ဆိုမာလီယာ နိုင်ငံမြို့တော်တွင် တိုက်ပွဲများ ပြင်းထန်နေ

alt

မေလ (၁၈) ရက်နေ့က ဆိုမာလီယာ နိုင်ငံမြို့တော် မိုဂါဒစ်ရှူးတွင် တိုက်ပွဲများ ပြင်းထန်နေမှုကြောင့် အနည်းဆုံး လူ(၁၃၅)ဦး သေဆုံးပြီး (၄၁၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီက ထုတ်ပြန် ကြေညာလိုက်သည်။

ပြည်ထောင်စု အစိုးရ တပ်များနှင့် အတိုက်အခံ သူပုန်များ အကြား ပြင်းထန်သော တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် လူ (၃၄၀၀၀) ခန့်သည် မြို့တော်ကို စွန့်ခွာ ထွက်ပြေးကြကြောင်း အေဂျင်စီ၏ အစီရင် ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

မြို့တော် အတွင်းရှိ ဆေးရုံများတွင် လူသေ အလောင်းများ၊ ဒဏ်ရာ ရသူများနှင့် ပြည့်နှက် နေသည်ဟုလည်း သိရှိရပြီး၊  ကုလသမဂ္ဂက နှစ်ဖက်တပ်များ အပြန်အလှန် ပစ်ခတ်နေသည့် ကြားတွင် ပြည်သူ အမြောက်အမြား ကြားညပ် ပိတ်မိနေကြောင်း ပြောကြားလိုက်သည်။ လူနေထူထပ်သော နေရာများတွင်လည်း ညအချိန်တွင် ဗုံးများ ကျရောက် ပေါက်ကွဲလျက်ရှိပြီး ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများ ပေါ်ပေါက်လျှက် ရှိနေကြောင်း၊ ကလေးငယ်များ အပါအဝင် လူသူ အမြောက်အမြား သေဆုံးနေရကြောင်း မျက်မြင် သက်သေများက သတင်း အေဂျင်စီများသို့ ပြောကြားခဲ့ကြသည်။

အထူးသဖြင့် ပဋိပက္ခ ဖြစ်နေသော ဒေသကို မစွန့်ခွာ နိုင်သူများသည် တိုက်ပွဲများအကြား လည်စင်းခံနေယုံ မှတပါး အခြားနည်းလမ်း မရှိသေးကြောင်း ကုလသမဂ္ဂက ကြေညာသည်။ ယခု စစ်ပွဲအား အမြန်ဆုံး ရပ်စဲပေးပါရန် ကုလသမဂ္ဂက ပန်ကြားထားသော်လည်း နှစ်ဖက်စလုံးက လိုက်နာမှု မရှိကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here