လခစား ပြည်ပ မီဒီယာကြီး အချို့ စည်းမရှိ

alt

ယခုတလော ပြည်တွင်းပြည်ပမှ မြန်မာ နိုင်ငံသားများ အထူး စိတ်ဝင်စားနေသော လူထု  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား စစ်အစိုးရ မှ မတရား အမှုဆင် ဖမ်းဆီးမှု ၏ သတင်း ရေးသား ပုံများတွင် ပြည်ပ မီဒီယာ များ သည် သေခြာလေ့လာ ဆန်းစစ်ခြင်း မရှိပဲ ရမ်းသမ်း သတင်း ရေးသားခြင်း အပေါ် အွန်လိုင်း စာဖတ် ပရိသတ်များ အလွန်အမင်း စိတ်ပျက်ခြင်းများ ဖြစ်ပေါ် နေ ရသည်။

 

အဆိုးဝါးဆုံး ဖြစ်ရပ်မှာ မီဒီယာကြီး တချို့ ၏ ငါ့မြင်းငါစိုင်း ရေးသားမှုများ ကြောင့် ပုဂ္ဂလိက ထိခိုက် နှစ်နာမှုများ ရှိကြောင်း သတင်းသမား ဘလော့ဂ်ဂါ တဦးဖြစ်သူ မခွာညို မှ သူမ၏ ငှက်ကလေး အမည်ရ ဘလော့ဂ်တွင် ရေးသားဖေါ် ပြထားသည်။ ယခင် အပါတ်များကလည်း ဘလော့ဂ်ဂါ မဆုမွန် မှ ပြည်ပမီဒီယာများတွင် ရေးသား နေသော ဒေါ်အောင်ဆန်းစုကြည်  အား အနီးကပ် အကူညီပေးနေသော ဒေါ်ခင်ခင်ဝင်း နှင့် သမီးဖြစ်သူအား အိမ်ဖေါ်ဟု သုံးနှုန်းနေမှု အပေါ် လွဲမှား နေကြောင်း ရေးသား ခဲ့ပြီး ဖြစ်သော်လည်း အတောမသတ်နိုင်သော မီဒီယာတို့ ၏ အမှားများ ကြောင့် နိုင်ငံ ချစ်စိတ်ဖြင့် ကူညီနေသူ ဒေါ်ခင်ခင်ဝင်း ၏ မိသားစုမှာ ကိုယ်ကျင့်တရား နှင့် ဂုဏ်သိက္ခာ ကိုပါ ထိပါး ခံရသည်ဟု သမီးရင်း ဖြစ်သူ သတင်းသမား ဘလော့ဂ်ဂါ မခွာညို မှ သူမ ၏ ဘလော့ဂ် တွင် ရေးသား ဖေါ်ပြ ထားသည်။

သူမ နှင့် အတူ သတင်းထောက် သင်တန်း တက်ရောက်ခဲ့သူ ဧရာဝတီ ဝဘ်ဆိုဒ် အင်္ဂလိပ် စာမျက်နှာ မှ သတင်းရေးသားသူ စောရန်နိုင် မှာ သူမ အမေအပေါ် အိမ်ဖေါ် ဟု သုံးနှုန်းနေမှု သတင်းရေးသားမှု မှားယွင်း နေကြောင်း ၂၀၀၅ ခုနှစ် ကာလ ကြာမြှင့်စွာ ကပင် သိရှိနေသော်လည်း ပြင်ဆင် ရေးသားခြင်း အလျဉ်းမရှိ ဧရာဝတီ သတင်းဋ္ဌာနမှ အယ်ဒီတာ ကိုအောင်ဇော် အားလည်း ယမန်နေ့ (မေလ ၁၄ ရက်) ကပင် မခွာညိုမှ ထပ်မံ အသိပေး ခဲ့သော်လည်း နှစ်ဦး နှစ်ဖက်အကြား လူကြီးလူကောင်း ပီသစွာ တောင်းပန်အမှု ပြုခဲ့ခြင်း မရှိပေ။

ထို့အပြင် ယခင်ကလည်း နော်ဝေ အခြေစိုက် အသံလွှင့်မီဒီယာ ဖြစ်သော ဒီဗွီဘီ မှ သတင်းထောက် ထက်အောင်ကျော်မှ အင်္ဂလိပ်လို မှားယွင်းစွာ ရေးသားမှုကြောင့် ဒေါ်ခင်ခင်ဝင်း မှာ လင်ငယ် ရှိနေ သယောင်ယောင် ဖြစ်သွားရပြီး သတင်းထောက် ဘလော့ဂ်ဂါ မခွာညို ၏ ညီမ ဖြစ်သူ မဝင်းမမ အား လင်ပါ သမီး ဖြစ်သယောင်ယောင် ရေးသား ခဲ့သည်ကို မီဒီယာကြီး ဖြစ်သော်လည်း ကျင့်ဝတ်သိက္ခာနှင့် မညီညွတ်ဟု မခွာညိုမှ မှတ်တမ်း ပြုထားသည် ဟု သူမ၏ ဘလော့ဂ် တွင် ဖေါ်ပြ ထားသည်။

ဟစ်တိုင် ဝဘ်ဆိုဒ်၏ ဝဘ်မာစတာ ကိုဂျင်မီမှ “ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေး အသိစိတ်ဖြင့် ကူညီနေသူ ဒေါ်ခင်ခင်ဝင်းအား ဒီမိုကရေစီကို တကယ်တမ်း လိုက်နာ ကျင့်သုံးနေပါသော မီဒီီယာကြီးများမှာ အမှားသိလျှက်နှင့် ယခုလို ချိုးချိုးဖဲ့ဖဲ့ မပြောဆို သင့်ကြောင်း ” လူထုအသံ အား ထောက်ပြ ပြောဆိုလိုက်သည်။

ဘလော့ဂ်ဂါ ကိုလွင်အောင်စိုး ကတော့  ¨ It is a reminder for all Burmese media. Media freedom should be democratic.¨လို့ မှတ်ချက်ပြုပြီး။

ဘလော့ဂ်ဂါ မိုးမြင့်အောင်မှ မှတ်ချက်ပေးသည်မှာ “ ထင်ရှားသော ဘလော့ဂ်များတွင် ဒီအကြောင်းများ ဖေါ်ပြပြီး ဖြစ်သော်လည်း ယခုကဲ့သို့ ဝန်ခံခြင်း မပြုခြင်းဟာ ငါ့မှာတုတ်ရှိတယ် ငါရိုက်ချင်တာ ရိုက်မယ်လို့ အဓိပ္ပါယ် သက်ရောက်စေခြင်း အလို့ငှါ ထို မီဒီယာများ ဟာ စာဖတ် ပရိသတ်အား စော်ကားရာကျ လွန်းသည် ” ဟု ထင်မြင်ချက်ပေး၍ စာရေးဆရာမ မေငြိမ်း ကမူ မခွာညို ၏ ငှက်ကလေး ဘလော့ဂ်တွင် ရေးသားထားသော “ ရှင်တို့ အမှားတွေအတွက် ကျမကပဲ တရားဝင် တောင်းပန်ပါတယ် ” ပို့(စ်) တွင် ယမန်နေ့က ကွန်မန့်ချထားသည်မှာ “ ခက်တာက အဲလိုလူတွေက ဘလော့ဂ်မပြောနဲ့ စာတောင်မှ မဖတ်တာပဲ.. ဒီတော့ ဒါကို သေချာ ထိပ်တိုက်ပြောမှ ရတော့မယ် ထင်တယ်။ ဒါမှ ပြီးမှာပဲ။ ” ဟု ရေးသား ထားသည်ကို တွေ့ရှိရသည်။

ဇာမဏီရိုင်း (နှင်းဆီမြို့တော်)

LEAVE A REPLY

Please enter your comment!
Please enter your name here