေမယ့် ကေအင်ယူ လိုမျိုး စိတ်ဓာတ်ပြင်းပြင်း၊ ခံယူချက် မှန်ကန်စွာနဲ့ လုပ်ကိုင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကတော ခပ်ရှားရှားပါ။ ဒီကနေ့ ထိုင်း နိုင်ငံ က မြန်မာ စစ်အစိုး ရ ကတိကဝတ်တွေ လုပ်ထားတဲ့အတိုင်း ဆောင်ရွက် လာနိုင်တယ်လို့ ဆိုနိုင်တဲ့အချက်ကို ကြည့်မယ်ဆိုရင် အခု လတ်တလော ကေအင်ယူ အဖွဲ့ ကို သူတို့ရဲ့ မြေပေါ်ကနေ ဖယ်ပေးဖို့ နဲ့ နေရင်းဌာနတွေ ကနေ ကသာလျှင် တိုက်ရိုက် အမိန့်ပေးကြဖို့ တိုက်တွန်းစာ ပေးပို့ လာတာကို သိရှိ ရပါတယ်။

လတ်တလော ကေအင်ယူ အခြေအနေ

လက်ရှိ ကေအင်ယူရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် အဘက်ဘက်က အားနည်း လာတာကို စတွေ့ရပြီး၊ ဗိုလ်ချုပ်မြရဲဲ့သား န.အ.ဖ စစ်အစိုးရဖက်ကို ကူးပြောင်း သွားတာက အစ ကနေ့ စီးပွားရေး အခြေအနေအရ၊ နိုင်ငံရေး အခြေအနေ အရပါ နိမ့်ကျလာတဲ့ ကေအင်ယူဟာ တကယ်တော့ မဖြစ်သင့် မဖြစ် ထိုက်တဲ့ အခြေအနေ တခုကို ထိုးဆင်းသွားတာပါ။

ဒီကေဘီအေ ဆိုပြီး ကေအင်ယူ အဖွဲ့က ခွဲထွက် သွားတာကစပြီး နောက်ပိုင်းမှာ ဗိုလ်မှူးထိန်မောင် တို့အဖွဲ့ ပူးပေါင်း သွားတာ၊ အဲဒီ့နောက်ပိုင်း ဗိုလ်ချုပ်မြသား ပူးပေါင်း သွားတာတွေကို ကြည့်မယ်ဆိုရင် ဖြစ်နိုင်ခြေရှိတာ တခု ရှိပါတယ်။

ဒါဘာလဲ? အဲဒါကတော့ ကနေ့ ကေအင်ယူရဲ့ ဥက္ကဋ္ဌ ရာထူးနဲ့ အရေးပါ အရာရောက်တဲ့ အတွင်းရေးမှူး ရာထူးကို အဖေနဲ့ သမီးက ခွဲယူထားတာက စပြီး ဖြစ်နိုင်တယ်လို့ သို့လော သို့လော မချင့်မရဲ ကောက်ချက်ချ သုံးသပ်ရမှာပါ။

အဲဒါကိုလည်း မီဒီယာတွေက အကျယ်တဝင့် ရေးသားထားကြတာ တွေ့ရပါတယ်။ တချို့က ကောင်းတဲ့ဘက်က ရေးသလို တချို့ကလည်း ဆိုးတဲ့ဘက်က ရေးသား ခဲ့ကြပါတယ်။ အဲဒါကိုတော့ အင်တာနက် စာမျက်နှာတွေမှာ ဖတ်နိုင်ပါတယ်။ ဒါတွေကို လေ့လာမယ် ဆိုရင် ကေအင်ယူ အဖွဲ့ထဲမှာ ကွဲပြားတဲ့ အချက်အလက်တွေကို ကြည့်မယ် ဆိုရင် အခုန ကပြောသလို ရာထူးခွဲဝေမှု တခုတည်းကြောင့်  ခိုင်လုံတဲ့ အကြောင်းအရင်း မဟုတ်တာတော့ အသေအချာပါပဲ။

နောက်တခုက ကေအင်ယူ အနေနဲ့ အခု တက်လာတဲ့ ထိုင်းဝန်ကြီးချုပ် အဖိဆစ် လက်ထက်မှာ ပိုပြီးတော့ ဖိအားပေး ခံနေရပါတယ်။ နဂိုရ်က ကေအင်ယူရဲ့ ထိပ်သီး ခေါင်းဆောင်တွေဟာ ထိုင်း နယ်မြေထဲမှာ နေထိုင်ကြပြီး အဲဒီကနေ တဆင့် သူတို့ရဲ့တပ်မဟာတွေကို ကွပ်ကဲ အုပ်ချုပ်တာပါ။ အဖိဆစ် တက်လာပြီး အခု နောက်ပိုင်းမှာ ထိုင်း အာဏာပိုင်တွေက ကေအင်ယူ ခေါင်းဆောင်တွေကို သူတို့ရဲ့ ပိုင်နက်နယ်မြေ ကသာ အုပ်ချုပ်ကြဖို့နဲ့ ထိုင်းဘက်မှာ ရောက်နေတဲ့ ခေါင်းဆောင်တွေကို ပြည်တော် ပြန်ဝင်ဖို့အတွက် ဖိအားတွေ ပေးခံနေရတာ ကတော့ အခုအချိန်ကျမှှ ညံ့ရာ ကျနေမလား ပါဘဲ။ ဒါ့အပြင် န.အ.ဖ.ရဲ့ တပ်တွေကြောင့် တစထက် တစ ဆိုသလို မြန်မာပြည်ထဲမှာ ရှိတဲ့ ကေအင်ယူ ရဲ့ တပ်စခန်းတွေ ခြေကုပ်ဒေသတွေကို ဒီကေဘီအေ ခွဲထွက် တပ်တွေနဲ့ပူးပေါင်းပြီး အချင်းချင်း အိုးမဲသုတ်ပြီး တိုက်ခိုက် စေခိုင်းခြင်းကို ခံနေရပါတယ်။

ကေအင်ယူ ၏ အားနည်းချက်များ

ကေအင်ယူရဲ့ အားနည်းချက်ကို ထောက်ရှု ကြည့်မယ်ဆိုရင် နဂိုရ်က အင်အား တောင့်တင်း ခိုင်မာခဲ့ပေမယ့် အခုအချိန် မှာ အင်အား လျော့နည်းလာတာကို ကြည့်မယ်ဆိုရင် ပထမအချက် အနေနဲ့ ကေအင်ယူ အဖွဲ့အစည်း အတွင်း ရာထူး ရယူမှုတွေကြောင့်က အဓိက တချက်ပါ။ နောက်တချက် အနေနဲ့ တွေးကြည့်မယ် ဆိုရင် ကေအင်ယူရဲ့ ခေါင်းဆောင်ပိုင်းတွေမှာ ကြည့်မယ် ဆိုရင် လူကြီးပိုင်း၊ သက်ကြီးပိုင်းတွေ များပြားနေပြီး လူငယ် ခေါင်းဆောင်ပိုင်းတွေ အားနည်းနေခြင်းကို တွေ့ရှိ နေရပါတယ်။ နောက်ပြီး လူကြီးပိုင်းတွေ အနေနဲ့ နိုင်ငံရေး အသိအမြင်များ နိုင်ပေမယ့် ယနေ့ခေတ်ရဲ့ အခြေအနေ နဲ့ လိုက်လျော ညီထွေမှုရှိတဲ့ နိုင်ငံရေး အသိပညာ၊ လူထု စည်းရုံးမှုအပိုင်း စတာတွေမှာ လူကြီးတွေဟာ လူငယ်တွေလောက် ပြည်သူနဲ့ တသားထဲ ကျမှာ မဟုတ်ပါဖူး ဒါတွေ အားနည်းနေတယ်လို့ ထင်ပါတယ်။ ကေအင်ယူ တပ်မတော် အတွင်းမှာ လူငယ်တွေကို နေရာ မပေးခြင်းကလည်း ထိုတပိုင်းနဲ့ သက်ဆိုင်မယ်လို့ ထင်ပါတယ်။

နောက်တခု ကတော့ ခေါင်းဆောင်ပိုင်းနဲ့ လက်အောက် ငယ်သားပိုင်းမှာ ကွာဟမှု မြင့်မားလာခြင်း ကလည်း တချက် ဖြစ်ပါတယ်။ အဲဒါကတော့ ကေအင်ယူ လက်အောက် ငယ်သားပိုင်းတွေ အနေနဲ့ တောတွင်းမှာ နေထိုင် နေကြရပေမယ့် ခေါင်းဆောင်ပိုင်းတွေ ကတော့ ထိုင်းနိုင်ငံ ဘက်ခြမ်းကနေ အုပ်ချုပ်နေခြင်းက ကွာဟမှုကို ပိုမိုမြင့်မား လာစေတာ မဟုတ်ပါလား? လက်အောက် ငယ်သားပိုင်းရဲ့ အခြေအနေကို အတွင်း ကျကျသိဖို့ နဲ့ သူတို့ ခံစားနေရတဲ့ ပြင်ပက လက်တွေ့ဘဝတွေနဲ့ စိတ်ဓာတ် ခံစားချက်တွေကို နားလည်ပေးဖို့ အတွက်က လက်အောက် ငယ်သားနဲ့ ခေါင်းဆောင် နီးစပ်မှုက အများကြီး အရေးကြီးပါတယ်။ ဒါပေမဲ့ အဲဒီ့ အပိုင်းတွေက လွန်စွာအား နည်းနေတာကို အပ်ချမတ်ချ တွေ့မြင်ရပါတယ်။

နောက်တချက် အနေနဲ့ ထပ်စဉ်းစားကြည့်မယ် ဆိုရင် ကေအင်ယူ တပ်မတော် အနေနဲ့ ခေတ်ပညာတတ် လူငယ်တွေကို မမွေးထုတ် ပေးနိုင်တော့ခြင်းဟာ သူတို့ အတွက် နိုင်ငံတော် ကျဆုံးခန်းပါပဲ၊ ခေတ်ပညာတတ် လူငယ်တွေ မမွေးထုတ် နိုင်တဲ့အတွက် တချိန်က ကေအင်ယူ က ထောက်ပံ့ ပေးခဲ့ရတဲ့ ကျောင်းသားတပ်မတော် (ABSDF) တောင် လူအတော်များများ ကနေ့ လက်ရှိ အခြေအနေနဲ့ လိုက်လျောညီထွေအောင် နေနိုင်ပေမယ့် ကေအင်ယူ တပ်မတော်က လူတွေကတော့ နဂိုရ် အတိုင်း ဖြစ်နေတာကို ရှုမြင်ရပါတယ်။

ကေအင်ယူ အစည်းပြေရခြင်း အချက်အလက်များ

ဗိုလ်ချုပ်မြ ကွယ်လွန်ခြင်း ဟာ သူတို့ရဲ့ ရွှေတောင် ပြိုကျစ ပြုတာပါပဲ ဗိုလ်ချုပ်မြဟာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်ပိုင်းတွေမှာ ဆိုရင် လူသိထင်ရှားပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ ခေါင်းဆောင် တယောက်ဆိုတာ ငြင်းစရာမလိုဘူး။ သူ့လက်ထက််မှာ ကေအင်ယူ ဟာ အခုအချိန် အခါလိုမဟုတ်ဘဲ စုစုစည်းစည်းနဲ့ အင်အား တောင့်တင်းခိုင်မာ ခဲ့ပါတယ်။ သူဟာ တချိန်က မြန်မာစစ်အစိုးရအဖွဲ့ကို ကြိုးကိုင် ထိပ်တန်းအရာရှိ တစ်ဦးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ငြိမ်းချမ်းရေး အတွက် သွားရောက် တွေ့ဆုံဖူးခဲ့ပေမယ့် သူတို့ ခံယူထားတဲ့ လမ်းကြောင်းနဲ့ မကိုက်ညီတဲ့ အတွက် ဆက်လက် လက်နက်စွဲကိုင် တော်လှန်ခဲ့သူပါ။ သူ့ လက်ထက်မှာ ရာထူး ခွဲဝေယူခြင်း (Power Sharing) နဲ့ပတ်သက်ပြီး အခုအချိန် အခါလိုမျိုး သဘောထား ကွဲလွဲကြတာမျိုး မရှိခဲ့ဘဲ ခေါင်းဆောင်ကောင်း တစ်ယောက်ပီသစွာ နေထိုင်ခဲ့တယ်လို့ ဆိုကြပါတယ်။ သူ ကွယ်လွန်သွားပြီး နောက်ပိုင်း ကေအင်ယူ အဖွဲ့အစည်းထဲမှာ သဘောထား ကွဲလွဲမှု တချို့ ကြံုတွေ့ ခဲ့ရသလို န.အ.ဖ အစိုးရနဲ့ ပူးပေါင်းကူးလူး ဆက်ဆံမှုတွေ ပိုများ လာခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မြ ကွယ်လွန်သွား ရခြင်းဟာ ကေအင်ယူ အတွက် အစည်းပြေ စရာတခုလို ဖြစ်ရချေတယ်လို့ တသသပြော စရာတခု အဖြစ် မှတ်ကျောက်တင် ရပါတယ်။

ဖဒိုမန်းရှာ လုပ်ကြံခံရခြင်း

ကေအင်ယူ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံ ခံရခြင်းဟာလည်း ကေအင်ယူ အဖွဲ့ အစည်းပြေ ရခြင်းရဲ့ အဓိက အချက်ထဲမှာ တချက် အပါအဝင်လို့ ဆိုနိုင်ပါတယ်။ ခေါင်းဆောင်ပိုင်းတွေ ထဲမှာ အရေးကြီးတဲ့ လူတစ်ယောက် ဖြစ်သလို သူတို့ရဲ့ အတွင်းရေး အက်ကြောင်းများကို ဆက်စပ်ထားပေးနိုင်တဲ့ သူတဦးပါ၊ ခေတ်နဲ့ လျော်ညီစွာ နေထိုင်ရမယ် ဆိုတာကို သိနားလည်တဲ့ ပညာတတ် အနုပညာသမား တဦးဆိုတော့ အားလုံးနဲ့ လိုက်လျောညီထွေသူ တယောက်လို့လည်း ဆိုနိုင်တဲ့ အချက်ပါ။ သူ လုပ်ကြံ ခံလိုက်ရခြင်းဟာ ကေအင်ယူ အတွက် အကြီးမားဆုံး ဆုံးရှုံးမှု တခုဖြစ်သလို ကေအင်ယူ အားနည်းလာခြင်း အတွက်လည်း အကြောင်းအရာ တခု ဖြစ်ရရှာပါတယ်။ ဖဒိုမန်းရှာ လုပ်ကြံခံလိုက် ရပြီး နောက်ပိုင်းမှာ ကေအင်ယူ အဖွဲ့အစည်းမှာ စည်းလုံးမှုရေးရာ အနေနဲ့ လျော့ရဲလာပြီး ခွဲထွက်မှုတွေက ပိုကြီးမား လာပါတယ်၊ ဒါတွေဟာ သူတို့အတွက်တော့ အနှုတ် လက္ခဏာတွေပါ။ ဖဒိုမန်းရှာ အနေနဲ့ ကေအင်ယူ အဖွဲ့အစည်း အတွက် တန်ဖိုး အလွန်ရှိတဲ့ သူတစ်ဦး ဖြစ်ပြီး သူလုပ်ကြံ ခံလိုက်ရတာ ကလည်း ကေအင်ယူ အတွက် အစည်းပြေစရာ တခု ဖြစ်နိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းတွက်ချက် နိုင်ပါတယ်။

ဗိုလ်ထိန်မောင် နဲ့ စောနေစိုးမြ တို့ န.အ.ဖ ပူးပေါင်းခြင်း

ဗိုလ်ချုပ်မြ ကွယ်လွန်ခဲ့ပြီးတဲ့ နောက် ဗိုလ်ချုပ်မြ ရဲ့ အသိုက်အဝန်း၊ ဆွေမျိုးတော်တော် များများ ယခင်က ရရှိခဲ့သည့် အလေးပေးမှု၊ ရာထူး ရာခံရရှိမှု၊ စတဲ့ အခြေအနေတွေ လုံးဝနီးပါး မရရှိကြတော့ဘဲ ကန့်သတ်မှုတွေနဲ့ ဆက်တိုက်ကြုံ လာရတာ ကလည်း န.အ.ဖ နဲ့ သူ့သား သူ့ဆွေမျိုးတွေ သွားရောက် ပူးပေါင်းတဲ့ အချက်အလက် တခုလို့ ဆိုနိုင်ပါတယ်။ ဗိုလ်ထိန်မောင်၊ စောနေစိုးမြ တို့နဲ့ ပါသွားတဲ့ အင်အား ၃၀၀ ကျော်ခန့်မှာ ဗိုလ်ချုပ်မြ ရဲ့ ဆွေးမျိုးသားချင်းတွေ က ရ၅% လောက် ပါရှိနေရတာဟာ အဆိုပါ အချက်အလက်ကို မှန်ကန်ကြောင်း ထောက်ပြနေသလို ဖြစ်နေပါတော့တယ်။

ဖြစ်နိုင်ဖွယ် ရှိလာသည့် အနေအထား

လက်ရှိ အနေအထားကို ကြည့်မယ်ဆိုရင် ကေအင်ယူ အနေနဲ့ အဖက်ဖက် ကနေ တိုက်ခိုက်ခံနေရပြီး စစ်ရေးရော စိတ်ဓာတ်ရေးရာ အနေနဲ့ကပါ ဖိအား ပေးခံနေရတယ်။ တစ်ဖက် ကလည်း မြန်မာ စစ်အစိုးရက ထိုင်း အစိုးရကို စေ့စပ် ညှိနှိုင်းရေးနဲ့ ဒီမိုကရေစီ အရေးကို ခေါင်းစဉ်တပ်ပြီး ဖိအားပေးဖို့ အကူအညီတောင်းထားတဲ့ အတွက် ထိုင်း အစိုးရကလည်း ဖိအားပေးမှုတွေ ရှိနေသလို စစ်ရေး အနေနဲ့ကလည်း တိုက်ခိုက်မှုတွေက ဆက်တိုက် ဆိုသလို ဖြစ်နေပါတယ်။ န.အ.ဖ အစိုးရ အနေနဲ့ ကေအင်ယူကို သူ့အရိုးနဲ့သူ ထိုးတဲ့ ဗျူဟာသုံးပြီး ဒီကေဘီအေကို အသုံးချကာ ကေအင်ယူရဲ့ တပ်တွေကို ချေမှုန်းတိုက်ခိုက်မှုက ရက်ဆက်ဆိုသလို ဖြစ်နေပြီး ခုချိန်ထိတော့ ကွဲပြားတဲ့ အဖြေတခုကတော့ ထွက်မလာသေးပါဘူး။

ဒီလိုအချိန်မှာ ကေအင်ယူ ခေါင်းဆောင်ပိုင်းတွေ ကလည်း မြန်မာ စစ်အစိုးရကသာ စစ်မှန်တဲ့တွေ့ဆုံ ဆွေးနွေးမှု လုပ်မယ်ဆိုရင် လက်ခံဖို့ အသင့်လို့ ကြေငြာထားသလို တစ်ဖက်ကလည်း အာဏာရှင်စစ်တပ်ကို ဟန်ကိုယ့်ဖို့ အနေနဲ့ ခံစစ်လောက်သာ တိုက်ခိုက် နေရတုန်းပါပဲ။ ဒီလို အခြေအနေတွေကို ခန့်မှန်း ကြည့်မယ်ဆိုရင် ကေအင်ယူ အနေနဲ့ တဖက်က နိုင်ငံရေးဖိအား၊ တစ်ဖက်က စစ်ရေးဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ရေရှည်တောင့်ခံထားဖို့ ဆိုတာကတော့ သိပ်တော့ မလွယ်ကူတဲ့ အနေအထားပါ။ တပ်တွင်း ခွဲထွက်မှုတွေကလည်း များသထက် များလာသလို၊ ကေအန်ယူ ရဲ့ အမာခံလို့ တချိန်က ကြွေးကြော်ခဲ့သူတွေ၊ လက်အောက်ခံ စစ်သားတွေ နဲ့ ကေအန်ယူ ကို အဓိက ပံပိုး ကူညီသူတွေ … စတဲ့ စတဲ့ အင်းအားစု တွေ ဒုက္ခသည် စခန်းတွေ က တဆင့် တတိယနိုင်ငံဆီကို အခြေချ နေထိုင်ဖို့ အပြီးထွက်ခွာနေကြသလို ဒီအချက်တွေဟာ ကေအန်ယူ ရဲ့ ထိန်းချုပ်ရာ နယ်မြေ၊ စိုးမိုးမှုတွေကိုလည်း ကျဉ်းသထက် ကျဉ်းလာစေတဲ့ အနေအထားပါ။

နောက်တချက်က ကေအင်ယူ အနေနဲ့ သူတို့ရဲ့ နှစ် ၆ဝ ကျော် တိုက်ခိုက်လာတဲ့ အမျိုးသားရေးစစ်ပွဲကို ဆက်ပြီး ကိုင်စွဲထားမှသာလျှင် ရေရှည် ထိန်းလာခဲ့တဲ့ ဂုဏ်သိက္ခာကို ဆက်လက် ထိန်းနိုင်မယ်လို့ မြင်ကောင်း မြင်ကြပါလိမ့်မယ်။ နှစ်ပေါင်း ၆ဝ ကျော် ရင်းလာခဲ့ရတဲ့ အရင်းအတွက် ဒီကနေ့ ပြန်လည် ပေးဆပ်ရဦးမယ် ဆိုရင် ကေအင်ယူ အနေနဲ့ သမိုင်းမှာ မျက်နှာပျက်စရာ တခုဖြစ်နိုင်မယ်လို့ ခေါင်းဆောင်းပိုင်းတွေ အနေနဲ့ သုံးသပ် ကြမှာပါ။ ဒီလိုမျိုး သုံးသပ်ခဲ့မယ် ဆိုရင်တော့ ကေအင်ယူဟာ ဘက်နှစ်ဖက်ကြားက ဖိအားတွေနဲ့ မကြာခင် ကျဆုံးနိုင်တဲ့ အနေအထားကို ရောက်သွားနိုင်တယ်လို့ ခန့်မှန်းနိုင်တယ်။ နောက်တစ်ချက်က ကေအင်ယူ အနေနဲ့ လက်ကျန် အင်အားတွေနဲ့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဒေသတွေကို ဆက်လက် ထိန်းချုပ်ထားနိုင်မယ် ဆိုရင်လည်း ဒါဟာ သိပ်တော့ ကြာကြာခံမယ့် အနေအထားမှာ မရှိပါဘူး။ ခုတောင်မှ ဝေါလခီး စခန်းကျသွားခြင်းက ကေအင်ယူ အတွက် နစ်နာမှုတခု ဖြစ်စေခဲ့တာက သက်သေ ခံနေပါတယ်။

နောက်တချက် ကတော့ ကေအင်ယူဟာ န.အ.ဖ က ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးကို လက်ခံခဲ့မယ် ဆိုရင်လည်း အဖြေကတော့ ပြောင်းလဲ သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကတော့ တော့်တော့်ကို စဉ်းစားရမယ့်၊ လေ့လာရမယ့် အခြေအနေပါ။ ကေအင်ယူ ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းမှုတွေကို ခံနေရတဲ့ အချိန်မှာပဲ တစ်ဖက်က စစ်ရေးဖိအားနဲ့ တိုက်ခိုက်တာကိုလည်း ခံနေရတဲ့ အတွက် ဒီအချက်ကတော့ ဘက်နှစ်ဘက်လုံးမှာ အချေအတင် ဖြစ်နိုင်တဲ့ အချက်ပါ။ ကေအင်ယူ အနေနဲ့ သူတို့ လိုအပ်ချက်တွေကို တောင်းဆိုမှာ ဖြစ်သလို န.အ.ဖ အစိုးရကလည်း သူတို့ ပေးချင်တဲ့ အချက်ကို ပေးမှာ ဖြစ်တဲ့အတွက် ဒီတချက် ကတော့ ဖြစ်နိုင်ချေ အနည်းဆုံးထဲမှာ ထည့်တွက်ရမှာပါ။

ဒီအချက်ကို နောက်ထပ် ပံ့ပိုးပေးနေတာက န.အ.ဖ က သူနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ် အဖြစ်ထားမယ်ဆိုတဲ့ အတွက် အခုလက်ရှိ ရှိနေတဲ့၊ ငြိမ်းချမ်းရေး ယူထားတဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေနဲ့ ကေအင်ယူ ကတော့ တစ်ဒေသတည်း ဖြစ်နေတဲ့အတွက် ဒါဟာ စဉ်းစားစရာ အချက်ဖြစ်နေတယ်ဆိုတာ ပါပဲ။ ဒါကို ထည့်တွက်မယ် ဆိုရင် နဂိုရ် ကတည်းက အကျိတ်အခဲတွေ ရှိနေတဲ့ ကေအင်ယူ နဲ့ ဒီကေဘီအေ ကြားမှာ နယ်မြေလုမှုတွေ ပြန်ဖြစ်လာနိုင်ပြီး ဒေသတွင်း တိုက်ပွဲတွေ ဆက်ဖြစ်လာ နိုင်ပါတယ်။

ကောက်ချက် ချချင်သော အချက်

ဒါကြောင့် နောက်ဆုံးအနေနဲ့ ကောက်ချက်ချ ကြည့်နိုင်တာ ကတော့ ကေအင်ယူ အနေနဲ့ အခက်ခဲတွေ အများဆုံးအချိန်နဲ့ အမြှင့်ဆုံး ရေချိန်ရောက်ရှိနေပြီး ကေအင်ယူ ရဲ့ အနာဂတ်ဟာလည်း ခေါင်းဆောင်ပိုင်းတွေရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ အများကြီး မှီတည်နေပါတယ်။ တစ်ဖက်က ဂုဏ်သိက္ခာ၊ တစ်ဖက်က ဖိအားတွေနဲ့ ကေအင်ယူရဲ့ အနာဂတ်ဟာ ဘယ်လိုမျိုးဖြစ် လာနိုင်မလဲ ဆိုတာကတော့ အတိုက်အခံ ဘက်မှာရော၊ စစ်အစိုးရ ဖက်မှာပါ မဖြစ်မနေ တွေးတော နေရတဲ့ အချက်တခု ဆိုကတော့ မမှားဘူး……. ဆိုတာ …. သူတို့ရဲ့ လားရာနဲ့သာ ဆိုင်ပါတော့တယ်။

ထွန်းတောက်နေ

LEAVE A REPLY

Please enter your comment!
Please enter your name here