DEA က UWSA အား မူးယစ်ဆေးဝါး ဒုစရိုက်ဂိုဏ်း အဖြစ်စွပ်စွဲ

alt

အမေရိကန် တရားရေးဌာနမှ သတင်းထုတ်ပြန်ချက် အရ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီရင်ခံစာ အရ UWSA သည် တိုင်းရင်းသား လက်နက်ကိုင်တပ် မဟုတ်ကြောင်း၊ အင်အား ကြီးမားသည့် မူးယစ်ဆေးဝါး ဒုစရိုက်ဂိုဏ်း တခုသာဖြစ်ကြောင်း စွပ်စွဲ ပြောဆိုလိုက်သည်။

 

၁၉၈၉ ခုနှစ် ဗကပမှ ခွဲထွက်ခဲ့ပြီး “၀´´ ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ်(၂၀)ပြည့် အခမ်းအနားအား ၁၇-၄-၂၀၀၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့ရှိ UWSA ဌာနချုပ်မှာ ပြုလုပ်ပြီး အခမ်းအနားတွင် UWSA “၀´´တပ်ဖွဲ့ဝင်များက စစ်ရေးပြချီတက် အလေးပြုရာ ဥက္ကဋ္ဌ ဦးပေါက်ယူချမ်း၏ မိန့်ခွန်း တွင် ယခုအခါ “၀´´ တပ်ဖွဲ့များ အနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေး ဆောင်ရွက်လျှက် ရှိကြောင်းနှင့် “၀´´ဒေသမှာ ၂၀၀၅ ခုနှစ်မှ စတင်ပြီး ဘိန်း ကင်းစင်ကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် န.အ.ဖ စစ်အစိုးရ အာဏာပိုင်များနှင့် ပူးပေါင်း လုပ်ဆောင်လျှက်ရှိကြောင်း ပြောကြားခဲ့သော်လည်း ထိုင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က ယုံကြည်မှု မရှိကြောင်း ထောက်ပြ ပြောဆိုလိုက်သည်။

“၀´´ဒေသ အနီး တရုတ်နယ်စပ်တွင် “၀´´ခေါင်းဆောင်များသည် တရုတ်နယ်စပ်ဒေသ အာဏာပိုင်များနှင့် ပူးပေါင်း၍ မူးယစ် ဆေးဝါးထုတ်လုပ် ရောင်းဝယ် ဖေါက်ကားမှု အကြီးအကျယ် ပြုလုပ်နေကြောင်း၊ တရုတ် အာဏာပိုင်များသည် မူးယစ်ဆေးဝါးကို ၎င်းတို့ နိုင်ငံအတွင်း အဝင်မခံဘဲ အခြားနိုင်ငံများသို့ သယ်ပို့ ရောင်းချမှုများတွင် ပုဂိ္ဂုလ်ရေး အကျိုးအမြတ် ရယူ လုပ်ဆောင်နေကြောင်း တရုတ်နယ်စပ်မှ လာသော သတင်းများ အရ သိရှိရသည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ၂၀၀၉ ခုနှစ် မူးယစ်ဆေးဝါး အစီရင်ခံစာအရ မြန်မာနိုင်ငံသည် စိတ်ကြွ ဆေးပြား အများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မူးယစ်ဆေးထုတ်လုပ်၊ ရောင်းချမှုလုပ်ငန်းကို UWSA ခေါ် “၀´´ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့မှ လုပ်ကိုင်နေသည်ဟု ဖော်ပြပါရှိသည်။ ၂၀၀၉ ခုနှစ်ဆန်း၊ မကြာသေးခင်က ကုလသမဂ္ဂထုတ် အစီရင်ခံစာ တစ်စောင်တွင် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှု ၃% ပြန်တက်လာသည်ဟု ဖော်ပြ ပါရှိခဲ့ပြီး UWSA အဖွဲ့သည် ၎င်းတို့ထိမ်းချုပ်ရာ သံလွင်မြစ် အရှေ့တကြောတွင် ဘိန်း စိုက်ပျိုးထုတ်လုပ်မှု လုံးဝ ကင်းစင်သွားကြောင်း ၂၀၀၆ ခုနှစ်၌ ကြေညာထားခဲ့ သော်လည်း မြန်မာနိုင်ငံ အတွင်းမှ ထိုင်းနိုင်ငံ အတွင်းသို့ ၀င်ရောက် လာသော မူးယစ်ဆေး ၉၀ % သည် မြန်မာ စစ်အစိုးရက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ သတ်မှတ်ပေးမည့် “၀´´နယ်မြေမှ ဖြစ်ကြောင်း UNODC ကုလ မူးယစ်နှင့် ရာဇဝတ်မှု ဆိုင်ရာအဖွဲ့မှ ထုတ်ပြန် ကြေညာထားသည်။

မြန်မာ စစ်အစိုးရမှ “၀´´နယ်မြေရှိ ကမာ္ဘ့မူးယစ်ရာဇာ တရားခံပြေးများကို ဖမ်းဆီးခြင်း မပြုကြောင်း အပေးအယူ လုပ်၍ “၀´´ခေါင်းဆောင်များ အနေဖြင့် United Wa State Army ကို “၀´´ပြည် ဖွံ့ဖြိုးရေးတည်ဆောက်မှုထက် ကိုယ်ကျိုး စီးပွားရေးအတွက် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချရေး၌သာ အသုံးချနေသည့် အထောက်အထားများ ခိုင်ခိုင်မာမာ တွေ့ရှိနေရသည်ဟု UWSA အား စောင့်ကြည့် လေ့လာနေသော အမေရိကန် အခြေစိုက် NGO အဖွဲ့တခုမှ ဆိုသည်။

UWSA ၏ အဆင့်မြင့် ခေါင်းဆောင်များ သည် ဘိန်းဖြူ ကူးသန်းရောင်းဝယ် ဖောက်ကားမှု၌ ပါ၀င် ပတ်သက်နေကြောင်း၊ UWSA ထိပ်ပိုင်းခေါင်းဆောင် ၈ ဦးသည် ဘိန်းမဲ ၀ယ်ယူစုဆောင်းကာ ဘိန်းဖြူ ချက်လုပ်၍ ထုတ်ပိုး၊ သယ်ပို့ပြီး ထိုနယ်မြေ အတွင်း ဘိန်းဖြူချက်ခြင်း၊ အခွန်ကောက်ခံခြင်း ဘိန်းဖြူ ဖြန့်ချီနေကြောင်း၊ ရရှိသော ငွေများအား ငွေဖြူဖြစ်အောင် စစ်အစိုးရ၏ တရားဝင် စီးပွားရေး လုပ်ငန်းများတွင် ထည့်သွင်း ရင်းနှီးမြှပ်နှံကာ ဆောင်ရွက်နေကြောင်း ထို DEA အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

လွန်းလွန်း (ပန်ဆန်း)

LEAVE A REPLY

Please enter your comment!
Please enter your name here