သား ရွှေအိုး ထမ်းလာသည်ကို မြင်ရကိန်း

အဖွဲ့ အစည်းတခုအတွင်း သို့မဟုတ် လူ့ အဖွဲ့အစည်း အတွင်း အယူအဆ သဘောထား မတူညီသည့် အခါမျိုး တွင် ဘက်နှစ်ဘက်အကြား အခြေအတင် ဖြစ်လေ့ဖြစ်ထ ရှိသည်။

ထိုသို့ အခြေအတင် ဖြစ်သောအခါ မိမိယုံကြည်ရာ သို့မဟုတ် အကျိုးစီးပွားအပေါ် အခြေပြု ရပ်တည် လေ့ရှိသည်။

မိမိဘက်က ကြည့်လျှင် မှန်ကန်သည် ဖြစ်သော်လည်း မိမိတဦးတည်း သို့မဟုတ် မိမိ ပါဝင်သော အဖွဲ့တဖွဲ့တည်းနှင့် သက်ဆိုင်သော ကိစ္စမျိုးမဟုတ်ပါက ထိုကဲ့သို့ရှုမြင်မှုသည် ပြည့်စုံမှန်ကန် သည်ဟု မဆိုနိုင်ပေ။

ကွဲပြားမှုများ ဖြစ်သောအခါ လူ့အဖွဲ့အစည်းသည် မိမိမျှော်မှန်းသော ရည်ရွယ်သောပန်းတိုင်၊ ရည်မှန်းချက်များသို့ ပေါက်မြောက်ရေး အတွက် မြောက်မြားလှစွာသော အခက်အခဲများ ကြားတွင် လျှောက်လှမ်းရမည် ဖြစ်သည်။ ထိုအခါ ပေးဆပ်ရမှုများစွာ ရှိလာမည်ဖြစ်သည်၊ တန်ရာတန်ကြေး ပေးဆပ်ရမှုအတွက် မထောင်းတာ လှသော်လည်း မတန်တဆ ပေးဆပ်ရမှုများ အတွက်မူ နစ်နာဆုံးရှုံးမှုများ ကြီးမားခြင်း နှင့် ကြံုရလေ့ ရှိသည်။

လူသားအရင်းအမြစ်၊ သဘာဝအရင်းအမြစ်၊ အချိန်အရင်းအမြစ်၊ လူမှု ပတ်ဝန်းကျင် အရင်းအမြစ် စသည့်အရင်းအမြစ် များစွာ ဆုံးရှုံးရပေသည်။ ထိုဆုံးရှုံးမှုများထဲတွင် ပြန်လည် အစားထိုးနိုင်သည် များလည်း ရှိသည်၊ အစားထိုးမရသည် များလည်း ရှိသည်။ ထိုအပေါ်တွင် မူတည်ကာ မိမိအဖွဲ့ သို့မဟုတ် လူ့အဖွဲ့အစည်း သို့မဟုတ် နိုင်ငံ အနာဂတ်အပေါ် အကျိုးသက်ရောက်မှု ပမာဏ ကွာခြားလေသည်။

ထို့ကြောင့် ကွဲပြားမှုဖြစ်ပြီ ဆိုသည်နှင့် ထိုကွဲပြားမှုက အနာဂတ်အပေါ် မည်သို့ အကျိုးသက်ရောက်မည် ဆိုသည်အထိ ကျယ်ပြန့်စွာ တွေးတော လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ ထိုအတွက် ပထမဦးဆုံးအနေဖြင့် လိုအပ်သည်မှာ ကွဲလွဲမှုများ၊ ပြဿနာများကို ဆွေးနွေးဖြေရှင်းကြမည် ဆိုသည့် အချက်ပင် ဖြစ်သည်။

အချို့သောသူများသည် ဆွေးနွေး ဖြေရှင်းရေးကိစ္စအား စနစ်တကျ သေချာစွာဖြင့် အလေးပေးလုပ်ဆောင်ခြင်း မရှိကြပေ။ အချို့ကလည်း စိတ်ရှည်လက်ရှည်ဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိကြပေ။ အချို့ကလည်း စိတ်ရှည်လက်ရှည်ဖြင့် ဆွေးနွေး ဖြေရှင်းရေးကို လုပ်ဆောင်ကြသည်။ ဤနေရာတွင် သိထားရန် လိုအပ်သည့်အချက်မှာ ကွဲလွဲမှု ဖြစ်ကြပြီ ဆိုလျှင်၊ ပြဿနာ ဖြစ်ပြီဆိုလျှင် ဖြေရှင်းသည့် ပထမဦးဆုံး နည်းလမ်းမှာ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးခြင်းပင် ဖြစ်သည်။ တွေ့ဆုံဆွေးနွေးမှု၏ ပန်းတိုင်မှာ ဆွေးနွေးကြသူများ အကြား မိမိတို့လိုလားချက်များကို ရရှိရေးပင်ဖြစ်သည်။ တနည်းဆိုရလျှင် နှစ်ဘက်စလုံး အနိုင်ရသည့် win-win solution ရရှိရေးပင် ဖြစ်သည်။ ဤသည်ကို မျက်ခြည်မပြတ် လုပ်ဆောင်နိုင်ရေးသည် တွေ့ဆုံ ဆွေးနွေးမှု တွင် အရေးကြီးသော လုပ်ငန်းစဉ် ဖြစ်သည်။

တွေ့ဆုံ ဆွေးနွေးကြပြီဆိုလျှင် နှစ်ဘက်အကြား အပြန်အလှန်သဘောထား အမြင်ချင်း ဖလှယ်နိုင်ကြပေလိမ့်မည်၊ ထိုမှ တဆင့် ကိုယ့်လိုလားချက်များကို တင်ပြနိုင်ကြပေလိမ့်မည်။ ထိုအခါ တဘက်က လိုက်လျောနိုင်သည်လည်းရှိမည်၊ မလိုက်လျောနိုင်သည် လည်းရှိမည် ဆိုသည်ကို ကြိုတင် သဘောပေါက် နားလည်ထားရန် လိုအပ်သည်။ ဤသည်မှာ အလျှော့အတင်း ရှိသည်ဆိုခြင်းပင် ဖြစ်သည်။

ထိုကဲ့သို့ နားလည်ခြင်းသည် အပေးအယူလုပ်ခြင်း သို့မဟုတ် အပေးအယူ လုပ်ရမည်ဆိုသည်ကို နားလည်ခြင်း ဖြစ်သည်။ အပေးအယူလုပ်ရန် လိုအပ်သည်ကို နားလည်ခြင်းသည် တွေ့ဆုံဆွေးနွေးမှု အောင်မြင်ရေးအတွက် အုတ်မြစ်ချလိုက်ခြင်းပင် ဖြစ်သည်။ အုတ်မြစ်ချလိုက်ပြီဆိုလျှင် မိမိချလိုက်သောအုတ်မြစ် အခြေခိုင်ရန် လိုအပ်သည်ကို အထူးသတိထားရန် လိုအပ်သည်။ အုတ်မြစ်အခြေခိုင်မှ သာလျှင် ထိုအပေါ်တွင် တည်ဆောက်မည့် အဆောက်အဦး ရေရှည်တည်တံ့မည် ဖြစ်သည်။ ထို့ကြောင့် အုတ်မြစ်ခိုင်မာစေရန် မည်သို့ တည်ဆောက်ကြမည် ဆိုသည်ကို စဉ်းစား ကြရန် လိုသည်။

ဘက်နှစ်ဘက် သို့မဟုတ် ဆွေးနွေးမှုတွင် ပါဝင်နေသောသူများတွင် မိမိတို့အတွက် အခြေခံအကျဆုံးသော လိုလားချက် လိုအပ်ချက်များရှိမည်မှာ သေချာသည်။ ထိုအချက်များသည် သက်ဆိုင်သူများအတွက် ပြောင်းလဲရန် အလျှော့ပေးရန် ခက်ခဲသည့်အရာများ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ထိုအခြေခံအချက်များကို ထိပါးခြင်းမရှိစေပဲ သိမ်မွေ့ ငြင်သာစွာဖြင့် ကိုင်တွယ်ချဉ်းကပ် လုပ်ဆောင်နိုင်ခြင်းသည် တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင် လုပ်ဆောင်နေကြသူများ၏ အရည်အချင်းကို ဖော်ပြနေသည်။ ဤသည်ကို နည်းပရိယာယ် ဟု ဆိုရမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ ကွဲလွဲမှု၊ ပြဿနာဖြစ်ပြီဆိုလျှင် အရင်ဆုံး ဆွေးနွေးမှုဖြင့် အဖြေရှာရန် လိုအပ်သည် ဆိုသည့် အချက်ကို သဘောပေါက် လက်ခံကျင့်သုံးနိုင်ရမည်၊ ထိုမှတဆင့် နှစ်ဘက်စလုံး လိုလားချက်များကို အတတ်နိုင်ဆုံး အပေးအယူ အလျှော့အတင်း လုပ်ခြင်းဖြင့် မိမိ၏ အခြေခံရည်မှန်းချက် လိုလားချက်များကို မထိခိုက်စေပဲ ရရှိစေရန် ဆောင်ရွက်နိုင်ရမည်။ အပေးအယူလုပ်၍ ကျေနပ်လက်ခံနိုင်သည့် အဆင့်အထိ ရောက်ရှိလာပြီဆိုလျှင် နှစ်ဘက်စလုံး အနိုင်ရသည့် အခြေအနေသို့ ရောက်ရှိလာနိုင်ပေမည်။ ဤသည်ကို သား ရွှေအိုး ထမ်းလာသည်ကို မြင်ရသည်ဟု ခေါ်ဆိုရမည် ဖြစ်သည်။

အနှစ်ချုပ်အားဖြင့် ဆိုရလျှင် ကွဲလွဲမှု အခက်အခဲ ပြဿနာများကို စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် အဖြေရှာလျှင် သက်ဆိုင်သူအားလုံး အနိုင်ရမည်ဖြစ်ပြီး ငြိမ်းချမ်းမှုများ ဖြစ်ထွန်းကာ အနာဂတ်အတွက် အာမခံချက်ရှိမည် ဖြစ်ပေသည်။

ကျော်ကျော်စိုး ( ဂျပန် )

LEAVE A REPLY

Please enter your comment!
Please enter your name here