စစ်အစိုးရအား အိပ်မက်ဆိုး ပေးနေဆဲ ဖြစ်သည့် ဒေါ်စု

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ညင်သာတဲ့ အသံနဲ့ အမူအရာတွေဟာ မြန်မာ့နိုင်ငံ ရဲ့ အာဏာရှင် စစ်အစိုးရကို အတိုက်အခံ ပြုနေသူ ခေါင်းဆောင် တစ်ဦးရယ်လို့ ထင်ရက်နိုင်စရာ မရှိပါဘူး။ သူမ ကို နေအိမ်မှာ အကျယ်ချုပ် ချုပ်ထားစဉ် ဥပဒေကို ထပ်မံ ချိုးဖောက်တယ် ဆိုပြီး …

လွန်ခဲ့တဲ့ မေလ ၁၄ ရက်နေ့က စစ်အာဏာရှင်တွေ ဟာ အင်းစိန် အကျဉ်းထောင်ကို ပို့၍ တရား ထပ်မံစွဲဆိုဖို့ ပြင်ဆင်နေကြ ပါတယ်။ ဒေါ်စု ဟာ အသက် ၆၃ နှစ် ရှိပြီ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲ ဟာ တစထက် တစ နီးကပ်လာချိန်မှာ သူမ ရဲ့ ယုံ ကြည်ချက်၊ ခံယူချက်တွေဟာလည်း ပြောင်းလည်း မသွားခဲ့ပါဘူး။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ် အောင်ဆန်းစုကြည် ဟာ စစ်အစိုးရ ရဲ့ ထိန်းသိမ်းမှု အောက်မှာ နေလာခဲ့ရတာ ၁၉ နှစ်ရှိခဲ့ ပါပြီ။ မေလ ၁၄ ရက် နေ့ မနက်မှာတော့ အကျယ်ချုပ် ထားတဲ့နေအိမ် ကနေပြီးတော့ အင်းစိန် အကျဉ်းထောင်ကို ပို့ပြီး တရားစွဲဆိုတော့မှာ ဖြစ်သလို ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခံ ရဖွယ်လည်း ရှိပါတယ်။

အမေရိကန်လူမျိုး တဦးက အင်းယားကန် ကို ဖြတ်ကူးပြီး သူမအား အကျယ်ချုပ် ထိန်းသိမ်းထားတဲ့ အိမ်ကို ဝင်ရောက်ခဲ့တာကြောင့် အခုလို တရားစွဲဆို ခံရတာ ဖြစ်တယ်လို့ စစ် အစိုးရက ပြောကြားပါတယ်။ နယူးယောက် အခြေစိုက် လူ့အခွင့်အ ရေးစောင့်ကြည့်ရေး အဖွဲ့က ဆူနီဖာ ဆတ် က အေအက်ဖ်ပီ သတင်းဋ္ဌာနကြီးကို  “ဒေါ်စုကြည် ဟာ မြန်မာတွေရဲ့ မျှော်လင့်ချက် တခုပါ” ဟု  ပြောကြား လိုက်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေး လှုပ်ရှားမှုများ

ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးတစ်ဦး ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ အချိန် အတော်အတန် ကြာနေထိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ သွယ်လျ ကျစ်လစ်တဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားသလို မြန်မာ့ ရိုးရာဝတ်စုံကို ခုံခုံမင်မင် ဝတ်ဆင်လေ့ ရှိသူ တဦးဖြစ်ပါတယ်။ တခါတရံမှာ သူမရဲ့ ဦးခေါင်းထက်မှာ ပန်းတွေကိုလည်း ဝေနေအောင် ပန် တတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အောက်စ်ဖို့ဒ် တက္ကသိုလ် ကျောင်းဆင်း တစ်ဦးဖြစ်ကာ ဗြိတိန် နိုင်ငံသား ပညာတတ်တစ်ဦး နဲ့ အိမ်ထောင်ကျရာ က သားနှစ်ဦး ထွန်းကားခဲ့ပါတယ်။ ၁၉၈၈ခုနှစ်မှာ နာမကျန်းဖြစ်နေတဲ့ မိခင်ကြီးကို စောင့်ရှောက်ဖို့ မြန်မာနိုင်ငံကို ရောက်လာစဉ် မှာ ပြည်သူတွေ စစ်အစိုးရ ကို ဆန့်ကျင်နေတဲ့ ဆန္ဒပြမှုနဲ့ ကြံုတွေ့ ခဲ့ရပါတယ်။
 
၁၉၈၈ခုနှစ် နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ အနည်းဆုံး ၃၀၀၀ ကျော် သေဆုံးခဲ့ရတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဆိတ်သုဉ်းမှုကို မြင်သိခဲ့ ရပါတယ်။ ရက်အနည်းငယ် အတွင်းမှာပဲ သူမဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အရေးလှုပ်ရှားတစ်ဦး အဖြစ်ကို ရောက်ရှိခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပြီး၊  ရန်ကုန်မြို့က ရွှေတိဂုံဘုရား မှာ လူသိန်းပေါင်းများစွာကို နိုင်ငံရေး အသိနှိုးဆော် ပေးခဲ့ပါတယ်။ ၁၉၉၈ခုနှစ်၊ စက်တင်ဘာလမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကို ဖွဲ့စည်းပေးခဲ့ပြီး အတိုက်အခံ ပါတီပေါင်း (၁၀၅) ခုနဲ့ မဟာမိတ် ပြုနိုင်ခဲ့သလို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး အတွက် မြန်မာနိုင်ငံ အနှံ့အပြားမှာ စည်းရုံး လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ အချိန်ကစလို့ မြန်မာ့နိုင်ငံရေး ရဲ့ စာမျက်နှာသစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ နာမည် အောင်မြင်စွာ စတင်ရေးထိုး နိုင်ခဲ့ပြီး၊ မြန်မာ ပြည်သူတွေ ရဲ့ ယုံကြည် ကိုးစားမှုကို ရရှိတဲ့ ဘဝ ကို ပိုင်ဆိုင်ခွင့် ရရှိစေခဲ့ ပါတယ်။

နေအိမ်တွင် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံရခြင်း

သူမရဲ့ ကြောက်ရွံ့မှု ကင်းမဲ့တဲ့ ပြုမူ ဆောင်ရွက်မှုတွေ၊ တောင်းဆိုမှုတွေကြောင့် စစ်ဗိုလ်ချုပ်တွေ ဟာ ၁၉၈၉ ခုနှစ်မှာ သူမကို နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်း ထားခဲ့ပါတယ်။ အဲဒီလို ထိန်းသိမ်းခံ ထားရပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၉၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ မှာ အန်င်အယ်ဒီပါတီ ကို မဲအပြတ်အသတ်နဲ့ အနိုင်ရရှိအောင် ဦးဆောင်မှုတွေ ပေးနိုင်ခဲ့ပါ တယ်။ သူမရဲ့ အန်င်အယ်ဒီပါတီ ဟာ လွှတ်တော် အမတ် အရေအတွက် ၈၂ ရာခိုင်နှုန်းထိ ရရှိအောင် နိုင်ခဲ့ပေမယ့် စစ်အစိုးရ က ဒီအောင်မြင်မှု ရလာဒ် ကို လက်မခံ မနှစ်မြို့ ခဲ့ပါဘူး။ ခေတ္တ လွတ်မြောက်စဉ် ကာလ ဖြစ်တဲ့ ၁၉၉၉ ခုနှစ်အတွင်းမှာ သူမ ဟာ အေအက်ဖ်ပီ သတင်းဋ္ဌာန နဲ့ အင်တာဗျူး တခု ပြုလုပ်စဉ်မှာ စစ်အစိုးရ ဟာ အဓိကကျတဲ့ တွေ့ဆုံ ဆွေးနွေးရေး ကို ပြုလုပ်ဖို့ ငြင်းဆန် နေတယ်လို့ အတိအလင်း ပြောကြား ခဲ့ပါတယ်။ “နိုင်ငံရေး ဟာ တစုံတစ်ယောက် က နိုင်ရင် အခြား တစုံတစ်ယောက် က ရှုံးတဲ့ပြိုင်ပွဲ တခုလို့ စစ်အစိုးရ က ထင်မြင် နေပါတယ်။ ဒီ ပြိုင်ပွဲမှာ နိုင်လိမ့်မယ် လို့လည်း သူတို့ ကိုယ်သူတို့ ယုံကြည်ချက် မရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် က ယင်း အင်တာဗျူး တွင် ပြောကြား ခဲ့ပါတယ်။

ပေးဆပ်ရသော တန်ဖိုးများ

မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုမှာ သူမ အနေနဲ့ တန်ဖိုးကြီးများစွာ ပေးဆပ်ခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူ မိုက်ကယ် အဲရစ် ဟာ ကင်ဆာရောဂါ နဲ့ နောက်ဆုံး အခြေအနေ ကို ရောက်ရှိစဉ် သူမရဲ့ ဇနီး ဖြစ်သူရှိရာ မြန်မာ နိုင်ငံကို လာရောက်တွေ့ဆုံခွင့် လျှောက်ထားရာ မှာ စစ် အစိုးရ က ဗီဇာ ထုတ်မပေးခဲ့ပါဘူး။ ဇနီးဖြစ်သူ ကို ၁၉၉၅ ခုနှစ်ကစပြီး တွေ့ဆုံခွင့် မရရှိခဲ့ရာက ၁၉၉၉ ခုနှစ်မှာ သေဆုံး ခဲ့ရပါတယ်။ ခင်ပွန်း ဖြစ်သူကို သွားရောက် တွေ့့ဆုံဖို့ စစ်အစိုးရ ဆီက ခွင့်ပြုချက် ပေးခဲ့ ပေမယ့်လဲ၊ နိုင်ငံရဲ့ ပြင်ပကို ထွက်ခွာခဲ့ရင် မြန်မာပြည်ကို ပြန်လာခွင့် မရှိတာကြောင့်၊ ခင်ပွန်း ဖြစ်သူ ရဲ့ နောက်ဆုံး အချိန်တွေကို မြန်မာ ပြည်သူတွေ ရဲ့ မျှော်လင့်ချက် ရောင်ခြည် မနက်ဖြန်ပေါင်းများစွာတွေကို သယ်ဆောင် လာနိုင်ဖို့ အတွက် ငြင်းဆန် ခဲ့ပါတယ်။ 

စစ်အစိုးရရဲ့ ခြောက်လှန့်မှုတွေ၊ အပုပ်ချမှုတွေဟာ သူမ ရဲ့နိုင်ငံရေး ယုံကြည်ချက်တွေကို ပိုမို ခိုင်မာ လာစေခဲ့ပါတယ်။ ဝေဖန်သူတွေ ကတော့ သူမ ရဲ့ တင်းမာတဲ့ သဘောထားဟာ စစ်အစိုးရ နဲ့ နိုင်ငံရေး ပါတီတွေအကြား ငြင်းခုံမှုတွေ ကို အဖြေရစေမှာ မဟုတ်ဘူးလို့ ပြောနေပေမယ့် သူမ ကတော့ စစ်အစိုးရ ရဲ့ ဖိနှိပ်မှုအောက်က နိုင်ငံ တနိုင်ငံမှာ လွတ်မြောက်မှု ရဲ့ သင်္ကေတ တခုပါပဲ။ “မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ တောင်းဆိုမှုဟာ ကမ္ဘာ့ အသိုင်းအဝိုင်းမှာ မြန်မာတွေ အနေနဲ့ လူသားတွေ ရဲ့ ရပိုင်ခွင့်၊ အဓိပ္ပါယ် ရှိရှိနေထိုင် နိုင်ဖို့နဲ့ လွတ်လပ်ပြီး တရားမျှတမှု ကို ရယူပိုင်ဆိုင်ခွင့် ရှိဖို့ ဖြစ်ပါတယ်” လို့ သူမ ရေးသား ခဲ့တဲ့ “Freedom from Fear and Other Writings” စာအုပ်များတွင် အတိအလင်း ဖော်ပြခဲ့ဖူးပါတယ်။

နောက်ဆုံး အခြေအနေများ

ယခုအခါ ကုလသမဂ္ဂ က ဦးဆောင်၍ နိုင်ငံတကာ အဖွဲ့အစည်းများက ဒေါ်အောင်ဆန်းစုကြည် အား စစ်အစိုးရ က တရားစွဲဆို ထားခြင်းအား ပြစ်တင် ပြောကြားထားပြီး အမြန်ဆုံး လွှတ်ပေးရန် တောင်းဆို ထားကြပါတယ်။ သူမအား ဒီနေ့ မေလ (၁၈) ရက်နေ့တွင် စတင် ရုံးတင် စစ်ဆေးနေပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အား တရား စွဲဆိုထားရာ ကမာ္ဘမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင် အနီးသို့  စုရပ် အနေဖြင့် သွားရောက် အားပေး နေကြသည့် ပြည်သူများအား လိုအပ်လျှင်  ဖြိုခွင်းရန် အသင့်အနေအထား ဖြင့် မနေ့က ( မေလ ၁၇ ရက် ) ညနေ က စလို့ အင်းစိန်ထောင် အနီး ဝန်းကျင်မှာ နေရာယူ ခိုင်းထားပြီး၊ အင်းစိန် ဈေးထိပ် ကနေ ပေါက်တောဝ မီးပွိုင့် အထိ လမ်းပိတ်ဆို့ ထားလိုက်ပါတယ်။ စစ်အစိုးရ ရဲ့ လုံထိန်းတွေ က မဟာမြိုင်ရုပ်ရှင်ရုံ မှာ တပ်စွဲထားပြီး စွမ်းအားရှင်များ ပါသော ဒိုင်နာကား ၁၂ စီး ကလည်း၊ အလှပြသယောင် ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို အာဏာပိုင် မဟုတ်ပဲ ခြိမ်းခြောက် နေကြဆဲပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ်အိုရေး ကင်တာနာ က “ဒေါ်အောင်ဆန်း စုကြည်ရယ်၊ သူ နဲ့ အတူ နေထိုင်၍ အကူအညီပေးနေတဲ့ အမျိုးသမီး နှစ်ဦးရယ် ကို ချွင်းချက်မရှိ လွှတ်ပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်။ သူ့ရဲ့ အိမ်ဟာ စစ်တပ် က တာဝန်ယူ စောင့်ရှောက်မှု အောက်မှာ ရှိတာကြောင့် အခုလို ဝင်ရောက်မှုမျိုးမှာ အမှန် တကယ်တော့ စစ်တပ်မှာ တာဝန် ရှိပါတယ်”ဟု ပြောကြားလိုက်ပြီး။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် ကလည်း ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲထားသည့် အမှုမှာ အခြေအမြစ် မရှိကြောင်း၊ အခု စွဲဆိုထားတဲ့ အမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထပ်ပြီး ထိန်းသိမ်းထားဖို့ တမင်ကြံစည် တဲ့ စစ်အစိုးရ ရဲ့ လုပ်ရပ်ကို အမေရိကန် နိုင်ငံ အနေနဲ့ ဆန့်ကျင်ကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို ချွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးရန်နှင့် သူမ ရဲ့ ဆရာဝန် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကိုလည်း ပြန်လွှတ်ပေးဖို့ တောင်းဆို ထားပါတယ်။

စစ်အစိုးရပိုင် သတင်းဋ္ဌာနများ ရဲ့ ပြောကြားချက် အရ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အိမ်ထဲကို ဝင်ရောက် ခဲ့တဲ့ ဂျွန်ရက်တော ဟာ အသက် ၅၃ နှစ်အရွယ် စစ်မှုထမ်းဟောင်း တဦးဖြစ်ပြီး အမေရိကန် နိုင်ငံ၊ ဒက်ထရွိုက် မြို့မှ ဖြစ်ကြောင်း၊ ၎င်းသည် မေလ ၂ ရက်နေ့မှာ ရန်ကုန်မြို့ ကို ကမ္ဘာလှည့် ခရီးသည် ပြည်ဝင်ခွင့် ဗီဇာ နဲ့ ရောက်လာတာဖြစ်ပြီး နောက် တည မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြံဝင်း အတွင်း ကို အင်းယားကန် အား ရေကူးဖြတ်ကျော်ပြီး ဝင်ရောက် ခဲ့ကြောင်း၊ မေလ ၆ ရက်နေ့နံနက် စောစောပိုင်းမှာ ယင်းအိမ် မှ ထွက်လာစဉ် ရဲများ က ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်တယ်လို့ ဖော်ပြ ခဲ့ပါတယ်။

လူ့ အခွင့်အရေး စောင့်ကြည့် အဖွဲ့ ကလည်း မြန်မာ နိုင်ငံရဲ့ အနီးကပ်ဆုံး မဟာမိတ် နိုင်ငံ တွေဖြစ်တဲ့ တရုတ် နဲ့ အိနိ္ဒယ တို့ကို ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ်ပေးရေးမှာ စစ်ဗိုလ်ချုပ်တွေ ကို ဖိအားပေးဖို့ တောင်းဆို ထားပါတယ်။ “စင်ကာပူ၊ အိနိ္ဒယ၊ တရုတ်၊ ထိုင်း နဲ့ အာဆီယံ နိုင်ငံတွေ က မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို လွှတ်ပေးကာ စစ်မှန်ပြီး ပူးပေါင်း ဆောင်ရွက်မှုရှိတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ မြန်မာနိုင်ငံ မှာ ပေါ် ထွန်းလာဖို့ တိုက်တွန်း ဖို့လိုပါတယ်”ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ၏ အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ အယ်လင်ပီယာဆင် က ပြောကြား ခဲ့ပါတယ်။

အခု အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ရေဓာတ် ခမ်းခြောက်မှု၊ သွေးဖိအား ကျဆင်းခြင်း၊ အစာစားလိုစိတ် မရှိသည့် ရောဂါများကို ခံစားနေရပြီး၊ ၂၀၀၃ ခုနှစ်တွင် မမျိုးပွား အင်္ဂါဆိုင်ရာ ခွဲစိတ်မှုကို ခံယူခဲ့ရပြီး ၂၀၀၆ ခုနှစ်မှာ ဆေးရုံတက်ရောက် ကုသမှု လုပ်ခဲ့ရပါတယ်။ စက်တင်ဘာလ အတွင်းကလည်း သွေးဖိအား ကျဆင်းပြီး အိပ်ရာ က မထနိုင် ဖြစ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အလှည့်အပြောင်း ကာလဟာ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ပဲ ဖြတ်သန်းဖို့ မြန်မာပြည်သူတွေက လိုလားကြပါတယ်။ အိမ်နီးချင်း နိုင်ငံတွေ ဘယ်လို တိုးတက်နေပြီလဲ၊ ယနေ့ ကမ္ဘာပေါ်မှာ ဘာတွေပြောင်းလဲ နေပြီလဲ၊ ဒါတွေ အားလုံးဟာ မြန်မာပြည်သူတွေ အတွက်တော့ ချိုမြိန်တဲ့ အိပ်မက်ထဲက တမ်းတမှုတွေ အဖြစ်မျှသာ ရှိနေဆဲပါ။ ။

AFP သတင်းဋ္ဌာနကြီးရဲ့ ‘The Lady’ still threatens ruling junta ကို လူထုအသံ ပရိသတ်များ အတွက် ဆီလျော်အောင် ဘာသာပြန် ဖွဲ့ဆို ရေးသားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here