လက်ထပ်၊ ကွာရှင်း၊ အပ်ချလောင်း စီးပွားရှာ နေထိုင်ခြင်း

မြန်မာ နိုင်ငံ ထဲမှာ သာမန် လူတယောက် အဖို့ စီးပွားရှာ ရတာမလွယ်သလို ပြည်ပ တိုင်းပြည် မှာ ရောက်နေတဲ့ သာမန် မြန်မာတွေ ပညာရှင် မဟုတ်သူ တယောက် အဖို့ ၀င်ငွေ ခိုင်ပြီး စီးပွား ဖြစ်မယ့် အလုပ် ရဖို့ ဆိုတာ လွယ် လှတယ်လို့ မထင်ပါဘူး။

ရုန်း၍ကန်၍ ရင်ဆိုင်၍ ဆိုသလို အတော်ကြိုးစားပြီး ကာယ၊ ဉာဏ အားစိုက်ထုတ်နိုင်မှ လူတန်းစေ့အောင် နေနိုင်ကြတာပါ။ ဒါကို မြန်မာပြည်ထဲက လူတွေ မသိနိုင်ကြပေမယ့် ပြည်ပရောက်တဲ့ မြန်မာတိုင်း ဒီအချက်ကို လက်ခံကြမယ်် ထင်ပါ တယ်။

ပြည်ပရောက်ပြီး အခြေချ နေထိုင်ခွင့်ရကြတဲ့ အထဲမှ ၁၉၈၈ နောက်ပိုင်းမှာတော့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး ရဲ့ ပြန်လည်နေရာ ချထားရေး အစီစဉ်တွေနဲ့ ဥရောပ တိုင်းပြည်တွေမှာ အမေရိက နဲ့ ဩစတေးလျား စတဲ့နိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ မနည်းကြတော့ပါဘူး။ ကျနော်ရောက်နေတဲ့ နော်ဝေနိုင်ငံမှာ ဆိုရင် မြန်မာနိုင်ငံသား ၂၅၀၀ ၀န်းကျင်လောက် ရှိနေပြီဆို နော်ဝေ လူဝင်မူူကြီးကြပ်ရေး ထုတ်ပြန်ချက် စာရင်းအရ သိပါတယ်။

နော်ဝေရောက်နေတဲ့ မြန်မာအများစု ၉၀ ရာခိုင်ကျော်ဟာ အများအားဖြင့် သာမန် အလုပ်တွေသာ ရကြတာ များပါတယ် သာမန်အလုပ် ဆိုတာက လူနာပြုစုရေးဌာန ၊ ကလေးထိန်းကျောင်း၊ အရောင်းဆိုင် စတာတွေမှာပါ။ စင်္ကာပူ၊ ဩစတေးလျား၊ အခြားနိုင်ငံတွေ ကနေ ပညာသင်အနေနဲ့ ၀င်လာပြီး နော်ဝေမှာ မဟာဘွဲ့ရတဲ့ သူတွေတို့ ဒေါက်တာဘွဲ့ ရတဲ့သူတွေတို့ ကတော့ ပညာရှင်လိုင်း အနေနဲ့ လုပ်ငန်းခွင် တချို့မှာ အလုပ်ရပြီး ပညာရှင်ဆန်စွာ ၀င်ငွေကောင်းနေတယ်လို့ သိရပါတယ်။ ဒီဗွီဘီ ( ဒီမိုကရက်တစ် မြန်မာအသံ) က ၀န်ထမ်းတွေလဲ ဒုက္ခသည်နဲ့ ရောက်လာတဲ့ သူတွေထက် စာရင် တချို့ဝင်ငွေ မဆိုးဘူးလို့ကြား ရပါတယ်။ နော်ဝေကို အရင်ဦးဆုံးရောက်နေတဲ့ သူတွေ ဟော်တယ်မှာ စားဖိုမှူးတို့၊ စားသောက်ဆိုင်တို့မှာ ဆူရှီလိပ်တာတို့ ၀င်လုပ်ခွင့်ရကြတာလဲ ရှိပါတယ်။ ဒါပေမယ့် အစိုးရ ရုံးကြီးတွေမှာ ရုံးအုပ်တို့ စာရေး စာချီတို့ ၊ အရာရှိ ဖြစ်တာတို့တော့ မရှိသလောက်ပါဘဲ။ မတွေ့ရသေးပါဖူး။ မြန်မာတွေ သီးသန့် လုပ်နေတဲ့ ဒီဗွီဘီ အသံလွှင့်ရုံးက လွဲရင်ပေါ့လေ။

ရောက်တာကလဲ မကြာသေးကြ သေးဘဲကိုး။ တချို့တော့ သူနာပြုလုပ်ပြီး ၀င်ငွေကောင်းနေသူ တဦးစ၊ နှစ်ဦးစ ရှိတယ်လို့လဲ သိရပါ တယ်။ အလုပ်မရှိသေးတဲ့ လူအများစုက ဘာတွေ လုပ်နေကြသလဲ? တချို့က ကျောင်းတက်၊ တချို့က လုပ်ငန်းခွင် မိတ်ဆက် သင်တန်းတွေတက်ကြ၊ အဲဒီ အစီအစဉ် ကြားထဲက လွတ်နေသူတွေက ဆိုရှယ် လို့ခေါ်တဲ့ လူမှုရေး ထောက်ပံ့ကြေးငွေနဲ့ ရပ်တည်နေကြရချိန် ဆိုပါတော့။ လူမှုရေး ထောက်ပံ့ကြေး စားနေရသူတွေက အိမ်လခ၊ မီးလခ ပေးဆောင်စရာ မလိုပါဘူး။ အစိုးရ အုပ်ချုပ်ရေးရုံးက စိုက်ပြီး ဆောင်ပေးပါတယ်။ လင်မယားဆိုရင် တဦးကို နော်ဝေ ခရိုနာငွေ ၃၉၀၀ ပေးပါတယ်။ တသီးပုဂ္ဂလ သမားဆိုရင် ၄၃၀၀ ပေးပါတယ်။ ဘာလို့ အဲလိုခွဲခြား ရသလဲဆိုတော့ လင်မယား မိသားစု စုံတွဲတွေမှာ အိမ်က အသုံးစရိတ်ဖြစ်တဲ့ တီဗွီလိုင်ကြေးတို့ ၊ အိမ်လခတို့၊ တယ်လီဖုန်းခတို့ ၊ ကွန်ပြူတာ အင်တာနက် လိုင်းခတို့ ပူးတွဲ သုံးနိုင်ကြလို့ပါ။ အဲဒါတွေ မသုံးရင်တော့ အဲဒီ အခွန်အခတွေ ပေးဆောင်စရာ မလိုပါဘူး။

ဆိုရှယ်လို့ခေါ်တဲ့ လူမှုရေး ထောက်ပံ့ကြေး စားနေတဲ့ သူက တလ နော်ဝေ ခရိုနာငွေ ၁၅၀၀။ -၂၀၀၀ ရွာပြန်ပို့နိုင်ဖို့ မလွယ်ပါဘူး။ အတော် ခြိုးခြံချွေတာမှ ပိုနိုင်ပါ့မယ်။ မြန်မာပြည်ကို ပြန်ပြီး ထောက်ပံ့ ချင်ရင်တော့ လင်မယား စုံတွဲတွေက အပ်ချလောင်းလို့ခေါ်တဲ့ အကြံအဖန် လုပ်ကြရပါတော့တယ်။ အဲဒီ အကြံအဖန် နည်းက မြန်မာတွေထက် အရင်ရောက်နေကြတဲ့ အာဖရိကတိုက်က ဆူဒန်၊ ကွန်ဂို၊ ဆိုမာလီယာ စတဲ့ နိုင်ငံတွေက အဖန်တရာ တေနေအောင် လုပ်သွားတဲ့ နည်းလေးပါ။ အဲဒါကတော့ လင်မယား အတုကွဲပြပြီး ငွေပိုရအောင် လုပ်တဲ့နည်းပါ။

လင်မယားအတု ကွဲတာက ကလေး မရှိရင် ဘာမထူးပြီး အခွင့်အရေး မရပါဘူး။ သာမန် တဦးတည်း သမားရသလိုပဲ ရကြရတာပါဘဲ။ ကလေးရှိရင်တော့ ပိုပြီး ထူးပြီး ရပြီပေါ့၊ ဟုတ်တယ်လေ ဒီမှာက လင်မယား ကွဲကြပြီဆိုရင် နော်ဝေနိုင်ငံက ကလေးကို ဦးစာေးပးတဲ့ နိုင်ငံဆိုတော့ ကလေးကို မိခင်နဲ့ နေခွင့်ပေးတယ်။ ဖခင်ဖြစ်သူက ကလေးကို တွေ့ခွင့်ရှိပါတယ်။ ဒါမှမဟုတ်ရင် ကလေးက သိတတ်တဲ့ အရွယ်ဆိုရင် ဖခင်က ၃ -ရက်၊ မိခင်က ၄ – ရက် စောင့်ရှောက်ခွင့် ပေးပါတယ်။ ဒါမှ မဟုတ်ရင် မိခင်နဲ့ ကလေးဆီကို ဖခင်က တရားဝင်နေ့စဉ် လည်ပတ် ၀င်ထွက်ခွင့် ရပါတယ်။ ဒီတော့ ပုံသဏ္ဍာန်အရ လင်မယား ကွဲ ပေမယ့် နှစ်အိမ့် တအိမ် ကူးလူးလာနေခွင့်၊ အမျိုးသမီးက သဘောတူရင် ညအိပ်ခွင့်လည်း ရှိပါတယ်။ အမှန်မှာတော့ အရာကြီးနဲ့ ကုလားကြီး အခေါ်တာ ကွဲပြားကြတာပါ၊ အဲ … ထောက်ပံ့ကြေး ၀င်ငွေကြတော့ ကွာသွားပြီး၊ မိခင်ဖြစ်သူက တစ်ခုလပ်တို့ ၊မုဆိုးမတို့ ရတဲ့ အပိုထောက်ပံ့ကြေး ပြောင်းပြီး ရပါတယ်။

သာမန်ဆိုရင် ကလေး တယောက်က နော်ဝေငွေ ၉၇၀ ရပါတယ်။ မိဘတွေ ကွဲနေတဲ့ ကလေးက လူကြီးတယောက် ရတဲ့ ထောက်ပ့ံကြေးမျိုး ပြောင်းရပါတယ်။ ဒီတော့ ၀င်ငွေ တွက်ကြည့်ရင် ၊ လင်မယား၂ယောက် ကလေး၂ယောက် မကွဲတဲ့ မိသား စုပေါင်းနေရင် (၄၀၀၀+၄၀၀၀+၉၇၀) ဆိုတော့ ဂ၉၇၀ ရပါတယ်။ လင်မယား ကွဲလိုက်တော့ (၄၅၀၀+၄၅၀၀+၃၈၀၀) ဆိုတော့ ၁၂၈၀၀ ၀န်းကျင် ရပါမယ်။ ဒီတော့ ခရိုနာငွေ ၃၈၀၀ ၀န်းကျင် ပိုရတာပေါ့။ အခု မြန်မာငွေ ပေါက်ဈေးနဲ့ တွက်မယ်ဆိုရင် နော်ဝေ တစ်ခရိုနာကို မြန်မာငွေ ၁၇၀ကျပ် လောက်ဆိုတော့ မြန်မာကျပ် ၆ သိန်း ခန့် ပိုထွက် လာတာပေါ့။ ၁၈ နှစ်အောက် ကလေး ရှိမှ အဲလို ရနိုင်တာပါ။

ဖခင်ဖြစ်တဲ့ သူက ၀င်ငွေရှိတဲ့ အလုပ်ရှိရင်တော့ လင်မယား ကွဲကြပြီဆိုရင် ကလေးအတွက် လုပ်အားခထဲက ရာခိုင်နှုန်း အချိုးကျ ဖြတ်ိပြီး ကလေးစရိတ် ပေးရပါတယ်။ အဲဒီလိုမျိုး ဆိုရင်တော့ ကွဲကြ ပြဲကြတာ စာရင်း မကိုက် အလုပ်မဖြစ်ဖူးပေါ့ လေ။ အပ်ချလောင်း မလုပ်ကောင်းတဲ့ အချိန်ပေါ့၊ အာဖရိက တိုက်သားတွေက ပေါ်ပေါ်တင်တင်ပဲ အဲလိုလုပ်ပြီး ငွေဖန်နေကြတာ မမြင်ချင် မကြားချင် အဆုံးပါပေါ့ဗျာ။

အခု လက်ရှိ အခြေအနေမှာတော့ မြန်မာထဲက တဦးစ နှစ်ဦးစ ကွဲဟန်ပြပြီး ၀င်ငွေ အပိုဖန်ကြတာတော့ ကြားရပါတယ်။ ရေရှည်အတွက် မကောင်းဖူး ဆိုပြီး ပြန်ပေါင်းကြတယ်လို့လည်း ကြားသိရပါတယ်။ မြန်မာ အသိုင်းအဝိုင်းက အဲဒီလို လုပ်ရပ်ကို လက်မခံကြလို့ပါပဲ။

(နော်လီမိုင်)

LEAVE A REPLY

Please enter your comment!
Please enter your name here