စကင်ဒီနေဗီယား နိုင်ငံ တခုဝယ် ဒုက္ခ ရောက်ချင်ကြတယ်

ဖင်လန် လို့ ပြောလိုက်ရင် မြန်မာတွေရဲ့ အမြင်နဲ့ ကြားရသူအဖို့မှာ နားကြား ခံခက်သလိုလိုနဲ့ လူပြက်တွေရဲ့ ဟာသပြက်လုံးတွေမှာ မျောကြရသလို ပြံုးတု့ံနှယ် ဖြစ်နေကြပြီး နိုင်ငံအမည်ကို တွေးမြင်ယောင်ကြမှာ ဖြစ်ပါတယ်။

ကမာ္ဘ့ ဆက်သွယ်ရေး လောကမှာ စိုးမိုးနယ်ချဲ့ လက်ဝါးကြီးအုပ်ထားတဲ့ ကမာ္ဘကျော် တံဆိပ် နိုကီယာ လက်ကိုင်ဖုန်း နဲ့ ချွေးထုတ်ခန်း ဆောင်နာ ဒါမှမဟုတ် ခက်ခဲစွာ သင်ကြားရတဲ့ ဖင်လန် ဘာသာစကား ကို ပြေးပြေးပြီး မြင်ယောင် ကြမှာပါ။

 

ဖင်လန်နိုင်ငံဟာ ဥရောပအဖွဲ့ဝင် နိုင်ငံဖြစ်ပြီး၊ စက်မှုထွန်းကားကာ နည်းပညာ မြင့်မားတဲ့ နိုင်ငံဖြစ်တာမို့၊ တချို့က ဥရောပ တိုက်ရဲ့ ဂျပန်နိုင်ငံလို့တောင် တင်စား ခေါ်ဝေါ်ကြပါတယ်။ ပညာရေးမှာ အဆင့်မြင့်မားပြီး၊ နည်းပညာ နှင့် ဆက်သွယ်ရေးတွေ ကောင်းမွန်မှု၊ နိုင်ငံ့စီးပွားရေး တည်ငြိမ်မှုတွေကြောင့် ရွှေ့ပြောင်း အခြေချ နေထိုင်ကြသူတွေရဲ့ ရွေးချယ်ကြတဲ့ နိုင်ငံတွေမှာ ဖင်လန်နိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံရဲ့ လူဦးရေ နည်းပါးမှုတွေကြောင့် အခြေချ နေထိုင်ချင်ကြ သူတွေကို နှစ်စဉ် လက်ခံလျှက် ရှိပါတယ်။

ကမာ္ဘပေါ်က ဒုဗိ ္ဘက္ခန ္တရ ကပ်ဆိုးကြီးတွေ ဆိုက်ကပ်ရာ နေရာတွေကနေ ထို့ အပြင် မြန်မာနိုင်ငံလို နိုင်ငံရေး ပဋိပက္ခ ဖြစ်ပွားငြင်းခုန်ရာ နေရာဒေသ တွေကလို နှစ်စဉ်မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည်စခန်းက မြန်မာနိုင်ငံသား ဒုက္ခသည်များကို အယောက် ၁၀၀ မှ ၃၀၀ အထိ ဖင်လန် နိုင်ငံက ခေါ်ယူလျက် ရှိပါတယ်။ ဖင်လန်နိုင်ငံမှာ ၂၀၀၈ ခုနှစ် စစ်တမ်း အရ အမြဲနေထိုင်သူ မြန်မာ နိုင်ငံသားပေါင်း ၁၀၃၁ ယောက်ပဲ ရှိပါသေးတယ်။ ဒီအထဲမှာ ထိုင်းနိုင်ငံဒုက္ခသည်စခန်းမှ ဒုက္ခသည်အဖြစ် လာရောက်ကြသူတွေက အများဆုံးဖြစ်ပြီး၊ နှစ်စဉ် ၁ ယောက်မှ ၃ယောက်အထိ ဖင်လန်နိုင်ငံကို ဗီဇာအမျိုးမျိုးနဲ့ ရောက်လာပြီးမှ ဒုက္ခသည်အဖြစ် လျှောက်ယူကြသူတွေလည်း ပါပါတယ်။ တစ်ချို့ နှစ်တွေများမှာ ဆိုရင် မြန်မာနိုင်ငံသား တစ်ယောက်မှ ဒုုက္ခသည်အဖြစ် လျှောက်ယူခြင်း မရှိတဲ့ နှစ်တွေလည်း ရှိပါတယ်။

တခြားနိုင်ငံများမှ ရွှေ့ပြောင်း နေထိုင်လာကြသူတွေ စာရင်းနှင့် ယှဉ်ကြည့်မယ်ဆိုရင် မြန်မာတွေဟာ အနည်းဆုံးစာရင်းမှာ ရှိနေဆဲ ဖြစ်ပါတယ်။ အိမ်နီးချင်း ရုရှားလူမျိုးတွေဟာ နှစ်သောင်းကျော်ပြီး၊ ဆိုမာလီယား နိုင်ငံက ၄၉၀၀၊ အီရတ်နိုင်ငံက ၃၀၀၀ ကျော်ပါတယ်။ ဘာ့ကြောင့် မြန်မာတွေဟာ တခြားနိုင်ငံတွေထက် နည်းရသလည်းဆိုရင် ဖင်လန်နိုင်ငံကို ဘယ်လို ရောက်အောင်လာကြမလဲ? ဆိုတာ မသိတဲ့သူတွေက များလို့ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်အစပိုင်း ဖင်လန်နိုင်ငံကို နည်းမျိုးစုံနှင့် ရောက်လာကြပြီး ဒုက္ခသည် လျှောက်ယူသူတွေ စာရင်းကို ကြည့်မယ်ဆိုရင် ဆိုမာလီယား နိုင်ငံက ၃၄၄ ယောက်၊ အီရတ်နိုင်ငံက ၅၆၀ ရှိပြီး၊ မြန်မာ နိုင်ငံက တစ်ယောက်မှ ရောက်မလာတာ ကို တွေ့ကြ ရပါတယ်။

ဖင်လန်နိုင်ငံကို ရောက်လာကြ သူများ

သိသူဖော်စား မသိသူ ကျော်သွားဆိုသလို၊ နည်းလမ်းသိသူ များကလည်း ပွဲစားတွေနှင့် ရိုက်ပြီး ဥရောပကို တရားဝင် ဝင်လာပြီး ဒုက္ခသည် လျှောက်ထားကြသူတွေ ရှိသလို၊ တရားမဝင် နယ်စပ် ဖြတ်ကျော်ကြသူတွေလည်း ရှိကြပါတယ်။ ဖင်လန်နိုင်ငံက ထိုင်းမြန်မာ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ သွားခေါ်တဲ့အခါ အမည်ပါအောင် နည်းအမျိုးမျိုးနှင့် ထိုင်းဒုက္ခသည် စခန်းထဲမှာပဲ နာမည် စာရင်းဝင်အောင် အပ်ချလောင်း လုပ်ကြသူတွေလည်း ရှိပါတယ်။ လုပ်နည်း လုပ်ဟန်တွေလည်း ကြားနေရပါတယ်၊ တရားဝင် ဝင်ပြီး ဒုက္ခသည် လျှောက်ကြသူတွေကတော့ ဥရောပ ရှင်ဂန်ဗီဇာယူပြီး၊ မြန်မာပြည် မပြန်ရဲဘူးဆိုပြီး ဒုက္ခသည် လျှောက်ထားကြသူတွေ ဖြစ်ပြီး၊ တရားမဝင် နယ်စပ် ဖြတ်ကျော်ကြသူတွေ ကတော့ ဥရောပအဖွဲ့ဝင် နိုင်ငံတစ်ခုကို ခိုးဝင်ပြီး၊ နည်းမျိုးစုံနှင့် ဒုက္ခသည် လျှောက်ထားလိုတဲ့ နိုင်ငံကို ခြေလျင်ဖြစ်စေ၊ ကားဖြင့်ဖြစ်စေ၊ လေယာဉ်ဖြစ်စေ နည်းအမျိုးမျိုးနှင့် ရောက်ရှိ လာကြသူတွေ ဖြစ်ပါတယ်။

ကျောင်းဗီဇာ နှင့် နေထိုင်ခွင့် ရကြသူများ

ဖင်လန်နိုင်ငံကို ကျောင်းဗီဇာ နှင့် လာရောက် ကျောင်းတက်ကြ သူတွေကတော့ ဥရောပ နိုင်ငံသားများ ၊ ရုရှား နှင့် တရုတ်ပြည်တို့မှ အများဆုံး ဖြစ်ကြပါတယ်။ ဖင်လန်နိုင်ငံဟာ အခြေခံလုပ်သားများ လိုအပ်နေတဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းနိုင်တဲ့ အတွက် အဲတာတွေနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကို ကျောင်းတိုင်းမှာ နိုင်ငံခြားသားတွေ တက်ရောက်နိုင်ရန် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးပါတယ်။ ဒီလိုကျောင်းဗီဇာ နှင့် ရောက်လာကြသူများထဲမှာ မြန်မာနိုင်ငံမှ မရှိသလောက်ကို နည်းပါတယ်၊ တက္ကသိုလ်ကျောင်း နှင့် စက်မှုလက်မှုကျောင်းများမှာ ဝင်ရောက်နိုင်ရန်အတွက် လိုအပ်တဲ့ အခြေခံ အောင်လက်မှတ်တွေကို မြန်မာ ကျောင်းသားတချို့က မပြသနိုင်တာလည်း ပါပါတယ်။ ဘာသာရပ်တွေထဲမှာ သူနာပြုသင်တန်း၊ ကွန်ပျူတာ နည်းပညာရပ် ဆိုင်ရာ သင်တန်းများ၊ နိုင်ငံတကာ စီးပွားရေး သင်တန်းများဟာ တက္ကသိုလ်နှင့် ပိုလီတက္ကသိုလ်၊ ကောလိပ်များတွင် အင်္ဂလိပ်လို သင်ကြားပေးပါတယ်။ လျှောက်လွှာများကို www.admissions.fi မှာ သင်ကြားလိုတဲ့ ဘာသာရပ်များ နှင့် ကျောင်းများကို ရွေးချယ်ကာ နှစ်စဉ် ဇန််နဝါရီ နှင့် ဖေဖေါ်ဝါရီ လများတွင် စတင်လျှောက်ထား ကြရပါတယ်။ အခြေခံ အင်္ဂလိပ်ဘာသာစကားကို ကျောင်းတက်ရောက်ရာတွင် အခက်အခဲ မရှိစေရန် နိုင်ငံတကာ အသိများတဲ့ အသိအမှတ်ပြုကြတဲ့ IELTS သို့ TOFLE အောင် လက်မှတ်၊ ကိုတက်ရောက်မည့် ဘာသာရပ်ဆိုင်ရာ အောင်လက်မှတ်များပါ ပူးတွဲ တင်ပြကြရပါတယ်။ လျှောက်ထားသူတွေ များတာမို့ ကျောင်းတွေကလည်း နိုင်ငံရပ်ခြားမှာ အတွေ့အကြံု ရှိသူတွေကို ဦးစားပေး ခေါ်ယူကြတာ များပါတယ်။

ကျောင်းတက်ကြမယ်

ဖင်လန်နိုင်ငံရဲ့ ကျောင်းပညာရေးဟာ နိုင်ငံတော်က အပြည့်အဝ ထောက်ပံ့ပေးထားတာမို့ ကျောင်းလခ မပေးရပါဘူး။ ကျောင်းလခ မပေးနိုင်တဲ့ ကျောင်းသားတွေအတွက် အသင့်တော်ဆုံး ဖြစ်ပေမဲ့၊ နေထိုင်စားရိတ် ကြီးမားလှတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်နေတာမို့ ကျောင်းတက်ရင်း အလုပ်လုပ်၊ ပိုက်ဆံစုချင်တဲ့ မြန်မာကျောင်းသားများ အတွက်တော့ သိပ်အဆင် မပြေစေပါဘူး။ ကျောင်းတက်ရင်း နေထိုင် စားရိတ်ကာမိစေဖို့ ကျောင်းသား ဗီဇာ မချပေးမီ၊ တစ်နှစ်စာ နေထိုင်စားရိတ် ကာမိစေဖို့ မိမိကိုယ်ပိုင် အနည်းဆုံး တစ်လလျှင် ယူရို ၅၀၀ ပြသနိုင်ရပါမယ်။ တစ်နှစ်စာအတွက် ယူရို၅၀၀၀ကျော် ပြသဖို့ လိုတဲ့အတွက်၊ မြန်မာကျောင်းသားတွေ အတွက် ကျူရှင်လခ အခမဲ့ ဆိုပေမဲ့၊ ဒီယူရိုငွေ ၅၀၀၀ ပြနိုင်ဖို့ဟာ မလွယ်တဲ့ ကိစ္စတစ်ခုပါပဲ။ တစ်ချို့ မတတ်နိုင်တဲ့ ကျောင်းသားတွေက ကျောင်းတင်ဖို့ ကိစ္စတွေမှာ အသိတွေဆီက ခဏလောက် ပိုက်ဆံချေးပြီး ကိုယ့်ဘဏ်ထဲထည့်လို့ ကိုယ်ပိုင် ငွေပုံစံ နဲ့ ငွေ အဝင်ပြပြီး ကျောင်းဗီဇာ မယူခင် သံရုံးကို အထောက်အထား ပြကြ ရပါတယ်။

နိုင်ငံခြားသား ကျောင်းသားတွေဟာ ကိုယ်ပိုင် ကျန်းမာရေး အာမခံတွေလည်း ဝယ်ယူရပါတယ်၊ ဖင်လန်နိုင်ငံဟာ သူ့နိုင်ငံမှာ အမြဲနေထိုင်ခွင့်ရှိသူ နှင့် နိုင်ငံသားများသာလျှင် ကျန်းမာရေး ထောက်ပံ့ပေးတဲ့ စံနစ်ဖြစ်တာမို့ နိုင်ငံခြားသား ကျောင်းသားတွေဟာ ကျန်းမာရေး အထောက်အပံ့ နိုင်ငံတော်က ဘာမှ မရရှိနိုင်ပါဘူး။ ဘာသာရပ်တွေဟာ ၃ နှစ်မှ ၄ နှစ်အထိ သင်ကြားရပြီး၊ ကျောင်းပြီးတာနှင့် အလုပ် ရှာဖွေနိုင်ရန် ၆လ အချိန်ပေးပါတယ်။ ဒီ၆လ အတွင်းမှာ အလုပ်ရရှိရင် နေထိုင်ခွင့်ရကြမှာ ဖြစ်ပါတယ်။ နေထိုင်ခွင့် ရရှိကြသူတွေဟာ ၄ နှစ် သက်တမ်းပြည့် လျှင် အမြဲတမ်း နေထိုင်ခွင့် ရရှိ ကြပါ တော့တယ်။

လက်ထပ်စာချုပ်ဖြင့် မှီခို နေထိုင်ခွင့် ရကြသူများ

ဖင်လန်နိုင်ငံမှာ နေထိုင်ခွင့် ရကြတဲ့သူတွေ အနေနဲ့ သားသမီး သို့ ဇနီးခင်ပွန်းကို ခေါ်ယူခွင့် ရကြပါတယ်။ ဒုက္ခသည် ဆိုရင်တော့ ကိုယ်ခေါ်ယူတဲ့ သူဟာ ဒုက္ခသည် စာရင်းပေါက်သူ ဆိုရင်၊ ဒုက္ခသည်များ ပုံစံအတိုင်း ခံစားခွင့်ရှိပါတယ်။ ကိုယ်ခေါ်ယူလိုက်တဲ့ သူဟာ ဒုက္ခသည်မဟုတ်ဘဲ တရားဝင် ပုံမှန် နိုင်ငံသားဖြစ်ပါက၊ အကျိုးခံစားခွင့်တွေ လျှော့နည်း သွားတတ်ပါတယ်။ မှီခို လျှောက်လွှာတင်ရာမှာ ၆ လမှ တနှစ်ကြာအောင် နေထိုင်ခွင့်လက်မှတ် ဖင်လန် လ.ဝ.က မှ အဖြေကို စောင့်ရပါတယ်။ ကိုယ့်ဇနီးဟာ ကိုယ်ဝန်ရှိပါက၊ ဖင်လန် လ.ဝ.က မှ အမြန်နှုန်းနှင့် ဆောင်ရွက်ပေးတာမျိုးလည်း ရှိပါတယ်။ လက်ထပ်စာချုပ်၊ သံရုံးမှ ထိုလက်ထပ်စာချုပ်ဟာ စစ်မှန်ကြောင်း အသိအမှတ်ပြု လက်မှတ်တွေဟာ မရှိမဖြစ် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဖြစ်ပါတယ်။ မြန်မာပြည်မှ တိုက်ရိုက်လာကြာတဲ့ ဇနီး၊ ခင်ပွန်းသည်တွေဟာ ထိုင်းနိုင်ငံရှိ ဖင်လန်သံရုံးမှာ သွားရောက်လျှောက် ယူကြရပါတယ်။ ဖင်လန်နိုင်ငံမှ ခေါ်ယူသူကလည်း ကြိုတင်ပြီး၊ ဖင်လန် လ.ဝ.က မှာ လျှောက်ထား ရယူ နိုင်ကြ ပါတယ်။

အလည်ဗီဇာ နှင့် ဒုက္ခသည် ဖြစ်သွားကြ သူများ

ပွဲစားများဟာ နည်းမျိုးစုံဖြင့် ဥရောပ ရှင်ဂန်( Schengen Visa ) ဗီဇာရအောင် ကြိုးစားကြပါတယ်။ ပွဲစားကို ဝန်ဆောင်ခ သိန်း၂၀ လောက်ပေးရပြီး၊ ပွဲစားဟာ ရှင်ဂန်ဗီစာ သို့ ဥရောပနိုင်ငံ တခုကို ဆိုက်ရောက်မည့် လေယာဉ်တခုပေါ် တင်ပေးတဲ့အထိ လိုက်လံ ဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။ ဒီပုံစံနဲ့ ဒုက္ခသည် လျှောက်ယူသူတွေ များပြားလာသည့် အလျှောက် ရှင်ဂန်ဗီဇာ ရရှိဖို့ဟာ ခက်ခဲလာသလို၊ ပွဲစားတချို့ဟာ သူတို့ပြောတဲ့ နိုင်ငံကို ဝင်ခွင့်မရပဲ၊ တခြား ဥရောပနိုင်ငံမှာ ဒုက္ခသည် ဖြစ်သွားကြသူတွေလည်း ရှိကြပါတယ်။ ပွဲစားတွေဟာ ဂျာမဏီနိုင်ငံ လို့ပြောပြီး၊ ဂျာမဏီ ဗီဇာမရလို့ ဖင်လန်ဗီဇာရပြီး၊ ဖင်လန်မှာ သောင်တင်ကြသူတွေလည်း ရှိပါတယ်။ ဗီဇာ ရရှိဖို့ ခက်ခဲလာသော်လည်း ပွဲစားတွေကတော့ နည်းမျိုးစုံနဲ့ ဗီဇာရအောင် ကြိုးစားကြပါတယ်၊ အများစုကတော့ ဥရောပနိုင်ငံ တခုမှာ အစည်းအဝေး တခုခု တက်ရောက်မယ်ဆိုပြီး၊ လေယာဉ်ဆိုက်မှ ဒုက္ခသည် လျှောက်ယူကြသူတွေ ဖြစ်ကြပါတယ်။ တချို့ကြတော့လည်း ပွဲစားမပါဘဲ၊ ကိုယ်တိုင် သံရုံးသွားလို့ အလည်အပါတ် ဗီဇာယူပြီး၊ ဖင်လန်ရောက်မှ ဒုက္ခသည် လျှောက်ယူကြပါတယ်။ သံရုံးရဲ့ စာရွက်စာတမ်းတောင်းဆို စီစစ်မှုတွေ များတာကြောင့်၊ အလည်အပါတ် ဗီဇာရကြသူတွေ ဟာ နည်းပါး ကြပြီး၊ သံရုံးကလည်း ဒုက္ခသည် အဖြစ် ခံယူမည့် ပုံစံမပေါက်မှ သာ ဗီဇာ ချပေး တတ်ပါ တယ်။

အလည်ဗီဇာ လျှောက်ယူရန် လျှောက်ထားသူတွေကို ဖင်လန်သံရုံးက၊ ဖင်လန်ရောက်မှ ဒုက္ခသည်အဖြစ် လျှောက်ယူမည့်သူ မဖြစ်စေရန်၊ ဝင်ငွေကောင်းပြီး၊ ခရီးစရိတ် အကုန်အကျများကိုလည်း ကုန်ကျနိုင်စွမ်း ရှိကြောင်း ဘဏ်စာရင်းကို ပြသရပါတယ်။ အခြားနိုင်ငံများအတွက် ဖင်လန် သံရုံးမရှိပါက ဖင်လန်အလည် ဗီဇာလျှောက်ရန် အတွက် ဥရောပ သံရုံးဖြစ်တဲ့ ဂျာမဏီ သံရုံးဟာလည်း ဖင်လန်နိုင်ငံကိုယ်စား အကြောင်းပြချက် ခိုင်လုံပါက အလည်ဗီဇာ ထုတ်ပေးခွင့် ရှိသူ ဖြစ်ပါတယ်။ အကြောင်းကတော့ ဖင်လန်သံရုံးဟာ မြန်မာပြည်မှာ မရှိခဲ့လို့ပဲ ဖြစ်ပါတယ်၊ မြန်မာပြည်တွင်းအတွက် ရှုပ်ထွေးစေတဲ့ ဗီဇာလျှောက်ထားပုံ နည်းစနစ်တွေနဲ့ ပြည်တွင်းကသူတွေ အတွက်ကိုတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ဖင်လန်သံရုံးက ကိုင်တွယ်ပါတယ်၊ ဥပမာ၊ အလည်အပါတ်မှ အပ ကျောင်းတက်၊ အလုပ်အကိုင်၊ မီခို အစရှိသည့် ဗီဇာတွေကို သံရုံးက ဆုံးဖြတ်ချက် မချပဲ၊ ဖင်လန်နိုင်ငံရှိ လ.ဝ.က ၏ ဆုံးဖြတ်ချက် ချမှသာလျှင် ထိုင်းနိုင်ငံ ဖင်လန်သံရုံးမှ ဗီဇာ ထုတ်ပေးခွင့်ရှိပါတယ်။ အလည်အပါတ်ဗီဇာကိုတော့ ဖင်လန်နိုင်ငံရှိ လ.ဝ.က ဆုံးဖြတ်ချက်မပါဘဲ သံရုံးများက ထုတ်ပေးခွင့်ရှိပါတယ်။ ထို့အပြင် ကျန်းမာရေး အာမခံကိုလည်း ဝယ်ပြရပါတယ်၊ ကျန်းမာရေး အာမခံလက်မှတ်ဟာ ဥရောပနိုင်ငံတွင် ခရီးသွားရောက်တုန်း နာမကျန်းဖြစ်ပါက ထောက်ပံ့ပေးနိုင်သော ကျန်းမာရေး အာမခံ ဖြစ်ရပါမယ်။ ကျန်းမာရေး အာမခံကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ မရှိသလောက်ဖြစ်ပါတယ်။ ထို့အပြင် ဒုတိယနိုင်ငံများတွင် နေထိုင်ကြတဲ့ မြန်မာများအတွက်၊ ဗီဇာလျှောက်ယူရာမှာ ထိုဒုတိယနိုင်ငံမှာ နေထိုင်ခွင့် အနည်းဆုံး ၆ လကျော် သက်တမ်းရှိနေရမှာ ဖြစ်ပါတယ်။ ဒီလို သတ်မှတ်ထားတာဟာ အကယ်၍ အလည်ဗီဇာယူပြီး ဒုက္ခသည် လျှောက်ယူသူများကို၊ ဒုက္ခသည် အစစ်မဟုတ်ကြောင်း ဖော်ထုတ်တွေ့ရှိပါက၊ မိမိနေထိုင်ခဲ့သည့် ဒုတိယနိုင်ငံသို့ ဖင်လန် လ.ဝ.က မှ ပြန်ပို့နိုင်ဖို့ ဖြစ်ပါတယ်။

ခြံစည်းရိုး ကျော်ခွသူများ

မြန်မာပွဲစားတွေဟာ ခြံစည်းရိုးကျော်ဝင်ဖို့ ရိုက်ကြရာမှာ ရုရှားနိုင်ငံဘက်မှ ဖင်လန်နိုင်ငံ ဆိုက်မည့် လေယာဉ်ပေါ် တင်ပေးကြတာပါ။ ရုရှားနယ်စပ် ကနေ ဖင်လန်နယ်စပ်ကို လမ်းဖြတ်လျှောက်သူတွေ မရှိသလောက်ဖြစ်ပြီး၊ ဒီလို လေယာဉ်ပေါ်တင်ရာမှာလည်း တစ်ချို့လေယာဉ်လိုင်းတွေဟာ ဥရောပ ရှင်ဂန်ဗီဇာ မပါလို့ဆိုပြီး လေယာဉ်ပေါ် တက်ခွင့် မပေးတာတွေလည်း ကြံုကြရပါတယ်။ သွားချင်တာ တနိုင်ငံ၊ လေယာဉ်လိုင်းက တက်ခွင့်မပေးလို့ အခြားဥရောပ နိုင်ငံတွေ ရောက်သွားကြသူတွေလည်း ရှိပါတယ်။ နယ်စပ် လမ်းဖြတ်လျှောက်ပြီး၊ ဒုက္ခသည် လျှောက်ယူသူတွေမှာ ရုရှားနိုင်ငံသားတွေ များကြပါတယ်။ ဖင်လန်နိုင်ငံဟာ ရုရှားနိုင်ငံသား ဒုက္ခသည် လျှောက်ယူသူတွေ များလွန်းလို့ နှစ်စဉ် ကန့်သတ်ချက်နှင့်သာ နေထိုင်ခွင့် ချပေးပါတယ်။ ဥပမာ တနှစ်လျှင် အယောက် ၅၀ သာ နေထိုင်ခွင့်ချပေးပြီး၊ အခြား ခံစားခွင့် ဘာမှမပေးတာတွေလည်း ရှိပါတယ်။

ဖင်လန်နိုင်ငံကို ရုရှား မော်စကိုမြို့၊ တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့ မှ တဆင့် ဥရောပထဲကို ဘတ်စ်ကားဖြစ်စေ၊ လေယာဉ်လိုင်းဖြင့် ဖြစ်စေ ခိုးဝင်ကြသူတွေလည်း ရှိပါတယ်။ ဥရောပ နိုင်ငံများကို ဖြတ်ရင်း၊ အက်စ်တိုးနီးယား နိုင်ငံကနေလည်း ဖင်လန်နိုင်ငံကို ခရီးသွားဘတ်(စ်)ကား များနှင့် ခိုးဝင်လာကြသူတွေ ရှိပါတယ်။ တချို့ကလည်း ယူကရိန်း ကနေ ဥရောပကို ဝင်ကြပါတယ်။ အာဖဂန်၊ အီရတ် နှင့် ဆိုမာလီယား နိုင်ငံသား အများစုဟာ ဒီ နိုင်ငံတွေ ကို အသုံးပြုရင်း ဥရောပကို ဦးဒဟိုသာ ကျော်ခွ ခိုးဝင်နေကြ ပါတော့ တယ်။

ဒုက္ခရောက် ချင်ကြပြီ

ဥရောပ သမဂ္ဂ၊ လူအခွင့်အရေး ဥပဒေများအရ နိုင်ငံကို ရောက်ရှိလာပြီး ဒုက္ခသည်လို့ လျှောက်ထားသူတွေကို လူ့အခွင့်အရေး နှင့် အညီ ဆောင်ရွက်ပေး ရပါတယ်။ နယ်စပ်များတွင် ရှိသည့် လူဝင်မှုကြီးကြပ်ရေး ဌာနများမှာ ဖြစ်စေ ၊ ရဲစခန်းမှာဖြစ်စေ ဒုုက္ခသည်လျှောက်ယူခွင့် ရှိပါတယ်။ ဒါကြောင့် ဒုက္ခသည် အများစုဟာ လေယာဉ်ကွင်းက လ.ဝ.က ဆီမှာ ဒုက္ခသည်အဖြစ် လျှောက်ယူကြပါတယ်။ ဗီဇာပါလာသူတွေ ကတော့ ပြည်ဝင်ခွင့် ရှိကြတာမို့၊ လ.ဝ.က မှ ပြည်ဝင်ခွင့် ပေးလိုက်တယ်ဆိုရင်ပဲ၊ လေယာဉ်ကွင်း မှာဖြစ်စေ ၊ ကြိုက်တဲ့ ရဲစခန်းမှာ ဒုက္ခသည် အဖြစ် အေးအေးလူလူ လျှောက်ယူခွင့်ရှိပါတယ်။ ရှင်ဂန်ဗီဇာဟာ ဥရောပနိုင်ငံ ၁၇ နိုင်ငံကို လွတ်လပ်စွာ သွားလာခွင့်ရှိတဲ့ ပြည်ဝင်ခွင့် ဗီဇာဖြစ်ပြီး၊ ဒုက္ခသည်လျှောက်ယူရာမှာ ဗီဇာချပေးလိုက်တဲ့ အမိနိုင်ငံမှာသာလျင် ဒုက္ခသည် လျှောက်ယူခွင့်ရှိပါတယ်။ ဗီဇာချပေးတဲ့ နိုင်ငံမှာ ဒုက္ခသည်မလျှောက်ဘဲ၊ အခြားနိုင်ငံမှာ သွားလျှောက်မိရင်၊ ရွှေမျိုးသားချင်းရှိမှသာ ဒုက္ခသည် လျှောက်ခွင့် ပေးပါတယ်။ မဟုတ်ရင် ဗီဇာချပေးတဲ့ နိုင်ငံကို ပြန်ပို့ ပါတယ်။

ဗီဇာ မပါသူတွေကတော့ ပွဲစား ကြိုးစားကောင်းလို့ လေယာဉ်လိုင်းက တက်ခွင့် ပေးလိုက်တယ်ဆိုရင် ၊ လ.ဝ.က ကလည်း ဗီဇာ မပါလာတဲ့သူတွေ လေယာဉ်ပေါ်မှာ ပါတယ်ဆိုတာ သိနေတတ်ပါတယ်။ လေယာဉ် ဆိုက်တာနှင့် ဖင်လန်နိုင်ငံ ဝင်ခွင့်မရှိတာမို့ ခရီးဆက်သွားမည့် လေယာဉ်ပေါ်တက်မှာလား? သို့ ဒုက္ခသည် လျှောက်ထားမှာလားလို့ မေးမြန်းတတ် ပါတယ်။ ဒုက္ခသည် အဖြစ်လျှောက်မယ် ပြောလိုက်တာနှင့် လေယာဉ်ပေါ် တင်ပြီး၊ ပြန်ပို့ခွင့် မရှိတော့ပါဘူး၊ လျှောက်ထားသူကို ဒုက္ခသည် စစ်မှန်ကြောင်း စစ်စေးဖို့ ရဲမှူးတွေကို လ.ဝ.က က တာဝန်ပေးလိုက်ပါတယ်။ ဗီဇာ မပါသူတွေဟာ သူတို့ပါတ်စ်ပို့ပါ ခရီးသွား မှတ်တမ်းတွေကို ဖြောက်ပျက်ပြစ်ဖို့ ၊ လေယာဉ်ပေါ်မှာတင် ခရီးသွားလက်မှတ် ပါတ်စပို့ ကို ဆုတ်ဖြဲ ပစ်ပြီး၊ လေယာဉ် အိမ်သာ ထဲမှာ လက်စ ဖြောက်ကြ ရပါတယ်။

ဒီလို လက်စဖျောက်တယ်ဆိုရင် ဒုက္ခသည် စစ်မှန်ကြောင်း စစ်စေးရာမှာ လွယ်ကူတာတွေ ရှိသလို ခက်ခဲတာတွေလည်း ရှိပါတယ်။ လွယ်ကူတာကတော့ ဒုက္ခသည် အစစ်မဟုတ်ဘဲ၊ နိုင်ငံပေါင်း မြောက်များစွာ ခရီးသွားပြီးတော့မှ ဒုက္ခသည် လာလျှောက်ကြ သူတွေရှိပါတယ်။ တနည်းအားဖြင့် ဒုက္ခသည် ဟန်ဆောင်သူတွေ ဖြစ်ကြပါတယ်၊ ဒီလိုလူတွေဆို ရဲက ဒုက္ခသည် ဖြစ်ရက်နှင့် ခရီးတွေ ဒီလောက်သွားနိုင်သလား ဆိုတဲ့ ရဲမှူးမေးခွန်းကို အမေးခံရမှာ ကြိမ်းသေပါတယ်။ ဒီမေးခွန်းကို နိုင်ငံကူး လက်မှတ်ဖြောက်ပစ်လိုက်လို့ ကာကွယ်နိုင်ပေမဲ့၊ ပြဿနာ တခုကတော့ ဒီလျှောက်ထားသူတွေဟာ ဘယ်သူ ဘယ်ဝါဆိုတာ ရဲဌာနက မသိတာမို့၊ သူတို့ကို ဘယ်သူ ဘယ်ဝါစစ်ဆေးလို့ မရခင်အထိ အကျဉ်းထောင်မှာ ထိန်းသိမ်းထား တတ်ပါတယ်။ မည်သူ မည်ဝါဖြစ်ကြောင်း အထောက်အထား ပြနိုင်သူတွေကိုတော့ ဟယ်လ်စင်ကီ ဒုက္ခသည်စခန်းမှာ နေထိုင်ခွင့် စီစဉ်ပေးပါတယ်။ လျှောက်ထားသူရဲ့ ဒုက္ခသည်ဖြစ်ကြောင်း အကြောင်းပြချက်တွေမှာ မူတည်ပြီး၊ အနည်းဆုံး ၆ လမှ နှစ်ချီအောင် ကြာတတ်ပါတယ်။ တချို့လည်း ၆ လနှင့် နေထိုင်ခွင့်ရကြပြီး၊ တချို့လည်း ၁ နှစ် ၂ နှစ် ဒုက္ခသည် စခန်းထဲ နေထိုင်ပြီးမှ သာ နေထိုင်ခွင့် ရကြ ပါတယ်။

ဒုက္ခသည် ဆိုတဲ့ အခွင့်အရေး

တခြား နိုင်ငံတွေနှင့် မတူတဲ့ မူတခုကတော့၊ ဒုက္ခသည်များဟာ ဖင်လန်နိုင်ငံမှာ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်ရှိသလို၊ ၂ လကြာနေထိုင်ပြီးတဲ့ နောက်ပိုင်းမှာ အလုပ် လုပ်ပိုင်ခွင့် ရှိပါတယ်။ ဘာသာစကား အခက်အခဲများကြောင့် အများအားဖြင့် အလုပ် မရကြတာ များပါတယ်။ ဒုက္ခသည်တွေဟာ ဒုက္ခသည် စခန်းမှာနေရင် အိပ်ယာတခင်း ၊ ဟင်းချက်ရာနေရာ နှင့် ချက်ပြုတ်ရန် အိုး၊ ပန်းကန်ခွက်ယောက် တယောက်စာ ပစ္စည်းတွေ ပေးပါတယ်။ အစားအသောက် ဝယ်ယူနိုင်ဖို့ တစ်လလျှင် ယူရိုငွေ ၃၂၀ ထောက်ပံ့ပေးပါတယ်။ တချို့ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းမှာ မနေဘဲ ဆွေမျိုးသားချင်းတွေ ရှိရာ အိမ်မှာ နေကြပါတယ်။ ဒီတော့ လစဉ်ထောက်ပံ့ငွေ လျော့ပြီး ယူရို ၂၈၀ သာ ပေးပါတော့တယ်။ ဒုက္ခသည် လျှောက်လွှာလျှောက် ပြီးတဲ့ နောက်ပိုင်းမှာတော့ အင်တာဗျူး ခေါ်ပါတယ်။ အင်တာဗျူးခေါ်ရာမှာ ရှေ့နေအခမဲ့ ငှားပေးပြီး၊ ဥပဒေနှင့်ဆိုင်ရာ အလုပ်တွေကို ရှေ့နေက ကိုယ့်ကိုယ်စား လုပ်ဆောင်ပေးသွားပါတယ်။ လူကိုယ်တိုင် သွားရောက်ရမည့် ကိစ္စတွေရှိရင် ဒုက္ခသည် စခန်းက လူမှုဖူလုံရေ ဝန်းထမ်းက ခရီးသွား ကုန်ကျစရိတ် ထုတ်ပေး ပါတယ်။ ရထားခ သို့ ညအိပ် ရပါက တည်းခိုခန်းခ ထောက်ပံ့ ပေးပါတယ်။

ဒုက္ခသည် စခန်းတွေကတော့ လူများတဲ့ ဒုက္ခသည်စခန်းတွေ ရှိသလို၊ စခန်းမှာ လူမရှိပဲ တစ်ခန်းထဲ တစ်ယောက်တည်း သီးသန့်နေရတဲ့ စခန်းတွေလည်း ရှိပါတယ်။ လေယာဉ် ဆိုက်တိုင်း ဒုက္ခသည် လျှောက်နေကြတဲ့ ဟယ်စင်ကီး ဒုက္ခသည် စခန်းကတော့ တစ်ခန်းကို စစ်တန်းလျားလိုပဲ ၄ ယောက် သို့ ၆ ယောက် နေထိုင် ကြရ ပါတယ်။ နေရထိုင်ရေး အစဉ်ပြေစေတဲ့ စခန်းတွေကတော့ ဖင်လန် အပေါ်ပိုင်းက ဒုက္ခသည် စခန်းတွေပဲ ဖြစ်ပါတယ်။ လေယာဉ်ကွင်းမှာ ဒုက္ခသည် လျှောက်သူတွေ ကို များသော အားဖြင့် ဟယ်လ်စင်ကီး စခန်းမှာတင် ဆက်လက် ဒုက္ခသည် အဖြစ် ဆက်လက်လျှောက်ခွင့်၊ သို့ သက်ဆိုင်ရာ နိုင်ငံကို ပြန်ပို့ပေးသင့် မသင့် ဆုံးဖြတ်ပါတယ်။ ပြန်မပို့ခံရတဲ့ သူတွေကိုတော့ ဆက်လက်ပြီး ဒုက္ခသည်လျှောက်လွှာ ထပ်မံ စစ်စေဖို့ ဟယ်လ်စင်ကီ စခန်းမှာ မထားတော့ဘဲ အခြား လူနည်းရာ စခန်းတွေ ကိုရွှေ့ပြီး ပို့လိုက် ပါတယ်။

နေထိုင်ခွင့်များ ရကြတဲ့အခါ

နေထိုင်ခွင့် မရကြတဲ့သူတွေ သို့ အပယ်ခံရသူတွေဟာ နောက်ထပ် ၂ ကြိမ်ထပ်မံပြီးတော့ မပယ်ချသင့်ကြောင်းကို အထောက်အထား ခိုင်လုံစွာနှင့် ဆက်လက် အသနားခံလို့ ရပါတယ်။ အသနားခံလို့မှ မရရင်တော့ ကိုယ့်နိုင်ငံ ကိုယ်ပြန်ကြဖို့ စီစဉ်ခံရပါတယ်။ နေထိုင်ခွင့် ရသူတွေကို A သို့ B ဆိုပြီးခွဲခြား သတ်မှတ်ပါတယ်။ A ကတော့ ဒုက္ခသည်လို့ သတ်မှတ်ခံရသူတွေ ဖြစ်ပြီး၊ နေထိုင်ခွင့် အမြဲချပေးရန် ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ B ကတော့ ခေတ္တ နေထိုင်ခွင့် ပေးထားတာ ဖြစ်ပြီး၊ A လိုအခွင့်အရေးများ မရရှိနိုင်ပါဘူး။ A ရရှိသူတွေဟာ နိုင်ငံတော်က ငှားပေးထားတဲ့ နေအိမ်မှာ နေထိုင်ခွင့်ရပြီး၊ B တွေကတော့ ဒုက္ခသည်စခန်းမှာ ဆက်လက် နေထိုင်ကြရပါတယ်။ B တွေနှင့် နေရင်း A ရသွားကြသူတွေလည်းရှိပါတယ်။ B ကိုများသောအားဖြင့် မယုံကြည်ရသူတွေကို ချပေးတတ်ပါတယ်။ B ရသူတွေကို လ.ဝ.က က အခြေအနေကြည့်ပါတယ်၊ A ဆက်ပေးသင့် မပေးသင့် ဆုံးဖြတ်ကြပါတယ်။ မပေးဘူး ဆိုရင်လည်း ဒီလိုပဲ စခန်းထဲမှာပဲ ဆက်နေ ကြရပါတယ်။

A ရသူတွေဟာ ကိုယ်နေချင်တဲ့ မြို့မှာ အိမ်ရရှိရေး လျှောက်ယူခွင့် ရကြပါတယ်။ ဒုက္ခသည်တွေဟာ ဖင်လန်နိုင်ငံရှိ အလုပ်လက်မဲ့ လူများ ခံစားခွင့်ရှိကြသည့် အတိုင်း၊ အလုပ်လက်မဲ့ ထောက်ပံ့ငွေ ယူရို ၄၀၀ အပြင်၊ အိမ်ငှားရမ်းခ ထောက်ပံ့ငွေတွေ နှင့် ရေမီး ကုန်ကျစရိတ်တွေကို နိုင်ငံတော်က ထောက်ပံ့ပေးပါတယ်။ ဒုက္ခသည် ဖြစ်တာကြောင့် အခြေချနေထိုင်နိုင်ရန် နှင့် ပညာဆည်းပူးနိုင်ရန် ကာလနှစ်ခု သတ်မှတ်ပါတယ်။ အထက်တန်း အောင်လက်မှတ် ရှိသူများကို ၃ နှစ် ကျောင်းတက် စားရိတ်ပေးပြီး၊ အထက်တန်း မပြီးရောက်သေးသူတွေကို ၅ နှစ်အချိန်ပေးပါတယ်။ ဒီကျောင်းတက်ရောက်နိုင်ရန် ထောက်ပံ့ငွေဟာ ကျောင်းတက်နေပါက တစ်ရက်လျှင် ကျောင်းတက်စားရိတ် ၈ ယူရို စီရကြပါတယ်။ ထို့ကြောင့် ဒုက္ခသည်တွေရဲ့ ဝင်ငွေဟာ တစ်လကို အသားတင် ယူရို ၅၅၀ ရရှိကြပါတယ်။ ရေမီးခလည်း မပေးရ၊ နေထိုင်စားရိတ်လည်း မပေးရတဲ့ ဒုက္ခသည်တွေဟာ တစ်လ ယူရို ၅၅၀ကို ချွေတာသုံးကြပြီး၊ အမိမြေကို ပိုက်ဆံပြန်ပို့သူက ပို့၊ လိုချင်တာ ဝယ်ကြသူကဝယ် နှင့် ၅ နှစ်အတွင်းမှာ တစ်ဘက်ကလည်း ဘာသာစကားရအောင် သင်ကြား ရပါတယ်။ ၅ နှစ်အတွင်းမှာ မကြိုးစားကြ သူတွေကတော့ အခက်အခဲတွေ ကြံုတွေ့ ကြရပါတယ်။ ၄ နှစ်ပြည့်တာနှင့် ဖင်လန်နိုင်ငံသား လျှောက်ယူဖို့ ဘာသာစကား အဆင့် ၃ ကို အောင်မြင်မှသာလျှင် နိုင်ငံသား လျှောက်ထား ခွင့်ရှိပါတယ်။ နိုင်ငံသား လျှောက်ထားလို့ ရတဲ့သူတွေဟာ

ဖင်လန်နိုင်ငံသား နိုင်ငံကူး လက်မှတ်ရပြီ ဆိုတာနှင့် နိုင်ငံပေါင်း ၁၅၆ နိုင်ငံကို ဗီဇာ မလိုပဲ သွားရောက် လည်ပါတ်ခွင့် ရကြပြီမို့၊ ဘယ်သွားသွား စာအုပ်အနီ နဲ့ ဒုက္ခရောက်ကြရတဲ့ မြန်မာ နိုင်ငံသားတွေ ကိုယ့်အိမ်လှေခါးက ဆင်းရင်တောင် ဟိုဟိုဒီဒီ အသိပေးရပြီးနေတဲ့  မြန်မာစာအုပ်နဲ့ ဗီဇာ ဒုက္ခသည်များ အတွက် ဖင်လန် နိုင်ငံဟာလည်း ရွှေ့ပြောင်း နေထိုင်ချင်စရာ နိုင်ငံတခုသာ ဖြစ်နေ ပါတော့တယ်။

Schengen ရှင်ဂန်ဗီဇာ ဆိုတာ

ရှင်ဂန် ဗီဇာဆိုသည်မှာ – ဥရောပ သမဂ္ဂနိုင်ငံများတွင် နယ်ခြားမဲ့ ယူရိုဇုန်ဖြစ်ရန် တနိုင်ငံ တမြေထဲ သဘောရသော ဗီဇာနှင့် အခြားနိုင်ငံ တခုကြားတွင် ကာစည်းထားသော နယ်စပ်ဂိတ်များ၊ လ.ဝ.က စစ်ဆေးမှုများကို ပယ်ဖျက်လိုက်သောကြောင့် နိုင်ငံသားများ နှင့် ရှင်ဂန်ဗီဇာ ကိုင်ဆောင်ထားသော ခရီးသည်များသည် ယူရို ဥရောပဇုန်ဖြစ်သော ၂၅ နိုင်ငံ အတွင်းသို့၊ ဗီဇာသက်တမ်း ရှိသ၍ လွတ်လပ်စွာ ဖြတ်သန်း သွားလာ ခွင့်ရှိသည်။

ရှင်ဂန် ဗီစာအား အသိအမှတ်ပြုသည့် နိုင်ငံများမှာ- ဩစတီးယား၊ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဂရိစ်၊ အိုက်စ်လန်၊ အီတလီ၊ လူဇမ်ဘော့်ဂ်၊ နယ်သာလန်၊ နော်ဝေ၊ ပေါ်တူဂယ်၊ စပိန် နှင့် ဆွီဒင်တို့ ဖြစ်ကြသည်။ နော်ဝေသည် ဥရောပ သမဂ္ဂအဖွဲ့ဝင် မဟုတ်သော်လည်း၊ နယ်ခြားမဲ့ ဖြတ်သန်း သွားလာခွင့် စံနစ်ကို ဥရောပ နိုင်ငံများ နှင့် သဘောတူညီချက် ရယူထားပြီး၊ အိုယ်ယာလန် နဲ့ အင်္ဂလန်သည်လည်း ဤနယ်ခြားမဲ့ ဖြတ်သန်းသွားလာခွင့် သဘောတူညီချက် စာချုပ်ချုပ်ဆိုထားခြင်း မရှိသဖြင့် ရှင်ဂန်ဗီဇာဖြင့် ဝင်ရောက်လည်ပတ်ခွင့် မရှိသော်လည်း ။ ၂၀၀၉ ခုနှစ်တွင် ဆွစ်ဇာလန် သည် ဥရောပ အဖွဲ့ဝင် မဟုတ်သော်လည်း ဤသဘော တူညီချက်ကို ချုုပ်ဆိုလိုက်သောကြောင့်၊ ယခုအခါ ရှင်ဂန်ဗီစာ ကိုင်ဆောင် ထားသူများသည် ဆွစ်ဇာလန် နိုင်ငံသို့လည်း  အလည် သွားရောက် နိုင်ပြီ ဖြစ်သည်။

ဟိန်းထက်

LEAVE A REPLY

Please enter your comment!
Please enter your name here