ပြည်တွင်း ၌ ဗုံးပေါက်ကွဲမှုများ ဖြစ်လာနိုင် ဟုဆို

alt

alt

ပြည်တွင်း ၌ ပေါက်ကွဲမှုများ ဖြစ်လာ နိုင်ကြောင်း စစ်အစိုးရ လိုလားသည့် ဝါဒဖြန်ချီရေး စာမျက်နှာ တွင် ဖေါ်ပြရှိပြီး၊ ပြည်သူများ အနေဖြင့် သွားသတိ၊ လာသတိ ဖြင့် နေထိုင်ရန် လိုအပ်ပြီး၊ ဖေါက်ခွဲဖျက်ဆီးရေး သမားများ သည်

၎င်းတို့ အကျိုးအတွက်သာ ကြည့်ပြီး ပြည်သူလူထု ဘယ်သူ သေသေ လုပ်ဆောင်သွား နိုင်၍ အထူး ဂရုစိုက် သွားရန် လိုအပ်ကြောင်း သတိပေး ထားတာကို တွေ့ရှိရပါတယ်။

အဆိုပါ သာကီနွယ် စာမျက်နှာတွင် ဖေါ်ပြချက်အရ အမေရိကန် နိုင်ငံ အခြေစိုက် ကျောင်းသား ခေါင်းဆောင်ဟောင်း တဦး ဖြစ်သည့် ကိုမိုးသီးဇွန် မှ ကမကထ ပြု၍ နယ်စပ်မှ ဖေါက်ခွဲ ဖျက်ဆီးရေး သမားများ ဝင်ရောက် နေသည် ဟု ရေးသား ထားခဲ့ပြီး၊ ကရင် တိုင်းရင်းသား ဝတ်စုံ ဝတ်ဆင် ထားသူ ၃ ဦး ၏ ကိုယ်တပိုင်း ပုံ ဓါတ်ပုံများနှင့် အတူ ဖေါ်ပြထားသည်။

အဆိုပါ ကရင် တိုင်းရင်းသား ဝတ်စုံဝတ်ဆင် ထားသူ ၃ ဦး ဓါတ်ပုံ နှင့် ပတ်သက်၍ မည်သည့် ရေးသားချက်မှ ပါရှိခြင်း မရှိသော်လည်း၊ အမေရိကန် နိုင်ငံရောက် ပြည်ပြေး မိုးသီးဇွန် မှ ကမကထ ပြုလုပ်ကာ ရန်ကုန်မြို့ အတွင်း ဓါတ်ဆီ ပုလင်းများ အသုံးပြုပြီး ဖေါက်ခွဲ ဖျက်ဆီးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြီးခဲ့သော (၃) ရက်ခန့် က မြဝတီ -မဲဆောက်လမ်း မှ လမ်းကြောင်းများ ခွဲပြီး စေလွှတ်လိုက်ကြောင်း မြဝတီ -မဲဆောက် ကားလမ်းတွင် ကုန်ရောင်း ကုန်ဝယ် ပြုနေသူ များထံမှ ကြားသိရကြောင်း ဖေါ်ပြထားသည်။

မနေ့က ( မေလ ၁၇ ရက် ) နေ့က ရေးသားချက်တွင် နေအိမ် အကျယ်ချုပ် ကျခံနေရာမှ အမေရိကန် နိုင်ငံသား နေအိမ် တွင်း ၂ ညအိပ် လက်ခံထားမှုဖြင့် အင်းစိန် အကျဉ်းထောင် အတွင်း အထူးတရားရုံး ဖြင့် စစ်ဆေးခံနေရသော ဒေါ်စုကြည် ကိစ္စ ပေါ်ပေါက်နေစဉ် နယ်စပ် အခြေစိုက် ဆန့်ကျင်ဖက် နိုင်ငံရေး အင်အားစု များမှ အလစ်အငိုက် ရယူကာ ဖေါက်ခွဲဖျက်ဆီးရေး လုပ်ငန်းများဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ထိပါးလာနိုင်သည် ဟု ရေးသားခဲ့သလို၊ အာဏာပိုင်များသည် အခြားသော ဖက်၌ အလုပ်များနေစဉ် နယ်စပ်ဒေသမှ ဖေါက်ခွဲဖျက်ဆီးရေး သမားများသည် အခွင့်ကောင်းယူကာ ၀င်ရောက်လာနိုင်ပြီး ရန်ကုန်၊ မန္တလေး နှင့် အခြား မြို့ကြီးများတွင် ဖေါက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင် လာနိုင်ကြောင်း ကို မဲဆောက်အခြေစိုက် မြန်မာပြည် ဒီမိုကရေစီ အကျိုး စစ်မှန်စွာ လိုလားသော ပြည်သူများထံမှ ကြားသိရသည်ဟု ရေးသားထားသည်ဟု တွေ့ရှိရသည်။

အဆိုပါ ရေးသားချက်တွင် ပြီးခဲ့သော မတ်လ အတွင်းက မြောက်ဥက္ကလာပ တော်ဝင်နန်း တည်းခိုခန်းတွင် ဗုံးထောင်ရန် ပြင်ဆင်နေစဉ် ပေါက်ကွဲ သေဆုံးခဲ့သည်ဟု ယူဆရသူ ၏ တစစီ ပဲ့ကြွေနေသည့် ရုပ်အလောင်းအား ဓါတ်ပုံ ဖြင့် ဖေါ်ပြပါရှိသည်။

အဆိုပါ ၂ ရက် ( မေလ ၁၇၊ ၁၈ ) ဆက်တိုက် ဖေါ်ပြ ပါရှိခဲ့ခြင်းသည် ဒီကနေ့ အင်းစိန် အကျဉ်းထောင် အတွင်းရှိ အထူးတရားရုံးမှ ဒေါ်အောင်ဆန်းစုကြည် ၏ အမှုအား သွားရောက် နားထောင်မည့် ပြည်သူများအား လူမစု ကြစေရန် ခြောက်လှန့် သည့် ကြံစည်မှု တခု ဖြစ်နိုင်သကဲ့၊ မကြာမှီ ကာလအတွင်း ပြည်တွင်း ၌ ပေါက်ကွဲမှုများ ဖြစ်လာနိုင်ကြောင်း ကို ကြိုတင် သိနေသည့် သဘောဖြင့် ရေးသားခြင်းလည်း ဖြစ်နိုင်ကြောင်း၊ သို့မဟုတ် ပေါက်ကွဲမှုများကို ဖန်တီး၍ ပြည်သူများ၏ အာရုံအား ပြောင်းလဲရန် ကြံစည်ခြင်းလည်း ဖြစ်လာနိုင်ကြောင်း၊ ပြည်တွင်းမှ နိုင်ငံရေး လေ့လာ အကဲခတ်သူ တဦးက လူထုအသံ ကို ပြောကြားလိုက်သည်။

လူထုအသံ မှ ကိုမိုးသီးဇွန် အား ဆက်သွယ် ခဲ့သော်လည်း ပြန်လည် ဖြေကြားမည့်သူ မရှိဖြစ်နေပြီး၊ ၎င်းနှင့်လက်တွဲ တာဝန်ယူ လှုပ်ရှားနေသည့် မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ် ဒု ဥက္ကဌ ကိုရွှေဇင် ကတော့ ပြည်တွင်းကို ကိုမိုးဇွန် အနေနဲ့ မည်သည့် ဖေါက်ခွဲရေးသမား မှ စေလွတ်ထားခြင်း မရှိကြောင်း၊ မည်သူ့ကိုမှလည်း ဖေါက်ခွဲရေး သင်တန်းများ ပေးခြင်း မရှိကြောင်း၊ ပြည်တွင်း၌ အထွေထွေ သပိတ်လာ စေရန် လုပ်ဆောင် နေကြောင်းသာ ဖွင့်ဟ ပြောဆိုလိုက်သည်။

ကိုမိုးသီးဇွန် သည် မြန်မာ ပြည်လွတ်မြောက်ရေး အဖွဲ ့ချုပ်၏ ဥက္ကဌ အဖြစ် တာဝန်ယူနေပြီး၊ နာမည်ကျော် We Fight We Win ဘလောဂ့် အား ရေးသား နေသူများထဲမှ တဦးလည်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here