နိုင်ငံရေးရဲ့ အရှင်သခင် တတိယလမ်းနဲ့ အနာဂတ်ခရီး

နိုင်ငံရေးကို ဘယ်သူပိုင်သလဲ ? ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ဘယ် နိုင်ငံရေးစနစ်ကို ကျင့်သုံးနေပါသလဲ ? ဆိုတဲ့ စံနဲ့ တိုင်းတာပြီးမှသာ အဖြေပေးနိုင်ကြမယ် ထင်ပါတယ်

အငြင်းပွါးစရာ မလိုတဲ့ လူတိုင်းလိုလို သိရှိ နားလည်ထားပြီးသား ဖြစ်နေကြတဲ့ အချက်တခုကတော့ အာဏာရှင်စနစ်ကို ကျင့်သုံးနေကြတဲ့ တိုင်းပြည်တွေမှာ အချူပ်အခြာ အာဏာနဲ ့နိုင်ငံရေးကို လက်တဆုပ်စာ အာဏာပိုင် များကသာ ချူပ်ကိုင် ထားကြတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြတဲ့ ကမ္ဘာပေါ်က တိုင်းပြည်အများစု မှာတော့ အချူပ်အခြာ အာဏာဟာ လူထုဆီက ဆင်းသက်ပြီး နိုင်ငံရေး ဆိုတာကို လူထုကသာ ဖန်တီးပြဌါန်းပါတယ်။ ဆိုတော့ နိုင်ငံရေးရဲ့ အရှင်သခင်ဟာ လူထုပါပဲ။

၁၇၈၇ ခုနှစ် ဖီလာဒဲဖီးယား ညီလာခံကနေ ရေးဆွဲအတည်ပြု ပေးပြီး ၁၇၈၉ ခုနှစ်မှာ အသက်ဝင် ပြဌါန်းကျင့်သုံး လာခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေရဲ့ နိဒါန်းမှာ “အမေရိကန် ပြည်သူလူထုက တရားမျှတခြင်းကို တည်ဆောက်ကာ ပြည်တွင်း တည်ငြိမ် ငြိမ်းချမ်းရေးကို အာမခံချက်ပေးသော လွတ်လပ်ခြင်းနဲ့ လူထုအသက် အိုးအိမ်စည်းစိမ်များကိုလုံခြုံစေပြီး အထွေထွေ လူမှုဖူလှုံခြင်းကို အတူတူ ကာကွယ်သွားမယ့် ပိုမိုပြည့်ဝ စစ်မှန်တဲ့ ပြည်ထောင်စုကို ဖွဲ့စည်းရန် ဤဖွဲ့စည်းပုံအား အမေရိကန် ပြည်ထောင်စု အတွက် ရေးဆွဲ ဆုံးဖြတ် အတည်ပြု ပြဌါန်းလိုက်သည်” ဆိုတဲ့ စာသားက အမေရိကန်နိုင်ငံရဲ့ အချူပ်အခြာ အာဏာနဲ့ နိုင်ငံရေးကို အမေရိကန် လူထုကသာ ပိုင်ဆိုင်ကြောင်းကို ရှင်းလင်း ပီပြင်စွာ ဖော်ပြထားတာကို တွေ့ရပါတယ်။

၁၉၄၉ ခုနှစ် မေလ ၂၃ ရက်နေ့မှာ ရေးဆွဲ ပြဌါန်းအတည်ပြု ကျင့်သုံးလာခဲ့တဲ့ ဖယ်ဒရယ်ပြည်သူ့ သမတ ဂျာမနီနိုင်ငံရဲ ့ အခြေခံဥပဒေ နိဒါန်းမှာလည်း “စည်းလုံးညီညွတ်သော ဥရောပရဲ့ တန်းတူညီတဲ့ အဖွဲ့ဝင်နိုင်ငံ အဖြစ် ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်လိုတဲ့ ဆန္ဒမွန်ဖြင့် ဂျာမန်လူထုက ဤအခြေခံ ဥပဒေအား ပြဌါန်း ကျင့်သုံးလိုက်သည်” ဆိုတဲ့ စာသားက ဂျာမနီရဲ့ ကံကြမ္မာကို ဂျာမန် လူထုကသာ ဖန်တီးပိုင်ခွင် ရှိကြောင်း လိုရင်းတိုရှင်း ရေးသားထားတာကို တွေ့ရှိရပါတယ်။ ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှာ အတည်ပြု ပြဌါန်းခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချူပ်ပုံမှာလည်း တိုင်းပြည်ရဲ့ အချူပ်အခြာ အာဏာနဲ့ နိုင်ငံရေးကို လူထုကသာ ပိုင်ဆိုင်ကြောင်း အတိအလင်း ဖော်ပြထားတာကို လေ့လာ ဖတ်ရှုရပါတယ်။ လူထုဟာ နိုင်ငံရေးရဲ့ ထာဝရ အရှင်သခင်ဖြစ်ကြောင်းကို အဓိက မဏ္ဍိုင်အဖြစ် လက်ကိုင်ထားကြတာဟာ ဒီမိုကရေစီ စနစ်ရဲ့ အခြေခံ အနှစ်သာရပါပဲ။

ဒါပေမဲ့ အားလုံး သိရှိထားကြတဲ့အတိုင်း န.အ.ဖ စစ်အုပ်စုကိုယ်တိုင် ဦးစီးရေးဆွဲပြီး မေလ ဆန္ဒခံယူပွဲဖြင့် အတည်ပြု ပြဌါန်းခဲ့တဲ့ ၂၀၀၈ ခုနှစ် ပြည်ထောင်စု သမတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ့နိဒါန်းမှာ “ကျွနု်ပ်တို့ တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်စွာ တသားတည်း နေထိုင်လာခဲ့ကြပြီး အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ် ထူထောင်ကာ ထည်ဝါစွာ ရပ်တည်ခဲ့ကြပေသည်။ ကိုလိုနီနယ်ချဲ့ တို့၏ ကျူးကျော်မှုကြောင့် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်အာဏာ လုံးဝ လက်လွှတ် ဆုံးရှုံးခဲ့ရပေသည်” လို့ ရေးထားတဲ့ စာသားက တာ စထွက်ကတည်းက လိမ်နေတယ်လို့ ပြောရမယ် ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၁၈၈၅ ခုနှစ် မတိုင်ခင် အခု လက်ရှိမြန်မာနိုင်ငံဆိုတဲ့ တိုင်းပြည်နဲ့ နယ်ပယ်ဧရိယာက အဲဒီအရပ်မှာ လုံးဝ မရှိခဲ့သလို တိုင်းရင်းသား ပြည်သူအပေါင်းတို့ စည်းလုံးညီညွတ်စွာ တသားတည်း နေထိုင်ခဲ့တဲ့ သမိုင်း အထောက်အထားလည်း လုံးဝမတွေ ့ရပါ။ ဖေဖော်ဝါရီလ ၁၂ ရက် ၁၉၄၇ ခုနှစ်မှာ ချူပ်ဆိုခဲ့ကြတဲ့ ပင်လုံစာချူပ်ကြောင့်သာ အခု လက်ရှိနယ်မြေ အကျယ်အဝန်းနဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံကို စတင် အုတ်မြစ်ချပြီး သန္ဓေတည် မွေးဖွါးလာခဲ့ခြင်းပဲ ဆို်တာ ငြင်းလို့ မရတဲ့ သမိုင်းအမှန်ပါပဲ။ နောက်တချက်က “နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ ့ဖြိုးရေးကောင်စီသည် ၁၉၉၃ ခုနှစ်မှစ၍ အမျိုးသားညီလာခံကို ခေါ်ယူ ကျင်းပပေးခဲ့သည်။ ကျွနု်ပ်တို့ တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် အမျိုးသားညီလာခံက ချမှတ်ပေးခဲ့သည့် အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့်မူ များနှင့်အညီ ဤ ပြည်ထောင်စု သမတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ ခဲ့ကြပေသည်” ဆိုတဲ့ စာသားရဲ ့အနက် အဓိပ္ပါယ်ကို ဖွင့်ဆိုရရင်တော့ န.အ.ဖ စိတ်ကြိုက် ကျင်းပတဲ့ ညီလာခံကနေ ဤဖွဲ့စည်းပုံအား ရေးဆွဲပြီး တိုင်းပြည်ရဲ ့အနာဂတ်ကံကြမ္မာ အချူပ်အခြာ အာဏာနဲ့ ့နိုင်ငံရေးကို န.အ.ဖ စစ်အုပ်စုကပဲ ပိုင်ဆိုင်တယ် ဆိုတာကို မလိမ့်တပတ် လုပ်ပြီး ရေးသားဖော်ပြ ထားခြင်းပဲ ဖြစ်ပါတယ်။

ဒီဖွဲ့စည်းပုံ နိဒါန်းမှာ ပြဌါန်းထားတဲ့ စာပိုဒ်အရ အချုပ်အချာအာဏာနဲ့ နိုင်ငံရေးရဲ့ အရှင်သခင်ဟာ လက်တဆုပ်စာ စစ်အုပ်စုဖြစ်နေပြီး လူထုက သူတို့ရဲ့ ကျေးကျွန်များပဲ ဖြစ်နေကြောင်း ထင်ရှား နေပါတော့တယ်။ ကမ္ဘာပေါ်က ဘယ်တိုင်းပြည််နိုင်ငံရဲ့ ဖွဲ့စည်း အုပ်ချူပ်ပုံမှာမှ မတွေ့ရတဲ့ စစ်ဗိုလ်များက ၂၅ ရာခိုင်နှုန်းသော ဥပဒေပြု လွှတ်တော် အမတ်နေရာများကို ရွေးကောက်ခံ စရာမလိုပဲ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ အရှက်နည်းစွာ ရေးထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံက တိုင်းပြည်နဲ့ လူထုကို တရားဝင် စစ်ကျွန်ပြုသွားမယ့် ကျွန်စာချူပ် စာတမ်းကြီး ဖြစ်နေကြောင်း ပေါ်လွင် လွန်းလှပါတယ်။

၅၄ သန်းသော လူထုအားကို အခြေပြုပြီး တန်းတူ ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စု ဒီမိုကရေစီ တိုင်းပြည်သစ် ထူထောင်ရေးလို့ ပွင့်လင်းရိုးသားတဲ့ စေတနာ အရင်းခံ သဘောထားမျိုးကို ရည်ညွှန်းမဖော်ပြပဲ ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသား စည်းလုံးညီမှု မပြိုကွဲရေး ဆိုတဲ့ အနုတ်လက္ခဏာ အပျက်သဘောဆောင်တဲ့ စကားလုံးများနဲ့ ခြိမ်းခြောက်ပြီး တိုင်းပြည်နဲ့ ့လူမျိုးပေါင်းစုံကို ရှေ့ဆက်ပြီး စစ်ကျွန်ပြုသွားမယ့့် န.အ.ဖ စစ်အုပ်စုရဲ့ သဘောထားအမှန်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ ရှင်းလင်းစွာ တွေ့မြင်နိုင် ပါတယ်လို့ ထပ်ပြီးတော့ ပြောပါရစေ။ စစ်ဝါဒကြောင့် ဖယ်ဒရယ် သင်္ချိုင်းဖြစ်သွားခဲ့ရပြီး ပြည်တွင်းစစ် မီးတောက်လောင်နေရတဲ့ မြန်မာ့မြေပေါ်မှာ အခုတဖန် ထပ်ပြီး အကွက်ဆင်လာနေတဲ့ န.အ.ဖ စစ်အုပ်စုရဲ့ မကျက်တကျက် ဒီမိုကရေစီနဲ့ ဖားတပိုင်း ငါးတပိုင်း အရေခြုံပြည်ထောင်စုက ပြည်တွင်းစစ်နဲ့ နိုင်ငံရေးပြဿနာကို ရေရှည် မီးမွေးပေးမယ့် လောင်စာများ ဖြစ်လာနေတာ အမှန်ပါပဲ။ စစ်ဝါဒ ပြတင်း တံခါးပေါက်ကနေ ပြင်ပဝန်းကျင်ကို လှမ်းကြည့်နေတော့ မြင်နေရတဲ့ မြင်ကွင်း အားလုံးဟာ စစ်သွေးစစ်ရောင် တောက်ပနေမှာ ဖြစ်သလို ဒီလို ကြည့်တတ်တဲ့ စစ်ဝါဒီများကြီးစိုး မင်းမူနေသရွေ ့ ဒီမိုကရေစီက ဆိတ်သုဉ်းနေမှာ သေချာ နေပါတော့တယ်။

အာဏာရှင်တွေရဲ့ လက်ထဲမှာ နိုင်ငံရေး ပြဿနာများကို နိဂုံးချူပ် အဆုံးသတ်စေနိုင်တဲ့ အဖြေများ ရှိမနေ တတ်ကြောင်းကို နိုင်ငံရေး သမိုင်းဆိုင်ရာ သုတေသန စာတမ်းအတော်များများမှာ ထောက်ပြ ရေးသားထားတာကို ဖတ်ရှု ရပါတယ်။ အာဏာရှင်များဟာ နိုင်ငံရေး ပြဿနာများကိုသာ ဖန်တီးပေးတတ်ပြီး ပြဿနာကို ဖြေရှင်းပေးလိုတဲ့ အခြေခံ စိတ်ဓါတ်နဲ့ ဖြေရှင်းနိုင်စွမ်း မရှိကြောင်းကို ကမ္ဘာ့လူ့သမိုင်း စာမျက်နှာများက သက်သေခံ ထောက်ပြနေပါတယ်။ အာဏာရှင်တွေ ဇာတ်သိမ်းပြီးမှသာ အာဏာရှင် စနစ်လဲပြိုကျသွားပြီး ဒီမိုကရေစီ စနစ်ကို ထူထောင်လို ့ ရနိုင်ကြောင်းကိုလည်း နိုင်ငံရေး ဖြစ်စဉ်မှတ်တမ်းတွေမှာ တွေ့နေရပါတယ်။

ဆယ်စုနှစ် (၂) စုကာလကို ဖြတ်သန်း လာနေပြီဖြစ်တဲ့ တွေ့ဆုံ ဆွေးနွေးရေးကလည်း န.အ.ဖ စစ်အာဏာရှင်ကို ဘယ်လိုမှ ကြိုးကိုင် မထိန်းချူပ်နိုင်တဲ့ အခြေအနေနဲ့ ဘူတာဟောင်းကြီးကိုပဲ ခဏခဏ ဆိုက်နေတော့ မြန်မာ့နိုင်ငံရေး ပြဿနာက နေမြင့်လေ အရူးရင့်လေ ဖြစ်နေတာ အားလုံးအသိပါပဲ။ ဒါပေမဲ့ န.အ.ဖ က၂၀၁၀ ထောင်ချောက်ကြီးကို ပွဲထုတ်လာတဲ့ နောက်ပိုင်း ရာသီပေါ် နိုင်ငံရေးလှိုင်းပေါ်မှာ တတိယအုပ်စု ဆိုတဲ့ အသွင်သစ်နဲ့ လူတွေကို တွေ့မြင် လာနေရပါတယ်။ တကယ်တမ်း ဒီလူတွေရဲ့ နိုင်ငံရေးအမြင် ယုံကြည်ချက်နဲ့ အိုင်ဒီယာတွေကို ခွဲခြမ်း စိတ်ဖြာကြည့်လိုက်တော့ လူထု အခြေပြုပြီး လမ်းသစ်ရှာသူများ မဟုတ်ကြပဲ န.အ.ဖ စစ်အုပ်စုရဲ့ ရှဲဒိုး ထရိုဂျန်မြင်း (Trojan horse)  များဖြစ်နေတာကို စိတ်မကောင်းစွာ တွေ့လိုက်ရပါတယ်။

ညှိယူ ဆွေးနွေးခြင်းနဲ့ အဖြေရှာ မရနိုင်ဖြစ်နေတဲ့ ဘက်နှစ်ဘက် တိုက်ပွဲက အချိန်ကြာလာတာနဲ့ အမျှ ရိုးအီနေတဲ့ အခုလို ကြားကာလမှာ တတိယလမ်းကို ရှာဖွေသူများ ပေါ်တတ်ပါတယ်။ တိုနီဘလဲ အစိုးရလက်ထက်က ကျင့်သုံးခဲ့တဲ့ လေဘာ ပါတီသစ်ပေါ်လစီနဲ့ ကလင်တန် အစိုးရရဲ့ အပေါ်မှ အောက်အစိုးရ ၀င်ရောက်စွက်ဖက်မှု (Top-down state intervention) နဲ့ လွတ်လပ်တဲ့ အရင်းရှင်းဈေးကွက် စီးပွါးရေးစနစ် (free-market capitalism) နှစ်ခုကြားက မူပိုင်ဟန်ကိုကိုင်စွဲပြီး တတိယလမ်း (Third way) နဲ့ ပေါ်လစီသစ်ကို ရွေးချယ်ခဲ့ခြင်းကို ဒီနေရာမှာ အကောင်းဆုံး ဥပမာပေးလို ့ရနိုင်မယ် ထင်ပါတယ်။

လက်ရှိ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေဆိုးကို ထွေးပိုက်ထားရတဲ့ မြန်မာ့နိုင်ငံရေး နယ်ပယ်ထဲမှာ သစ်လွင်တဲ့ တွေးခေါ်မှု လတ်ဆတ်တဲ့ အိုင်ဒီယာ ထူးခြားတဲ့ အမြင်နဲ ့ အပြောင်းအလဲကို ဖန်တီးဖို့ တတိယ လမ်းသစ် ထွင်သူများ လိုအပ်နေတာတော့ အမှန်ပါပဲ။ စစ်အုပ်စုရဲ့ ပရိယာယ်များနဲ့ ထိုးစစ်ဆင်နေမှုအောက်မှာ အလူးအလဲ ခံနေရတဲ့ ဒီမိုကရက်တစ် အင်အားစုများကို အားဖြည့် တပ်ကူပေးဖို့ လူထုကိုအခြေပြုပြီး ဖောက်ထွက်ရဲတဲ့ သတ္တိနဲ့့ အခင်းအကျင်းသစ်ကို ထုဆစ်လိုတဲ့ မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာခြင်းကသာ တိုင်းပြည်နဲ့ လူမျိုး ပေါင်းစုံလူ ့အဖွဲ့အစည်းက တောင်းဆိုလိုလားနေတဲ့ သွေးစစ်သော အဖြေ ဖြစ်နေပါလိမ့်မယ်။

လက်တကမ်း အလိုနဲ့ ရေတိုမှာ အဖြေမရှိတဲ့ စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အတွက် အနာဂတ်ကိုမျှော်ပြီး မျိုးဆက်သစ်ကို လက်တွဲခေါ်ခြင်းကသာ ရေရှည်မှာ တိုင်းပြည်ရဲ့ ကံကြမ္မာကို လမ်းကြောင်းမှန် တခုပေါ် တင်ပေးခြင်းပဲလို့ ယူဆမိပါတယ်။ ၅၄ သန်းသော လူထုကို ကောင်းမွန်တဲ့ အနာဂတ် ခရီးတခုဆီ ခေါ်ဆောင်သွားဖို့ မှန်ကန်တဲ့ ယုံကြည်ချက်နဲ့ ဗဟုဝါဒလေးတော့ အခြေခံရှိထားဖို့ လိုအပ်ပါလိမ့်မယ်။ အားလုံး သိထားကြတဲ့အတိုင်း မြန်မာ့နိုင်ငံရေး နယ်ပယ်နဲ့ နိုင်ငံရေးယဉ်ကျေးမှုမှာ သောင်းကျန်း မင်းမူနေတဲ့ နတ်ဆိုးတကောင်ကတော့ လူတစုဝါဒ ပါပဲ။ သေခြာနေတာ တခုကတော့ တန်းတူခြင်းကို စံထားပြီး လူမျိုးပေါင်းစုံ လူထုကို ဆက်စပ်ပေးဖို ့ တကယ့်လက်တွေ့ အလုပ် လုပ်လာကြတဲ့အခါ အတိုက်အခံ အင်အားစုများကြားထဲမှာ ငါတို့ နဲ့ သူတို့ (us and them) ဆိုတဲ့ စည်းခြားတဲ့ အမြင်များ ရှိနေခြင်းထက် အပြန်အလှန် နားလည် ယုံကြည်မှုများ ရှိနေခြင်းကသာ တဘက်မှာ တဖြည်းဖြည်းနဲ့ အင်အား ကြီးထွားလာနေတဲ့ ပဒေသရာဇ် စစ်ဝါဒီ န.အ.ဖနဲ့ သက်ဆိုးရှည် စစ်စနစ်ကို အမြစ်ပြတ် ဇာတ်သိမ်း ပေးလာနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံရေးရဲ့ ထာဝရ အရှင်သခင်များ ဖြစ်တဲ့ လူထုကို ဗဟိုပြုပြီး လူမျိုးပေါင်းစုံကို ထည့်သွင်းစဉ်းစားတဲ့ လူထုအမြင် လူထုအားမာန်နဲ့ လူထုဟန်ကို မပြတ်စွဲကိုင်လို့ လူထုအကျိုးကို မျှော်ကိုးကာ အနစ်နာခံ စွန့်လွှတ်တတ်သော သွေးသစ်မျိုးဆက်များကသာ မြန်မာနိုင်ငံရေး အလှည့်အပြောင်းနဲ့ အနာဂတ်ခရီးသစ်တခုဆီ ဦးဆောင်လှမ်းချီ လာနိုင်လိမ့်မယ်လို ့ ယုံကြည်မိနေ ပါတော့တယ်။ ။ ။

ညီညီထွေး (နယ်သာလန်)

၁၄၊၀၅၊၂၀၀၉

LEAVE A REPLY

Please enter your comment!
Please enter your name here