တိုင်းပြည်ရဲ့ ကယ်တင်ရှင်ကို ဘယ်သူ ကယ်တင် နိုင်မလဲ?

ဒီပဲယင်းတွင် တိုက်ခိုက်ခံ ရပြီး ကတည်းက တရားမျှတသည့် မည်သည့် တရားစီရင်မှု မှ မရှိပဲ အိမ်တွင်း အကျဉ်းချ အကျယ်ချူပ် ဖြင့် ထိန်းသိမ်းခံ နေခဲ့ရသော

လူထု ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လာမည့် မေလ ၂၇ ရက် နေ့ တွင် ပြန်လွှတ် ပေးရမည့် အချိန်ကျမှ ထောင်ချောက်ဆင် ဖမ်းကာ တနင်္လာနေ့ မေလ ၁၈ ရက်တွင် တရားစွဲဆို စီရင်ပြီး ထောင်သွင်း အကျဉ်းချ ဖို့ ကြံစည်နေသည့် န.အ.ဖ စစ်အုပ်စု၏ လုပ်ရပ်ကြောင့် မြန်မာ့ လူထု နှင့် တကမ္ဘာလုံး က ဒေါသထွက် နေကြသည်။

အင်းစိန်ထောင်တွင် နိင်ငံတော်အား နှောက်ယှက်သူများ ထံမှ ကာကွယ် တားစီးသည့် ဥပဒေ (Law to Safeguard the State Against the Dangers of Those Desiring to Cause Subversive Acts) ပုဒ်မ ၂၂ ဖြင့် မတရားစွဲဆို အမှုဖွင့်ပြီး ဖမ်းဆီးထားသည့် လူထုခေါင်းဆောင် ဒေါ်စုအား ချွင်းချက်မရှိ လွှတ်ပေးရန် နိုင်ငံတကာ အစိုးရနှင့် နိုင်ငံရေး ခေါင်းဆောင်များ က တောင်းဆို နေကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်က “ဒါက အမှုဆင်ထားတာပဲ။ လုံခြုံရေး ကိစ္စ တခုလုံးဟာ သူတို့ လက်ထဲမှာ ရှိတာပဲ။ လူတယောက် ၀င်လာအောင် လုပ်တယ် ဆိုတာ သူတို့ ဖွင့်မပေးရင် ဘယ်လိုမှ ၀င်လို့ မရဘူး” ဟု ထောက်ပြ ပြောဆိုသည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချူပ် နှင့် စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားမည်ဟု ယခင် ကတည်းက ကြိုတင် ခန့်မှန်းထားခဲ့သည်ဟု ပြောဆိုလိုက်ပြီး “ထင်တဲ့ အတိုင်းပဲ အခု နိုင်ငံခြားသား တယောက် ခြံထဲဝင်တာကို အကြောင်းပြပြီးတော့ တရားစွဲတယ်၊ ဒါတွေကို ကြည့်ခြင်း အားဖြင့် သူတို့သွားနေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အနှောင့်အယှက် ဖြစ်မှာ စိုးတဲ့အတွက် မလွှတ်ဘူး ဆိုတာဟာ ထင်ရှားတယ်” ဟု ထပ်ဆောင်း ပြောဆိုလိုက်သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ရေး အတွက် အရေးပေါ်ဝင်ရောက် ဖြေရှင်းရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တိုက်တွန်းလိုက်ပြီး ……။

နယူးယောက် အခြေစိုက် Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့က ကုလသမဂ္ဂ အနေဖြင့် မြန်မာ စစ် အစိုးရ ကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တိုက်တွန်းရမည်ဟု ပြောလိုက်သည်။ စစ်အစိုးရသည် အမေရိကန် နိုင်ငံသား စတန့်ထွင်မှု ကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည် အား ဆက်လက် ထိန်းသိမ်း ထားရန် ကြိုးစား နေသည် ဟု လည်း ဝေဖန် လိုက်သည်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် အဘီဆစ်ကလည်း မြန်မာပြည်တွင် ဖြစ်ပျက်နေသော အခြေအနေများကို စိုးရိမ်မိကြောင်း၊ မြန်မာ့နိုင်ငံရေးသည် နောက်ပြန်ဆွဲနေသည့် အခြေအနေကို ရောက်နေကြောင်း ပြောကြား လိုက်သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဌါန မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကလည်း “မတရားသဖြင့် စွဲချက်တင်ထားသည့် အမှု” ကို ရုပ်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် စစ်အစိုးရကို ပြောဆို လိုက်သည်။

ဥရောပသမဂ္ဂ ဥက္ကဋ္ဌ ဟန့်(စ်) ဂါဒ်ပိုးတာရင်း (Hans-Gert Pöttering ) က အကျယ်ချုပ် သက်တမ်းပြည့်တော့မည့် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက် မရှိ ပြန်လွှတ်ပေးရန် အလေးအနက် တိုက်တွန်း လိုက်သည်။

ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒန်ဘရောင်း က ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံရသည့် သတင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသည်ဟု ဆိုသည်။ စတင် ဖမ်းဆီးစဉ်က တရားမျှတမှု မရှိခဲ့ကြောင်း၊ ယခုလည်း တရားသဖြင့် စီရင်မည်ဟု မယူဆကြောင်း ဗြိတိန် ၀န်ကြီးချုပ်၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။

အမေရိကန် အိုဘားမား အစိုးရ ၏ နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန် က ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲချက် တင်ထားသည့် အမှုမှာ အခြေအမြစ် မရှိဟု ကန့်ကွက် ပြောဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို တရားစွဲဆိုခြင်း မပြုရန် စစ် အစိုးရ ကို တောင်းဆို လိုက်သည်။

ဘီဘီစီ သတင်းထောက် ဂျိုနသန်ဟတ် ကတော့ သူ၏ “စစ်အုပ်စုက ဘာကြောင့် ဒေါ်စုကို ကြောက်နေရလဲ” ဆောင်းပါး တွင် စစ်အုပ်စု ဦးဆောင်ကျင်းပလာမည့့် အတုအယောင် ၂၀၁၀ ရွေးကောက်ပွဲအား စိတ်တိုင်းကျ ကျင်းပ သွားနိုင်ရန်နှင့် ဒီ ရွေးကောက်ပွဲအား ကန့်ကွက်နေကြသည့် ဒီမိုကရက်တစ် အင်အားစုများ ၏ ခေါင်းဆောင် ဒေါ်စု နှင့် သူမကို အားကိုး ယုံကြည် ထောက်ခံ နေကြသည့် မြန်မာ့လူထု ၏ အင်အားကို စိုးရိမ် ကြောက်ရွံ့ နေသောကြောင့် အခုလို အမှုဆင်ပြီး ထိန်းသိမ်း ထားခြင်း ဖြစ်သည်ဟု ရေးသား ထားသည်။

သေချာနေသည်မှာ နဂိုရ် ကတည်း က ကြိုတင် ကြံရွယ်ထားသည့် အတိုင်း လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား မတရားအမှု စီရင်ပြီး နှစ်ရှည်ထောင်ဒါဏ်များ ချမှတ်သွားဖွယ် ရှိနေပေသည်။ ၁၉ နှစ် ကာလအတွင်း ၁၃ နှစ် အိမ်အကျယ်ချူပ် ချခံထားရပြီး ယခုတကြိမ် ထောင်ဒါဏ်များ ချမှတ်ခံခဲ့ရလျှင် တိုင်းပြည်၏ အနာဂတ်သည် မတွေးရဲစရာ အခြေအနေဆိုးနှင့် ကြုံလာနိုင်မည်မှာ ယုံမှား သံသယဖြစ်စရာ မလိုတော့ပေ။

တရားမဝင်သော စစ်အုပ်စု ၏ လက်ထဲတွင် ဥပဒေမဲ့သော တရားစီရင်မှု ကို ခံရပြီး မတရားမှုများဖြင့် ကာရံထားသော ထောင်နံရံများ အတွင်း၌ ဒေါ်စုကို ဖမ်းဆီး အကျဉ်းချ လိုက်ခြင်းက လူထု ၏ ဒီမိုကရေစီ လိုလားသောဆန္ဒ၊ တိုင်းပြည်၏ အသက်နှင့် လူမျိုးပေါင်းစုံ၏ အိပ်မက်အား စနစ်တကျ ဖျက်ဆီး လိုက်ခြင်းပင် ဖြစ်သည်ဟု ပြောရပေမည်။

ယခု ကိစ္စသည် န.အ.ဖ စစ်အုပ်စုက လူထုအား စစ်ကျေညာလိုက်ခြင်းပင် ဖြစ်ပေသည်ဟုသာ အခိုင်အမာ သုံးသပ်ရပေမည်။ စစ်အာဏာရှင် စနစ်သက်ဆိုးရှည်ရေး အတွက် ဥပဒေအရ ကျားကန်ပေးသွားရန် ရေးဆွဲထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချူပ်ပုံ အခြေခံဥပဒေအား အသက်သွင်းပေးမည့် အတုအယောင် ရွေးကောက်ပွဲကို လူမျိုးနှင့် တိုင်းပြည်အား ချနင်းကာ အတင်းအကျပ် ကျင်းပသွားဖို့ ကြိုးပမ်းနေကြောင်းကို စစ်အုပ်စု၏ လုပ်ရပ်က ရှင်းလင်းစွာ ဖော်ပြနေသည်။

အာဏာရှင် စစ်စနစ်ရဲ ့ဂုတ်သွေးစုပ်ခြင်းကို ခံနေရတဲ့ တိုင်းပြည်ကို အမှောင်ကမ္ဘာထဲက ဆွဲထုတ်ပြီး အနာဂတ်သစ်ဆီ လှမ်းချီဖို့ ဦးဆောင် လမ်းပြပေးနေသည့် မီးရှူးအလင်းရောင်၊ လူထုရဲ့ဦးသျှောင်၊ မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေးရဲ့ ပင်မ သွေးကြောကြီးဖြစ်သည့် တိုင်းပြည်ရဲ့ ကယ်တင်ရှင်ကို ဘယ်သူ ကယ်တင်နိုင်မလဲ ? ဆိုတဲ့ မေးခွန်းအတွက် အခုလို အလွန်အရေးကြီးသည့် ကာလတွင် အဖြေအဆင့် ရှိနေသင့်ပါသည်။ တိုင်းပြည်ရဲ ့ထာဝရပိုင်ရှင်၊ နိုင်ငံရေးရဲ့ အရှင်အခင် နှင့် အနာဂတ်ရဲ့  ပဲ့ကိုင်ရှင်များ ဖြစ်တဲ့ လူထု ကသာ လူထုခေါင်းဆောင်အား ကယ်တင်နိုင်မည် ဖြစ်ကြောင်းကို ဒီလို အခြေအနေမှာ အပို ပြောစရာ လိုမယ် မထင်တော့ပါ။

ညီညီထွေး (နယ်သာလန်)

၁၅၊၀၅၊၂၀၀၉

LEAVE A REPLY

Please enter your comment!
Please enter your name here