၀ါးလားလား နှင့် ဗီယန်ကျန်း သွားတောလား

နတ်မိမယ်တို့ တိုင်းပြည်လို့ ကမာ္ဘလှည့် ခရီးသွားတွေ ခေါ်တဲ့ ထိုင်းမှာ ရောက်နေတာ သုံးလပြည့်သွားပြီ ဖြစ်တဲ့ အတွက် လာအိုမှာ ထိုင်း ဗီဇာအသစ် လျှောက်ဖို့ တကိုယ်တည်း ထွက်ခွာခဲ့ရ ပြန်သည်။

ထိုင်းဗီဇာက ၁၀ ရက်နေ့ ကုန်မှာဖြစ်သည့် အတွက် ၉ ရက်နေ့ ကတည်းကပင် ဘန်ကောက်က မော်ချစ် (Mo Chit) ဘတ်စ်ကား ဂိတ်တွင် နေ့လည် ၁၂ နာရီ၊ မိနစ် ၂၀ ထွက်မည့် ဘန်ကောက် – နောင်ခိုင် ကားလက်မှတ်ကို ၀ယ်လိုက်သည်။ နောင်ခိုင် ဆိုသည်မှာ ထိုင်း – လာအို နယ်စပ်တွင်ရှိသော ထိုင်းနယ်စပ်မြို့ တစ်မြို့ဖြစ်သည်။ နောင်ခိုင် ကိုသွားမည့် ကားလက်မှတ်က ထိုင်းငွေ ဘတ် ၃၈၀ ဆိုတာ့ ဈေးချိုလှချည်လားပေါ့။ သို့နှင့် ကျနော် လက်မှတ်အရောင်း ကောင်းတာက အမျိုးသမီးကို ဒါ့ထက် ဈေးနည်းနည်း မြင့်တာ မရှိဘူးလား ? ဟု မေးတော့ မရှိဘူးဟု ဖြေသည်။ ကျနော့် အတွေ့အကြံုအရ ခရီးသွားလျှင် ကားဘဲ စီးစီး၊ ရထားဘဲ စီးစီး လက်မှတ်ခက ဈေးသက်သာလွန်းနေလျှင် ၀န်ဆောင်မှုက တစ်နေရာရာတွင် တစ်ခုခု လိုအပ်နေပေလိမ့်မည်လို့ ထင်တတ်နေတာက ဝသီ။ ဥပမာ – ခရီးဝေး သွားရမည်ဆိုလျှင် ကားစီးပါက ကားပေါ်တွင် သန့်စင်ခန်းပါမှ အဆင်ပြေမည်။ အချို့ကားများက သန့်စင်ခန်း မပါတတ်။ လမ်းတွင် ကားသမား ရပ်ပေးမှသာ အများနည်းတူ ဆင်းပြီး အပေါ့၊ အပါး သွားရသည်။ ရွှေပြည်တော်မှာက အဝေးပြေး ကားသမားတွေက ပေါက်တော အောပြီးရပ်ပေးပါတယ်၊ ကားသမား မရပ်ပေးပါက ကိုယ့်ဟာကိုယ် အောင့်ထားရသည်။ ထိုင်းနိုင်ငံလို မျိုးမှာတော့ သူ့နိုင်ငံဘာသာ စကားမတတ်လျှင် ဒုက္ခရောက်ရသည်။ လေယာဉ်စီး သွားမည်ဆိုပါက ဟိုနား၊ သည်နား နိုင်ငံတွေ သွားမည်ဆိုလျှင် Air Asia က ဈေးသက်သာသည်။ သို့သော် လေယာဉ်ပေါ်တွင် အစားအသောက် မကျွေးပါ။ စားလိုပါက ၀ယ်စားနိုင်သည်။

ကျနော် လာအိုသို့ မသွားမီ လာအိုသို့ ရောက်ခဲ့ဖူးသော ကျနော့်အသိများကို နောင်ခိုင်မြို့သို့ရောက်ရန် ကားမည်မျှ ကြာကြာစီးရမည်ကို မေးရာ၊ အားလုံးကလည်း ဘန်ကောက်မှ ၈ နာရီ၊ ၉ နာရီ ခန့်ကြာကြာ စီးရမည်ဟုပြောသည်။ သို့ဆိုလျှင် မည်သို့ပင်ဖြစ်စေ ဘန်ကောက်မှ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီခွဲစထွက်လျှင် ထိုနေ့ ညဘက် ၈ နာရီ၊ ၉ နာရီလောက်ဆိုလျှင် လာအိုဘက်သို့ ရောက်မည်ဖြစ်သည်။ သို့သော် တကယ့်တကယ်တွင် မော်ချစ်ကားဂိတ်မှ ကားစထွက်ကတည်းက ကားစီးရသည်မှာ နွားလှည်း စီးနေရသလားဟု ထင်ရသည်။ ပြီးတော့ ကားပေါ်တွင် လူမပြည့်သည့်အတွက် ကားသမားသည် လမ်းတွင်ရှိသမျှ အဝေးပြေး မှတ်တိုင်တိုင်တွင် ရပ်သည့်အတွက်လည်း ကားက ခရီးမတွင်ပေ။ ထို့ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ လာအိုနှင့် နီးသည့် ဥတုံဋ္ဌာနီ ခရိုင် သို့ရောက်သောအခါ ည ၁၀ နာရီထိုးနေပေပြီ။ ကားမှာ နောက်ထပ် နှစ်နာရီအတွင်း နောင်ခိုင်မြို့ သို့ အချိန်မှီ ရောက်အောင် မမောင်းနိုင်လျှင် ကျနော် ထိုင်းနိုင်ငံထဲတွင် ရက်ကျော်လွန်ကာ နေထိုင်သူ (overstay) ဖြစ်မည်။ လမ်းတွင် အဆင်းခရီးသည်ကလည်း များသည့်အတွက်ကြောင့် ဥတုံဋ္ဌာနီမှ စထွက်သောအခါ တကားလုံးတွင် ခရီးသည် ၄ ယောက်သာ ပါတော့သည်။ ထို့ကြောင့် ကားသမားကလည်း အိပဲ့အိပဲ့ဖြင့် ကားကို မောင်းလာသည်။ ကျနော်လည်း နာရီကို တကြည့်ကြည့်နှင့် နောင်ခိုင်သို့ အချိန်မှီရောက်မှ ရောက်ပါ့မလားဟုသာ တွေးပြီး လိုက်လာခဲ့သည်။

သို့နှင့် နောင်ခိုင်မြို့ကိုရောက်တော့ ည ၁၂ နာရီခွဲနေပြီ။ ကားပေါ်တွင်လည်း ကျနော်အပါအဝင် ခရီးသည် သုံးယောက်သာ ရှိတော့သည်။ မိုးတွေကလည်း ရွာနေသည်။ စပယ်ယာ အမျိုးသမီးက အိပ်ပျော်နေကြသော ကျန်ခရီးသည် နှစ်ယောက်ကို နှိုးလိုက်သည်။ ကျနော်လည်း ကားပေါ်ကနေ ဆင်းသည်။ ကျနော် ဆင်းပြီး တခဏခန့်ကြာသောအခါ ခရီးသည် အမျိုးသမီးတစ်ဦးက ပါးစပ်မှ ပွစိပွစိ ဖြင့်ပြောကာ ကားပေါ်မှ ဆင်းလာသည်။ ထိုင်းလို ပြောနေသည်တော့ သိသည်။ ကားသမားကို လမ်းတွင် ဖြည်းဖြည်း မောင်းသည့်အတွက် ဒေါသထွက်ပြီး ပြောနေတာဖြစ်သည်။ မိုးကလည်းသည်းနေတော့ ကားဂိတ်တွင် ဘယ်သူမျှမရှိ။ အခြားခရီးသည် အမျိုးသမီးတစ်ဦးမှာ သူ့မိသားစုဟု ထင်ရသည့် လူသုံးယောက်မှ လာကြိုသွားသည်။

ဘတ်(စ်)ကားလည်း ပြန်ထွက်သွားပြီ။ ကားဂိတ်တွင် ကျနော်နှင့် ထိုအမျိုးသမီး နှစ်ဦးသာ ကျန်ခဲ့သည်။ ထိုအမျိုးသမီးက ကျနော့်ကို ထိုင်းလို လာပြောသည်။ ကျနော်က “ဖုန်၊ ဖွတ်ပဆာထိုင်း မိုင်ဒိုင်း (ကျနော် ထိုင်းလို မရဘူး)” ဟု ပြန်ပြောသည်။ ထိုအခါ အမျိုးသမီးက “၀ှဲ ယူ ဖွန်? (where you from?)” ဟု သူပြောတတ်သလို ထိုင်းလေသံ စွက်ကာ Broken English ဖြင့် ပြောသည်။ ကျနော်က “ဗမာ” ဟုဖြေပါသည်။ သူက “အိုး…ယူ ဖမား” (ဖမား ဆိုသည်မှာ ထိုင်းများက ဗမာများကို ခေါ်သည့် အသုံးအနှုံးဖြစ်သည်။) ထိုသို့ပြောပြီး အမျိုးသမီးမှာ “အီး…ဟီး..ယူ ဖမား ၀ါးလားလား” ဟုဆိုကာ ရယ်မလို၊ ငိုမလို မျက်နှာ နှင့် ကျနော့်ကို ပြောပါသည်။ ကျနော်လည်း “ေဩာ်…ငါတို့ ဗမာတွေကို သနားလို့ သူငိုနေတာနေမှာ” ဟု ထင်ပြီး သူ့ကို အိပ်ထဲမှ တစ်ရှုးတစ ဆွဲထုတ်ပေးလိုက်သည်။ သူမျက်ရည် ကျလာလျှင် သုတ်ဖို့ စေတနာ နှင့် ပေးလိုက်တာ ဖြစ်သည်။ ကျနော်က “You crying, I help you” ဟု ပြောလိုက်သည်။ သို့သော် သူက “What?” ဟု ဆိုကာ ကျနော့်ကို တည်တည်ကြည့် လိုက်တော့မှ သူငိုနေတာ မဟုတ်၊ ရယ်နေမှန်း ကျနော် သိလိုက်သည်။ သူမ ကပင် “No, no crying. I happy. I happy. You ဖမား” ဟုဆိုသည့်အတွက် ေဩာ်… ငါ ဗမာမှန်းသိလိုက်လိ့ု သူတွေ့ရတာ ၀မ်းသာသွားတာ ဟုပင် ကောက်ချက်ချလိုက်သည်။ သူ့တွင် အထုပ်အပိုးများ ပါလာ၍ ကျနော် ၀ိုင်းကူပြီး သယ်ပေးလိုက်ပါသည်။ အထုပ်များက အတော်ပင်လေးပါသည်။ သူက “အိုး…သိုင်းခယူး၊ သိုင်းခယူး” ဟုဆိုသဖြင့် ကျနော်ကလည်း “ယူအာ ၀ဲလကမ်း၊ ယူအာ ၀ဲလကမ်း” ဟုပင် ဖော်ရွေစွာ တုန့်ပြန်လိုက်သည်။

ကျနော်လည်း ထိုင်းလူမျိုးများကြားတွင် အနေများ၍ ၎င်းတို့ နှင့် သိကျွမ်းရင်းနှီးသဖြင့် အင်္ဂလိပ်စကား ပြောရာတွင် ၎င်းတို့ လွယ်ကူစွာ နားလည်စေနိုင်မည့် Broken English ကိုသာသုံးဖြစ်သည်။ သို့မဟုတ်ပါက သဒ္ဒါကျကျ၊ ၀ါကျ မှန်မှန် နှင့် စကားလုံး အပြည့်ပြော လိုက်လျှင် သူတို့ နားမလည်တော့ပေ။ ထို့ကြောင့် သူတို့နှင့် စကားပြောလျှင် များသောအားဖြင့် ကတ္တားပုဒ်၊ ကံပုဒ် အထားအသို ကို သိပ်ပြီး စီမနေတော့။ ၀ိဘတ်တွေကိုလည်း ထည့်သုံးချင်မှ သုံးမည်။ ပြီးတော့ အသံထွက်ရာတွင်လည်း ထိုင်းတွေ ထွက်သည့် အင်္ဂလိပ် အသံထွက်အတိုင်း ထွက်ပြမှ သူတို့ နားလည်သည်။ သို့နှင့် ကျနော်လည်း ထိုအမျိုးသမီးကို “၀ှဲ ယူ ဖွန် (where you from?)” ဟုပင်မေးရာ ၎င်းက “Laos” ဟု ဆိုသဖြင့် ကျနော် အဆင်ပြေသွားသည်။ ကိုယ်က ယခု သူ့နိုင်ငံသို့ သွားမည် ဖြစ်သည့်အတွက် သူ့လူမျိုး နှင့် မိတ်ဆွေဖွဲ့ထားလျှင် ကောင်းသည်။ ထို့ကြောင့် ကျနော်လည်း လက်ဆွဲပြီး နှုတ်ဆက်လိုက်သည်။ သူမ စကားပြောလျှင် “၀ါးလားလား” ဟူသော အသုံးအနှုံးပါသည့်အတွက် သူ့နာမည်ကို “၀ါးလားလား” ဟုသာ မှတ်ထားလိုက်သည်။ ထို့နောက် ၀ါးလားလား နှင့် ကျနော် စကားလက်ဆုံ ကျကာ အောက်ပါစကားများကို အောက်တွင် ဖော်ပြထားသကဲ့သို့ ပြောဖြစ်ကြပါသည်။

ကျနော်: “အိုင် ဂိုး ဗီယန်ကျန်း၊ ဗီဇာ၊ ထိုင်း အမ်ဘက်ဆီ.” (I go Vientiane. Visa Thai embassy)

၀ါးလားလား “အိုး…၀ါးလားလား ဂွတ်၊ အိုင် လာအို၊ အိုင် ကန်း လာအို၊ အိုင် လစ် ပဲလစ် (Oh, war lar lar good. I Lao. I come Laos. I live Paris.)

ကျနော်: “အိုင် နိုးဟက် ဖန့် လာအို၊ ယူ ဖက်စ် ဖန့် လာအို” (I no have friend Laos. You first friend Laos.)

ထိုအခါ သူမ က ခေါင်းကို တွင်တွင် ညိတ်ကာ

၀ါးလားလား “အီး…ဟီး…ဟီး၊ ၀ါး….ဟား….ဟား ၊ လား…လား…လား၊ ယက်…ယက် ယူ.. မိုင်ဖန့်၊ မိုင်ဖန့်…၀ါးလား” (e….hee….hee, war….har….har, lar….lar…lar. Yes, yes, you my friend, my friend, war lar”

ကျနော် ပါးစပ်ကလည်း ပြောရသည်။ လက်ကလည်း Body language ဖြင့် လှုပ်ပြရသေးသည်။ သူမ နားမလည်မည် စိုးသည့်အတွက်ဖြစ် သည်။ တခါတခါ သူမ က ကျနော့်မျက်နှာကို ကြည့်ပြီး တစ်ခုခု ပြောချင်သည့်ပုံပြသည်။ သို့သော် ရုတ်တရက် စကားလုံး ရှာမရသည့် ဟန်ဖြင့် ခေါင်းကုတ်သည်။ ကျနော်ကလည်း ဗီယန်ကျန်းတွင် တရက်နေမည်ဟု ပြောရာ သူမက ကျနော့်ကို သူမ အိမ်တွင် လာနေနိုင်ကြောင်း နှင့် မဲခေါင်မြစ်ကူးတံတားကို ကူပြီး၍ လာအိုဘက်ခြမ်း (ဗီယန်ကျန်း) သို့ရောက်လျှင် သူမ အိမ်မှ ကားဖြင့် လာကြိုမည်ဖြစ်ကြောင်း ပါးစပ်ဖြင့်တမျိုး၊ လက်ဟန်ခြေဟန်ဖြင့်တဖုံ ပြောပါသည်။ သူမ က ကျနော်နှင့်ပတ်သက်သည့် အလုပ်အကိုင်၊ နေရာဒေသ စသည်တိုကို သိချင်သဖြင့် ကျနော် အောက်ပါအတိုင်း ပြောလိုက်ပါသည်။

ကျနော်: “အိုင် လစ် လန်ကုန် ဖမား၊ တိချ် အင်္ဂလိ ချေးတွင်း” (I live Yangon, Burma. Teach English children.)

၀ါးလားလား “အော….၀ါးလားလား၊ ယူတိ ချေးတွင်း၊ ဘစ် ချေးတွင်း အော် စမောလ် ချေးတွင်း?” (Aww….war lar lar, you teach children? Big children or small children?”

ကျနော်: “ယက်…Big ချေးတွင်း…ယက်” (Yes, big children. Yes)

၀ါးလားလား “(လက်အုပ်ချီကာ) အိုးမိုင်….ဘုဂျ၊ ယူ စပိ ဂွတ် အင်္ဂလိ” (Oh, my Buddha! You speak good English). “ယူကန်း အိုင် ဟောက်၊ အိုင်ကန်း ယူဟောက်၊ အိုကေ?” (You come I house. I come you house. Ok?)

ကျနော်: “အိုကေ၊ အိုင်ကန်း ယူ၊ ယူကန်းအိုင်၊ တူဂဲလ်သား ကန်း၊ အိုကေ?” (Ok, I come you. You come I. Together come, ok?)

သို့နှင့် နှစ်ယောက်သား “အိုင်ကန်း၊ ယူကန်း” နှင့် တစ်လှည့်စီကန်း ကြပြီး အနားက ခုံတန်းလျားတွင် ထိုင်ကြသည်။ ကားတစ်စီးစီးများ လာလို့လာငြား ဘေးတဘက် တချက်ကိုလည်း ကြည့်ရသေးသည်။။ ကားဂိတ်တွင် ဗီယန်ကျန်းသို့ သွားမည့်ကား နှစ်စင်း၊ သုံးစင်းကို တွေ့ရသည်။ သို့သော် မနက် ခုနစ်နာရီခွဲမှ ထွက်မည်ဖြစ်သည်။ နာရီကို ကြည့်လိုက်တော့ (၁၁) ရက်နေ့ မနက် နှစ်နာရီထိုးနေပြီ။ ကျနော် ဗီဇာသက်တမ်း ကျော်သွားပြီ။ နှစ်နာရီ overstayed ဖြစ်နေပြီ။ နောင်ခိုင် ကားဂိတ်ကနေ မဲခေါင်မြစ်ကမ်းပေါ်ရှိ ထိုင်း လ.၀.က ဂိတ်သို့ရောက်ရန် ကားထပ်ပြီး စီးရဦးမည်။ သို့သော် မနက် စောစောစီးစီး ၂ နာရီတွင် ထွက်မည့်ကားက မရှိ။ ကျနော်တို့အနားတွင် ဆိုင်ကယ်ဖြင့်တွဲထားသည့် သုံးဘီးတပ်ယာဉ် (ထိုင်းအခေါ် “တုတ်တုတ်” ဟု ခေါ်သည်) ပေါ်မှာ အချို့တော့ ရှိနေသည်။ တုတ်တုတ် မောင်းသမားများက ကျနော်တို့တွင် ပါလာသော အထုပ်များကို ကြည့်ကာ ၀ါးလားလား အား မဲခေါင်မြစ်ကမ်းပေါ်ရှိ ထိုင်း လ.၀.က ဂိတ်အထိ ပို့ပေးမည်ဖြစ်ကြောင်း၊ ဘတ် ၈၀ ပေးရမည်ဖြစ်ကြောင်း ပြောသည်။ ၀ါးလားလားက ဈေးကြီးသည်ဟု ယူဆဟန်ဖြင့် ငြင်းပါသည်။ မနက် လေးနာရီထိုးသောအခါ ကျနော်တို့ အနားသို့ အမျိုးသား တစ်ဦး ရောက်လာပါသည်။ ဗမာရုပ် နှင့် အတော်တူသဖြင့် ကျနော် ဗမာလို နှုတ်ဆက်လိုက်သည်။ သို့သော် ထိုသူကလည်း လာအို အမျိုးသားဖြစ် ကြောင်း သူ့ ပတ်စ်ပို့ကို ထုတ်ပြသည်။ သူကတော့ အင်္ဂလိပ်လို လုံးဝ မပြောတတ်၍ ဘာမှ မပြောပါ။ မနက်ငါးနာရီခန့် ထိုးသောအခါ ကျနော်တို့ သုံးယောက်သား (လာအိုအမျိုးသား အပါအဝင်) တုတ်တုတ် မောင်းသမားအား ဘတ် ၈၀ ဖြင့် ဗီယန်ကျန်း သို့ ထွက်မည့် shuttle bus ဂိတ်သို့ ဘတ် ၈၀ ဖြင့် ဈေးညှိရာ ဈေးတည့်သဖြင့် နောင်ခိုင် ကားဂိတ်မှ အထုတ်အပိုးများဖြင့် ထွက်လာခဲ့ကြသည်။ ကျနော်ကတော့ ဘတ် ၂၀ ပေးပြီး၊ ကျန်နှစ်ယောက်က ဘတ် ၃၀ စီ ပေးကြသည်။

မနက်ခြောက်နာရီ ထိုးသောအခါ ကျနော်တို့ ဗီယန်ကျန်းသို့ ထွက်မည့် ဘတ် ၂၀ တန် ဘတ်စ်ကား လက်မှတ်ကို ၀ယ်သည်။ ကားက ၁၀ မိနစ်အတွင်း ထွက်သွားသည်။ မဲခေါင် မြစ်ကမ်းပေါ်ရှိ ထိုင်း လ.၀.က ဂိတ်သို့ ၁၅ မိနစ်ခန့်အတွင်း ရောက်သွားသည်။ ဟိုရောက်တော့ immigration check point တွင် တန်းစီ စောင့်နေကြသည့် ထိုင်း၊ လာအို အပါအဝင် နိုင်ငံခြားသား စုစုပေါင်း နှစ်ရာခန့် ကိုတွေ့ရသည်။ ကျနော်လည်း တန်းစီနေသည်ကို ဓာတ်ပုံရိုက်လိုက်သည်။ ကျနော်က ၀ါးလားလားကို ကျနော့်အရှေ့မှ နေရာပေးလိုက်သည်။ ကျနော့်အလှည့် ရောက်တော့ officer အမျိုးသမီးက တစ်ချက်ပြံုးပြပြီ အနောက်ပေါက်ဘက်ကို လာခိုင်းသည်။ ကျနော်လည်း လိုက်သွားသည်။ ကျနော်က ဘန်ကောက်မှ နေ့လည် ၁၂ နာရီခွဲတွင် ထွက်ခဲ့ကြောင်း၊ အချိန်မှီလာခဲ့ကြောင်း၊ သို့သော် လမ်းတွင် ကားက ခဏခဏ ရပ်၍ နောင်ခိုင်သို့ အချိန်မှီရောက် မလာနိုင်ကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံထဲမှ ထွက်ရန် ခြောက်နာရီ နောက်ကျခဲ့ကြောင်း ပြောရာ officer အမျိုးသမီးက ထိုကိစ္စအား ရုံးခန်းအတွင်းမှ အရာရှိနှင့် ဆွေးနွေးရန် ကျနော့် ပတ်စ်ပို့ကို ပေးပြီး ရုံးခန်းထဲသို့ လွှတ်လိုက်ပါသည်။ အခန်းထဲသို့ ရောက်သောအခါ ကျနော့်နည်းတူ လမ်းတွင် ကားနောက်ကျခဲ့၍ နာရီအနည်းငယ် overstayed ဖြစ်သွား ကြသော နိုင်ငံခြားသား အဖြူကောင်တွေကိုလည်း တွေ့ရသည်။ အာဖရိကန် တွေကိုလည်း တွေ့ရသည်။ ထို့ကြောင့် ကျနော် ဘာမှ စောဒက တက်မနေတော့။ ကိုယ်လိုသူလို သူတွေချည်းဘဲဆိုတော့ ဘာမှ ပူစရာမလိုတော့။ သူ့နိုင်ငံထဲတွင် တစ်ရက် ပိုပြီး တရားမဝင်နေထိုင် မိသည့်အတွက် သတ်မှတ်သည့် ဒဏ်ကြေး ဘတ် ၅၀၀ ပေးလိုက်လျှင် ပြီးသွားမည်။ နောက်တစ်ခါ လာလျှင်သာ ယခုကဲ့သို့ မဖြစ်စေရန် ကားလက်မှတ်ကို သတိထားပြီး ၀ယ်ရတော့မည်။

ပတ်စ်ပို့ စာအုပ်ကို အများနည်းတူ ကောင်တာအနီးရှိ စားပွဲပေါ် တွင် ထပ်လိုက်သည်။ စောင့်နေရသည်မှာ နာရီဝက်ခန့်ရှိသွားသည်။ ၀ါးလားလားက ကားထွက်တော့မည်ဖြစ်၍ ကားပေါ်တွင် သူ့အထုပ်များ တင်ထားသည့်အတွက် ထိုကားနှင့်ပင် လိုက်သွားတော့မည် ဖြစ်ကြောင်း၊ ဟိုဘက်ကမ်း (လာအိုဘက်ခြမ်း) သို့ရောက်လျှင် လာအို လဝက ဂိတ်တွင် စောင့်နေမည်ဖြစ်ကြောင်း ပြောသဖြင့် ကျနော်က “Yes” ဟု သာ တုန့်ပြန်လိုက်သည်။ အခန်းထဲတွင် တစ်နာရီခန့်ကြာသောအခါ ကျနော့်အလှည့် ရောက်လာသည်။ ဓာတ်ပုံ အရိုက်ခံလိုက်သည်။ ဒဏ်ငွေ ဘတ် ၅၀၀ ပေးလိုက်ပြီး လက်မှတ် ထိုးလိုက်သည်။ အထွက်တုံး ထုပေးလိုက်သည်။ ထိုင်း လ.၀.က ဂိတ်တွင်ပင် ဘတ် ၂၀ တန် ကားလက်မှတ်ဝယ်စီးပြီး မဲခေါင်မြစ်ကူး တံတားကို ဖြတ်ကာ ဆယ်မိနစ်အတွင်း လာအို ဘက်ခြမ်းသို့ ရောက်သည်။ ထုံးစံအတိုင်း ဗီဇာဖောင်ဖြည့်သည်။ တန်းစီသည်။ Arrival Visa အတွက် ဘတ် ၁၃၄၀ ပေးရသည်။

လာအို immigration check point ကို ဖြတ်ပြီးတော့ ၀ါးလားလား မိသားစုက ကျနော့်ကို ထိုင်းသံရုံးသို့ လိုက်ပို့ပါသည်။ ထိုင်းသံရုံးတွင် တန်းစီနေကြသည့် နိုင်ငံခြားသားချည်း ခန့်မှန်းခြေ ငါးရာခန့်ရှိသည်။ ကျနော် တိုကင် ယူလိုက်သည် ဖောင်ဖြည့်သည်။ ကျနော့် အလှည့် ကျရန် အတော် လိုနေသည့်အတွက် ကောင်တာနှင့် နီးကပ်သော သူတစ်ယောက်နား အားကပ်၍ ဘတ်ငါးဆယ် ပေးမည်၊ နေရာ ရောင်းမလား ဟုမေးရာ ၎င်းက ရောင်းမည်ဟုပြောသဖြင့် ကျနော့် တိုကင်နံပါတ် နှင့် ဘတ် ၅၀ ကို သူ့ကိုပေးကာ၊ သူ့နေရာတွင် ကျနော် ၀င်ပြီးတန်းစီ လိုက်သည်။ ကျနော့် အရှေ့တွင်လူ သုံးဦးသာရှိတော့သည်။ ၀ါးလားလား မိသားစုက ကျနော့်ကို ဦးနှောက် ပြေးကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြပြီး ပြောသည်။ ကျနော် ဘာမှ မပြောပါ။ အနည်းငယ်သာ ပြန်ပြီး ပြံုးပြလိုက်သည်။ အခက်အခဲ အကြပ်တည်း ကြားမှာ ရုန်းကန်နေကြရသည့် ကျနော်တို့ လူမျိုးတွေအနေနှင့် ထိုမျှကိစ္စလေးကို ဦးနှောက်ပြေးသည်ဟု မဆိုနိုင်ပါ။ အကြပ်အတည်း ကြားက ဗမာလူမျိုးများမို့ ကြံရည်ဖန်ရည်ကတော့ သူများ နိုင်ငံသားများထက် သာသည် မဟုတ်လား။

၀ါးလားလား အိမ်ကိုရောက်တော့ သူ့မိသားစုက ဖော်ဖော်ရွေရွေပင် နှုတ်ဆက်သည်။ သို့သော် ၀ါးလားလား သားကတော့ အင်္ဂလိပ်လို အတန်အသင့် ပြောနိုင်သည်။ ၀ါးလားလားတွင် သားနှစ်ယောက် သမီး တစ်ယောက်ရှိသည်။ ၀ါးလားလားက ပြင်သစ်တွင် အလုပ်လုပ်နေ ကြောင်း၊ ယခု သူမ အိမ်သို့ အလည်ပြန်လာတာဖြစ်ကြောင်း သားဖြစ်သူက သေချာရှင်းပြ၍ သိခဲ့ရသည်။ ၀ါးလားလား မှာ အင်္ဂလိပ် စကား ကောင်းစွာမတတ်သော်လည်း လာအို၊ ထိုင်း နှင့် ပြင်သစ်ဘာသာ သုံးဘာသာ တတ်ကျွမ်းကြောင်းလည်း သူမ၏ သားက ပြောပြပါသည်။ ထိုနေ့က သူတို့အိမ်တွင် ကျနော် နေ့လည်စာ စားကာ၊ တည်းခိုခန်းတွင်ပင် တည်းရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့် ဆိုသော် ကျနော်က ညဘက် အပြင်မှ ပြန်လာလျှင် ညဉ့်နက်ချင် နက်မည်။ နောက်ပြီး ဓာတ်ပုံရိုက်စရာ၊ သတင်း၊ ဆောင်းပါးများအတွက် သုံးရန် ဓာတ်ပုံကလျှောက်ပြီး ရိုက်ရဦးမည်။ သူများအိမ်တွင် တည်း၍ ခဏခဏ ၀င်လိုက် ထွက်လိုက်ဆိုလျှင် အားနာစရာ ကောင်းသည့်အတွက် ကျနော် တည်းခိုခန်းတွင်ပင် တည်းလိုက်သည်။ ၀ါးလားလား သားက တည်းခိုခန်းသို့ လိုက်ပို့ပေးသည်။ ညစာလာစားရန် ဖိတ်ရာ၊ ကျနော်လည်း အချိန်မရ၍ မလာနိုင်သည်ကို ခွင့်လွှတ်ပါရန် ပြောရာ၊ ၎င်းက နောက်တစ်နေ့ မနက်စာ အတူတူစားရန် တည်းခိုခန်းသို့ လာခေါ်မည်ဖြစ်ကြောင်း ပြောသဖြင့် ကျနော် လက်ခံလိုက်သည်။

တည်းခိုခန်းခကို စုံစမ်းရာ တစ်ရက်တည်းခိုခ ဈေးနှုန်းများမှာ တစ်ခန်းကို တစ်သိန်း နှစ်သောင်း နှစ်ထောင်၊ ကိုးသောင်း ခုနှစ်ထောင့် ခြောက်ရာ နှင့် ရှစ်သောင်း ငါးထောင့်လေးရာ ဟူ၍ အခန်းသုံးမျိုးကို တွေ့ရသဖြင့် ကျနော် ကြက်သေသေ သွားမိသည်။ ဘာလုပ်ရမှန်းမ သိတော့။ နောက်မှ ကျနော့် ပိုက်ဆံ အိပ်ထဲမှ ဘတ်ငွေ တစ်ထောင်တန် တစ်ရွက်ကို ကောင်တာတွင် လဲလိုက်ရာ၊ လာအိုငွေ ခစ် (Kip) ၂ သိန်း၊ လေးသောင်း၊ လေးထောင် ရသည်။ ဒါဆိုလျှင် ယူအက်စ် ဒေါ်လာတစ်ရာကို လဲလိုက်လျှင် လာအို ငွေကြေး ရှစ်သိန်း၊ ငါးသောင်း လေးထောင် ရမည်ဖြစ်သည်။ ကျနော် ဘတ်တစ်ထောင်ကို လဲသည့်ငွေထဲမှ တညအိပ်ရန် ကိုးသောင်း ခုနှစ်ထောင့် ခြောက်ရာ ကိုပေးလိုက်သည်။ အခန်းထဲရောက်မှ ကွန်ပြူတာဖွင့်ပြီး၊ ထိုင်းဘတ်ငွေဖြင့် တမျိုး၊ ဒေါ်လာနှင့် တစ်ခါ တွက်ကြည့်ရမည်။ တစ်ခါတစ်ခါ ကိုယ်မရောက်ဖူးသည့် နိုင်ငံတစ်ခုကို ရောက်သွားသည့်အခါ ကုန်ပစ္စည်းဈေးနှုန်း သင့်မသင့်၊ ကိုယ်သုံးလိုက်သည့် ငွေပမာဏ မည်မျှ အတိုင်းအတာ အထိရောက်နေကြောင်းကို ကိုယ်နှင့် ရင်းနှီးကျွမ်းဝင်သော ငွေကြေးတစ်ခု၏ တန်ဖိုးနှင့် နှိုင်းယှဉ်ပြီး တွက်ကြည့်ရသည်။

ကျနော် ညစာကို အပြင်တွင်သွားစားသည်။ ခေါက်ဆွဲပြုတ်စားသည်။ တစ်ပွဲကို တစ်သောင်းခွဲ ပေးရသည်။ အင်တာနက်သုံးသည်။ တစ်နာရီကို လေးထောင်။ စပျစ်သီး ကီလိုဝက် ၀ယ်စားသည်။ နှစ်သောင်း ပေးရသည်။ Nest café သံဗူးသေးတစ်ဗူး ၀ယ်သောက်သည်။ တစ်ဗူးကို လေးထောင့်ငါးရာ။ လာအို ငွေ ကုန်သွားလျှင် ပါလာသည့် ထိုင်းဘတ် နှင့် တစ်ခါ လဲရပြန်သည်။ တစ်ခါလဲလိုက်တိုင်း အိပ်ထဲတွင် ပိုက်ဆံတွေက ဖောင်းသွားသည်။ ငယ်ငယ်တုန်းကသာ ယခုလို ပိုက်ဆံအရွက်များများ ကိုင်ရမည်ဆိုလျှင် ပျော်နေပေလိမ့် မည်။ သို့သော် ထူးခြားမှုတစ်ခုတော့ ရှိသည်။ လာအိုတွင် ငွေကြေးဖောင်းပွသည် ဆိုသော်လည်း လူတိုင်း ဟမ်းဖုန်း ကိုယ်စီတော့ ကိုင်နိုင်သည်ကတော့ ထူးခြားချက် တစ်ခုပင် ဖြစ်သည်။ ဟမ်းဖုန်းဆိုသည်မှာ ကမ္ဘာ့လူထု၏အခြေခံ လူသုံးကုန်စည်ဝင် ပစ္စည်းတမျိုး ဖြစ်သည်ကို သိရသည်။ နောက်ပြီး လမ်းဘေးဈေးသည်တွေလည်း အများအပြားရှိ၍ အခြေခံလူတန်းစားလည်း စားသုံးနိုင်သည်။ ခရီးသွားလုပ်ငန်းမှာ ထိုင်းနိုင်ငံလောက် မဖွ့ံဖြိုးသော်လည်း ယခုကဲ့သို့ မဲခေါင်မြစ်တံတားကို ဖြတ်ကာ ထိုင်းသံရုံးတွင် နေ့စဉ် ဗီဇာအသစ် လာလျှောက်ကြသော နိုင်ငံခြားသား အရေအတွက်ပင် ခုနစ်ရာ၊ ရှစ်ရာခန့်ရှိမည်။ အခြားကိစ္စဖြင့် လာရောက်လည်ပတ်သည့် ခရီးသည်များ မပါသေးချေ။ ထို့ကြောင့် လာအိုနိုင်ငံသည်လည်း အာရှတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု ဆိုနိုင်သည်။

နောက်တစ်နေ့ မနက် ၈ နာရီခန့် ရောက်သောအခါ ၀ါးလားလား ၏ သားက မနက်စာစားရန် လာခေါ်သည်။ ကျနော်လည်း တည်းခိုခန်းမှ တစ်ခါတည်း Check out လုပ်ကာ ထွက်လာတော့သည်။ ကျနော် မဲခေါင်းမြစ်၏ အလှကို ဓာတ်ပုံရိုက်ချင်သည်ဟု ပြောသည့်အတွက် ၀ါးလားလား ၏ သားက ကျနော့်ကို ဓာတ်ပုံရိုက်ရန် ရှုခင်းကောင်းမည့် နေရာများသို့ လိုက်ပို့ပေးသည်။ နေ့လည်စာကို ၎င်းတို့ အိမ်မှာပင် စားကာ နေ့လည် တစ်နာရီထိုးတော့ ၀ါလားလား နှင့် သူ့သားက ကျနော့်ကို ထိုင်းသံရုံးသို့ လိုက်ပို့ပေးသည်။ ကျနော်လည်း ဗီဇာအသစ် ကပ်ထားပြီး ဖြစ်သော ပတ်စ်ပို့ကို ယူကာ ၀ါးလားလား သားအမိ နှင့်အတူ ထိုင်းနိုင်ငံသို့ ပြန်ရန် လာအို လ.၀.က ဂိတ်ရှိရာ မဲခေါင်မြစ်ကမ်း သို့ ရောက်ခဲ့သည်။ လာအို immigration check point ကို မဖြတ်မီ ၎င်းတို့ သားအမိကို ကျနော် အောက်ပါအတိုင်း ကျေးဇူးစကား ဆိုပါသည်။

ကျနော်။ “သိုင်းခယူး၊ ဖော် အော ယူအာဟဲပ်” (Thank you for all your help) ဟုဆိုကာ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

၀ါးလားလား။ “အိုး…၀ါးလားလား၊ နို့ပေါ်ဖင်လန်၊ ယူ…ဟပ်ပီး၊ အိုင်..ဟပ်ပီး၊ အိုင်ဟပ်ပီး၊ ယူဟပ်ပီး၊ အိုင်….နော့ ဖော်ဂက် ယူ…ကျော်၊ အိုင်…လမင်းပါး ယူ” (Oh, war lar lar, no problem. You happy, I happy. I happy, you happy. I not forget you, Kyaw! I remember you.)

ကျနော်ကပင် ၀ါးလားလားသား အား “အိုးခေ၊ အိုင် ဂစ်ယူ မိုင် အက်ဒက်ရက် ထိုင်လန်၊ ယူ ကန်း အိုင် ၀ိတ်၊ အိုကေ” (Ok, I give you my address Thailand. You come, I wait) ဟုဆိုကာ ကျနော့် လိပ်စာကို ရေးပေးလိုက်သည်။

၀ါးလားလား သားက “အိုကေ၊ အိုင်ကမ်း ယူဟောက်၊ အိုင် မာမားစား တူဂဲစားကန်း၊ ယူဟောက်….၀ါးလား…၀ါးလား” (Ok, I come you house. I my mother together come you house, war lar…wa lar) ဟု ဆိုလေရာ သူလည်းဘဲ မအေတူ ၀ါးလားလားလေးဘဲ ဟု ကျနော် ကောက်ချက်ချလိုက်မိသည်။

ထို့နောက် ၀ါးလားလား သားအမိ နှင့် စကားစဖြတ်ကာ လာအို လ.၀.က စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးခံသည်။ လ.၀.က အရာရှိက အထွက်တုံး ထုပေးလိုက်သည်။ ထို့နောက် shuttle bus ဖြင့် မဲခေါင်မြစ်ကူး တံတားကို ဖြတ်ကာ ထိုင်းနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက် ခဲ့ပါတော့သည်။

ကျော်သိင်္ခ

LEAVE A REPLY

Please enter your comment!
Please enter your name here