အမေရိကန် နိုင်ငံသား ၁ ဦး အင်းလျားကန် တွင် ရေဆင်းချိုး ၍ ဖမ်းခံရ

alt

ယခုအပါတ် ဗုဒ္ဓဟူးနေ့ နံနက် အစောပိုင်း ၅း၄၅ မိနစ်တွင် ရန်ကုန်မြို့ ၆ မိုင်ခွဲအနီး အပြည်ပြည်ဆိုင်ရာ စီးပွားရေး စင်တာ ( I.B.C ) အနီး အင်းလျားကန်တွင် ရေကူး နေသော အမေရိကန် နိုင်ငံသား တဦး အားတွေ့ရှိ၍ ဖမ်းဆီး

လိုက်သည် ဟု ရန်ကုန်မှ လာသော စစ်အစိုးရ နှင့် နီးစပ်သော သတင်းများ အရ သိရှိ ရသည်။

မစ္စတာ ဂျွန် ဝီလီယံ ယက်ထော ( အသက်-၅၂ နှစ် ) အား အစောပိုင်းတွင် ရဲမှ ထိမ်းသိမ်းထားသော်လည်း၊ နောက်ပိုင်းတွင် စစ်ထောက်လှမ်းရေး မှ လွဲပြောင်း ယူပြီး စစ်ကြောလျှက် ရှိသည်ဟု သိရှိရသည်။

ယင်းနေ့ နံနက် အစောပိုင်းတွင် IBC အနီး အင်းလျားကန်တွင် ရေကူးနေသော မစ္စတာ ဂျွန် ဝီလီယံ ယက်ထော အား ရဲမှစစ်ဆေးရာ ပူအိုက်လွန်းသဖြင့် ရေဆင်း ချိုးမိကြောင်းသာ ဖြေကြားသော်လည်း၊ သူနှင့် အတူပါလာသော ကျောပိုးအိတ်အား စစ်ဆေးရာ တွင် ဒေါ်လာ တရာတန် ၂ရွက် ၊ ကင်မရာတလုံး၊ ဓါတ်မီးတလက်၊  ခေါက်ပလာယာ တလက်တို့ တွေ့ရှိရပြီး မေလ (၂) ရက်နေ့က မြန်မာနိုင်ငံသို့ တိုးရစ်ဗီဇာ နှင့် ရန်ကုန်သို့ ဝင်ရောက် လာသူဖြစ်သည်။

ယနေ့ထုတ် စစ်အစိုးရ သတင်းစာများ အရ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းသို့ မေလ ၃ ရက် ညပိုင်းတွင် အင်လျားကန်တွင်းမှ တဆင့် ရေကူး၍ သွားရောက် နေထိုင်ခဲ့ကာ ၂ ရက်ကြာ နေထိုင်ခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

မစ္စတာ ဂျွန် ဝီလီယံ ယက်ထောသည် ဒေါ်ဆောင်ဆန်းစုကြည် နေအိမ်ဝင်းမှ မေလ ၅ ရက် နံက်ပိုင်းတွင်  ၅လီတာဝင် ရေသန့်ဘူးကြီး အကူအညီနှင့် ရေကူး၍ ပြန်ထွက်လာခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရအာဘော် သတင်းစာက ရေးသားထားသည်။

အင်းလျားကန်စောင်းရှိ ထင်ရှားသော မြန်မာ့နိုင်ငံရေး အတိုက်ခံ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်နှင့် အလွန်ကွာဝေးလှသော  အေဒီလမ်း ကျွန်းဆွယ် နှင့် အခြားသော ဆန့်ကျင်ဖက်  IBC  ၆မိုင်ခွဲဖက်သို့ ကူးခတ်သွားသော မစ္စတာ ဂျွန်ဝီလီယံ ယက်ထောသည် အဘယ်ကြောင့် ၅မိနစ်မျှသာ ကူးခတ်ရမည်ဖြစ်သော ကန်သာယာ ပန်ခြံ၊ ကုက္ကိုင်း ဖက်သို့ ကူးမသွားပဲ လွန်စွာ အန္တရာယ်များသော က.ပ.စ၊ အေဒီလမ်း၊ စိမ်းလဲ့ကန်သာ စသော ပတ်ပတ်လည် ရေကင်း များစွာရှိရာ ဖက်သို့ နာရီအတော်အတန် ကြာကူးခတ်ရသည့် ၆မိုင်ခွဲဖက် သတ်ကွင်း သကဲ့သို့ နေရာအားဖြတ်၍ ကူးခတ်လာခြင်းမှာ ရန်ကုန်မြို့နေ လူထုများ၏ သို့လော သို့လော သံသယပွားစရာ အဖြစ်ဟု ယနေ့သုံးသပ် ဆိုနေကြသည်။

လာမည့် မေ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ထိမ်းသိမ်းထားသည်မှာ ၆နှစ်တင်းတင်း ပြည့်မည် ဖြစ်၍ ပြန်လည် လွှတ်ပေးရမည်ကို အမှုရှာလိုသဖြင့် အစောပိုင်း ထွက်ပေါ်သော အရပ်သတင်းများနှင့် များစွာကွာခြားလျှက် စစ်အစိုးရ မီဒီယာများက လှီးလွှဲ ဖေါ်ပြခဲ့ခြင်းသာ ဖြစ်သည်ဟု ရန်ကုန်မြို့မှ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်မှ အမည်မဖေါ်လိုသော လူငယ် တာဝန်ခံတဦးမှ လူထုအသံအား ဖြေကြားခဲ့သည်။

ယခုအချိန်ထိ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ တာဝန်ခံ Richard Mei က “ အာဏာပိုင်တွေက သံရုံးကိုတော့ အကြောင်း မကြားသေးပါဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှ မသိသေးပါဘူး” ဟု အေပီသတင်း ဋ္ဌာနသို့ ဖြေကြားသွားသည်။

alt

LEAVE A REPLY

Please enter your comment!
Please enter your name here