ဒေါ်စု အား အကွက်ဆင် ထပ်ဖမ်းရန် ကြံစည် သလော ?

alt

ယခုအပါတ် ဗုဒ္ဓဟူးနေ့ နံနက် အစောပိုင်း ၅း၄၅ မိနစ်တွင် ရန်ကုန်မြို့ ၆ မိုင်ခွဲအနီး အပြည်ပြည်ဆိုင်ရာ စီးပွားရေး စင်တာ ( I.B.C ) အနီး အင်းလျားကန်တွင် ရေကူး နေသော အမေရိကန် နိုင်ငံသား တဦး အားတွေ့ရှိ၍ ဖမ်းဆီး လိုက်သည် ဟု ရန်ကုန်မှ လာသော စစ် အစိုးရ နှင့် နီးစပ်သော သတင်းများ အရ သိရှိ ရသည်။

မစ္စတာ ဂျွန် ဝီလီယံ ယက်ထော ( အသက်-၅၂ နှစ် ) အား အစောပိုင်းတွင် ရဲမှ ထိမ်းသိမ်းထားသော်လည်း၊ နောက်ပိုင်းတွင် စစ်ထောက်လှမ်းရေး မှ လွဲပြောင်း ယူပြီး စစ်ကြောလျှက် ရှိသည်ဟု သိရှိရသည်။

ယနေ့ နံနက် အစောပိုင်းတွင် IBC အနီး အင်းလျားကန်တွင် ရေကူးနေသော မစ္စတာ ဂျွန် ဝီလီယံ ယက်ထော အား ရဲမှစစ်ဆေးရာ ပူအိုက်လွန်းသဖြင့် ရေဆင်း ချိုးမိကြောင်းသာ ဖြေကြားသော်လည်း၊ သူနှင့် အတူပါလာသော ကျောပိုးအိတ် အမဲတလုံး အား စစ်ဆေးရာ တွင် ဒေါ်လာ တရာတန် ၂ ရွက် ၊ မြန်မာ ကျပ်ငွေ တထောင်တန် ၉၃ ရွက်၊ကင်မရာ တလုံး၊ ဓါတ်မီး တလက်၊  ခေါက်ပလာယာ တလက်တို့ တွေ့ရှိရပြီး မေလ (၂) ရက်နေ့က မြန်မာ နိုင်ငံ သို့ တိုးရစ်ဗီဇာ နှင့် ရန်ကုန်သို့ ဝင်ရောက် လာသူဖြစ်သည်။

ယနေ့ထုတ် စစ် အစိုးရ သတင်းစာများ အရ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် ဝင်းသို့ မေလ ၃ ရက် ညပိုင်းတွင် အင်လျားကန်တွင်း မှ တဆင့် ရေကူး၍ သွားရောက် နေထိုင်ခဲ့ကာ ၂ ရက်ကြာ နေထိုင်ခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

မစ္စတာ ဂျွန် ဝီလီယံ ယက်ထော သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်း မှ မေလ ၅ ရက် ညပိုင်း တွင် မှ ၅ လီတာဝင် ရေသန့်ဘူးကြီး အကူအညီ နှင့် ရေကူး၍ ပြန်ထွက်လာ ခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရ အာဘော် သတင်းစာ က ရေးသားထားသည်။

alt

အင်းလျားကန်စောင်းရှိ ထင်ရှားသော မြန်မာ့နိုင်ငံရေး အတိုက်ခံ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်နှင့် အလွန်ကွာဝေးလှသော  အေဒီလမ်း ကျွန်းဆွယ် နှင့် ကပ်လျှက်  နီးပါး ရှိသော  IBC  ၆ မိုင်ခွဲဖက်သို့ ကူးခတ်သွားသော မစ္စတာ ဂျွန်ဝီလီယံ ယက်ထော သည် အဘယ်ကြောင့် ၅ မိနစ်မျှသာ ကူးခတ်ရမည်ဖြစ်ပြီး လုံခြုုံရေးကင်း နည်ပါးသည့်  ကန်သာယာ ပန်ခြံ၊ ကုက္ကိုင်း ဖက်သို့ ကူးမသွားပဲ လွန်စွာ အန္တရာယ်များ သော က.ပ.စ၊ အေဒီလမ်း၊ စိမ်းလဲ့ကန်သာ စသော ပတ်ပတ်လည် ရေကင်း များစွာရှိရာ ဖက်သို့ နာရီ အတော်အတန် ကြာကူးခတ်ရသည့် ၆ မိုင်ခွဲဖက် သတ်ကွင်း သကဲ့သို့ နေရာအားဖြတ်၍ ကူးခတ်လာခြင်းမှာ ရန်ကုန်မြို့နေ လူထုများ၏ သို့လော သို့လော သံသယပွားစရာ အဖြစ်ဟု ယနေ့သုံးသပ် ဆိုနေကြသည်။

နအဖ သတင်းစာများ ၏ ဖော်ပြချက်တွင် လည်း အမေရိကန် နိုင်ငံသားအား တွေ့ရှိချိန်ကို မေ (၆) ရက် နံနက်ပိုင်း (၅) နာရီခွဲ နှင့် မေ (၅) ရက် ညပိုင်း ဟူ၍ ကွဲလွဲစွာ ဖော်ပြနေ ခြင်း ၊ ဒေါ်အောင်ဆန်းစုကြည် နာမည် အား ပြည့်ပြည့် စုံစုံ စာလုံးကြီးများ ဖြစ် ဖေါ်ပြ ပါရှိခဲ့ခြင်း ကလည်း ပိုပြီး သံသယပွားစရာ အချက် ဖြစ်လာခဲ့သည်။

လာမည့် မေ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အား ထိမ်းသိမ်း ထားခဲ့သည်မှာ ၆ နှစ်တင်းတင်း ပြည့်တော့မည် ဖြစ်၍ ပြန်လည် လွှတ်ပေးရမည်ကို အမှုရှာလိုသဖြင့် အစောပိုင်း ထွက်ပေါ်သော အရပ်သတင်းများ နှင့် များစွာ ကွာခြားလျှက် စစ်အစိုးရ မီဒီယာများက လှီးလွှဲ ဖေါ်ပြခဲ့ခြင်းသာ ဖြစ်သည်ဟု ရန်ကုန်မြို့မှ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်မှ အမည်မဖေါ်လိုသော လူငယ် တာဝန်ခံတဦးမှ လူထုအသံအား ဖြေကြားခဲ့သည်။

ယခုအချိန်ထိ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ တာဝန်ခံ Richard Mei က “ အာဏာပိုင်တွေက သံရုံးကိုတော့ အကြောင်း မကြားသေးပါဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှ မသိသေးပါဘူး” ဟု အေပီသတင်း ဋ္ဌာနသို့ ဖြေကြားသွားသည်။

alt
alt
alt
alt
alt

LEAVE A REPLY

Please enter your comment!
Please enter your name here