ဒေါ်အောင်ဆန်းစုကြည် အတွက် တကမာ္ဘလုံး က တောင်းဆို ကန့်ကွက်ကြ

alt

မေလ ၁၃ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည် ကို အင်းစိန်ထောင် မှာ တရားစွဲပြီး၊ အင်းစိန် ထောင် တွင်း ကို ပို့လိုက်တယ်ဆိုတဲ့ သတင်းကြောင့် ကမ္ဘာ့သတင်း မီဒီယာ တွေ အားလုံးမှာ ဟိုးလေးတကျော် ပါရှိ လာခဲ့ပြီး နောက်

ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) အပါအဝင် ကမ္ဘာ တဝန်း က နိုင်ငံ့ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်း အသီးသီးက စိုးရိမ်မကင်း ဖြစ်ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အား ချက်ချင်း လွတ်ပေး ရေးအတွက် တောင်းဆို တိုက်တွန်းချက် တွေ၊ သဘောထား တွေ ကို ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စ မာရီ အိုကဘဲ (Ms. Marie Okabe) က အတွင်းရေးမှူးချုပ်ရဲ့ သဘောထား နဲ့ ပတ်သက်ပြီး၊ “ဒေါ်အောင်ဆန်းစုကြည် ကို ရာဇဝတ်မှု စွဲချက်တွေ နဲ့ အင်းစိန်ထောင်ကို ပို့လိုက်ပြီ ဆိုတဲ့ သတင်းကြောင့် အထွေထွေ အတွင်းရေးမှူးချုပ် အင်မတန် စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာ နိုင်ငံ မှာ အမျိုးသား ရင်ကြားစေ့ ရေး အတွက် တွေ့ဆုံ စကားပြောရေး မှာ မရှိမဖြစ် အရေးကြီးတဲ့ ပုဂ္ဂိုလ် တယောက် ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ ရဲ့ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်စဉ်ကို အဟန့်အတားဖြစ်စေမယ့် အပြုအမူမျိုး ကို မြန်မာ စစ် အစိုးရအနေနဲ့ ရှောင်ကြဉ်ကြဖို့ တိုက်တွန်း ပါတယ်။ အတွင်းရေးမှူးချုပ် အတန်တန် ပြောခဲ့ဘူး သလိုပဲ သူ အပြည့်အဝ ယုံကြည် တာက မြန်မာ နိုင်ငံ ရဲ့ အနာဂတ် အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အုတ်တချပ် သဲတပွင့် အဖြစ် ပါ၀င်ရမယ့်သူ အားလုံး အနေ နဲ့ လွတ်လွတ်လပ်လပ် ဆောင်ရွက် ပိုင်ခွင့်ရှိဖို့ လိုအပ် ပါတယ်။ ဒါမှသာလျှင် မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်ဟာ လေးစားစိတ်ချနိုင်စရာ ဖြစ်လာမှာပါ ဟုပြောဆို ခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း နည်းတူ ဥရောပ သမဂ္ဂ လက်ရှိ ဥက္ကဌ က ကြေညာချက် ထပ်မံ ထုတ်ပြီး၊ အခုလို ဒေါ်အောင်ဆန်းစုကြည် ကို အရေးယူမှု အတွက် များစွာ စိတ် အနှောင့်အယှက် ဖြစ်ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးပြီး၊ အမျိုးသား ရင်ကြားစေ့ရေး အတွက် လုပ်ဆောင် သင့်ကြောင်း ထုတ်ပြန် ခဲ့ပါတယ်။

ထိုအတူ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဖြစ်သူ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas OjeaQuintana) ကလည်း အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် ကို အရေးယူမှုဟာ နိုင်ငံတကာဥပဒေ ရှုထောင့်ကနေရော မြန်မာ စစ် အစိုးရ ဘက်က ကိုယ်တိုင် ထုတ်ပြန်ခဲ့တဲ့ ၁၉၇၅ ခု နိုင်ငံတော်ကာကွယ်စောင့်ရှောက်မှု ဥပဒေနဲ့ပါ ဆန့်ကျင်နေကြောင်း ပြောခဲ့ပါတယ်။ ဥရောပ သမဂ္ဂ ရဲ့ မြန်မာ နိုင်ငံဆိုရာ အထူးကိုယ်စားလှယ် ပီရို ဖာစီလို ( Piero Fassino ) ကလည်း မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas OjeaQuintana) နည်းတူ ပြောဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း အမေရိကန်နိုင်ငံမှာ သူနဲ့ တရားဝင် တွေ့ဆုံဖို့ ရောက်နေတဲ့ မလေးရှား နိုင်ငံခြားရေး ၀န်ကြီး ဒါတွတ်ခ် အန်နီဖာ အာမန် (Datuk Anifah Aman) နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပပြီး၊ ဒေါ်အောင်ဆန်းစုကြည် တယောက် အခြေအမြစ်မရှိတဲ့ စွဲချက်တွေ နဲ့ အရေးယူခံလိုက် ရတာကို ကြားရတာ နဲ့ ကျမ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ဒါဟာ တရား ဥပဒေနဲ့ မကိုက်ညီသလို အာဆီယံပဋိညာဉ်၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေ နဲ့ လည်း မကိုက်ညီ ပါဘူး။ စစ် အစိုးရ အနေ နဲ့ ဒီဖြစ်ရပ်ကို အကြောင်း ပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေမဲ့ ဆက်ပြီးထိန်းချုပ်ထားဖို့ ကြိုးစား လိုက်တာကို ကျမတို့ ကန့်ကွက်ပါတယ်။ သူ့ရဲ့ နေအိမ်အကျယ်ချုပ်ခံရတာ ၆ နှစ် မပြည့်ခင်လေးမှာ ခုလို ဖြစ်သွား ခဲ့ရတာပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း အကန့်အသတ် မရှိ လွှတ်ပေးပါလို့ စစ်အစိုးရ ကို တောင်းဆို ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမ တို့ အနေနဲ့ မလေးရှား အပါအဝင် အာဆီယံ နိုင်ငံတွေ နဲ့ စကားပြောဖို့ ရှိပါတယ်။ အာဆီယံ အတွင်းရေးမှူးချုပ် နဲ့လည်း ကျမ တွေ့ဖို့ ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အာရှ ဒေသ တခုလုံး ကနေပြီး ထုတ်ပြန် ကြေညာချက် တစောင် ထုတ်ပြန်ဖို့ လိုအပ်တယ်လို့ ကျမတို့ထင်ပါတယ်။ ကျမတို့အနေနဲ့ တရုတ်နိုင်ငံကိုလည်း ချဉ်းကပ်ပြီး ဆွေးနွေးသွားဖို့ ရှိပါတယ် လို့ ပြောဆိုခဲ့ပြီး၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ခ် အန်မန် က ခုလိုအချိန်မျိုးမှာ ကျနော်တို့က မြန်မာနိုင်ငံကို အထီးကျန် မချန်ထားချင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့အနေနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကနေတဆင့် ထိတွေ့ဆက်ဆံ ပြောဆိုတဲ့ နည်းလမ်းနဲ့ အဖြေရှာချင်ပါတယ်။ ဖြစ်နိုင်ရင် အာဆီယံ နိုင်ငံတွေအပြင် အာဆီယံ အပေါင်း ၃ နိုင်ငံတွေထဲက တရုတ်လိုနိုင်ငံမျိုးရဲ့ သဘောထားကို တီးခေါက်ပြီး သူတို့ဆီက အကူအညီနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုကြိုးစားရှာမှာ ဖြစ်ပါတယ် လို့ ပြောဆို ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) က တော့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွေမှာ ကုလသမဂ္ဂက ပါ၀င်ကူညီ ဖြေရှင်းပေးဖို့ မျှော်လင့်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အင်းစိန်ထောင်ပို့ပြီး တရားစွဲဆိုတာနဲ့ ပတ်သက်လို့ ဒါဟာ ဆုတ်ယုတ်မှုတခု ဖြစ်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ တွေကို ဖြေရှင်းတဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါ၀င်ပြီး ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆို သွားခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်အပြင် ဥရောပသမဂ္ဂ (အီးယူ)၊ နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး၊ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး နှင့် အတိုက်အခံ နိုင်ငံခြားရေး ဝန်ကြီး၊ Amnesty International အဖွဲ့ကြီး တို့ကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်မကင်း ဖြစ်ရကြောင်း၊ သူ့ကို ချက်ချင်း ပြန်လွှတ်ပေးဖို့၊ သက်ဆိုင်သူတွေ အားလုံး ပါ၀င်ခွင့်ရတဲ့ အမျိုးသားရင်ကြား စေ့ရေးဖြစ်စဉ် စတင်ဖို့ တိုက်တွန်းထားကြပါတယ်။ တောင်အာဖရိက နိုင်ငံ က နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) ကလည်း ဒီလိုအရေးယူတဲ့ ကိစ္စဟာ မိုက်မဲတဲ့ လုပ်ရပ်ပဲလို့ ပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဖို့ စစ်အစိုးရက အကြောင်းရှာနေတာ ရှင်းပါတယ်လို့ အမေရိကန် သမတဟောင်း ဂျင်မီ ကာတာ (Jimmy Carter) ကလည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေနဲ့ အညီ မဟုတ်ဘဲ ထိန်းသိမ်း ထားတာ ၁၃ နှစ် ရှိပါပြီ။ အခုအမှုကလည်း ဥပဒေနဲ့ မညီညွတ်ပါဘူးလို့ ယခင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မင်းကြီး မေရီ ရော်ဘင်ဆင် (Mary Robinson) ကလည်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် ကလည်း ဒေါ်အောင်ဆန်းစုကြည် အား အခုလို တရားစွဲဆိုခဲ့မှုကို ပြင်းထန်စွာ ကန့်ကွက် ကြောင်းကို

“ထိန်းသိမ်းထားခြင်းမှ အပြီးအပြတ် လွတ်ရက်စေ့ခါနီးနေသော ဒေါ်အောင်ဆန်းစုကြည်အား မည်သည့် ပြစ်မှုကိုမျှ ကျူးလွန်ရခြင်း မရှိပါပဲ၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂အရ တရားစွဲဆိုပြီး အင်းစိန်ထောင် အနီး၌ လုံးချင်းအိမ် တအိမ်တွင် ထားရှိသည်ဟု ကြားသိရပါသည်။ ယင်းအမှုကိုလည်း ၂၀ဝ၉ခုနှစ် မေလ ၁၈ရက်နေ့တွင် စတင် စစ်ဆေးမည် ဖြစ်ပါသည်။ ထိုကဲ့သို့ တရားစွဲဆိုခြင်းမှာ မလုပ်သင့် မလုပ်ထိုက်သောကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာလိုက်သည်။”

ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

သတင်း မှီငြိမ်း၊ VOA၊ Wires news၊ ပြည်တွင်း နှင့် အခြား

LEAVE A REPLY

Please enter your comment!
Please enter your name here