တကွာပါ ထောင်ထဲသို့ ရောက်ခဲ့ခြင်း ( အင်တာဗျူး )

ပြီးခဲ့သည့် မေလ၂၆ ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်င ခရိုင်ရှိ တကွာပါမြို့ က တကွာပါ ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို Grassroots Human Rights Education And Development (GHRE) က

၀န်ထမ်းတွေ သွားတွေ့ကြတဲ့ အခါ ကျနော် လိုက်သွားဖြစ်ခဲ့ပြီး၊ အဲဒီကနေ ပြန်လာတော့ GHRE မှ လက်ထောက် ဒါရိုက်တာဖြစ်သူ ဒေါ်ပိုပို အား အခုလို မေးမြန်းခဲ့ပါတယ်။

မေး – အခုလို GHRE အနေနဲ့ တကွာပါ ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို သွားပြီးတွေ့ဖို့ အစီအစဉ်လေး ဖြစ်သွားပုံလေးကို ပြောပြပေးပါဦး … ခင်ဗျာ။

ဖြေ – ကျမတို့ ဒီ GHRE အနေနဲ့ အဓိက လုပ်ဆောင်နေတာက ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေရဲ့ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှု နေရာမှာ ကျမတို့ အဆင့်ဆင့် စဉ်းစားပြီး လုပ်ခဲ့ပါတယ်။ လုပ်တဲ့အချိန်မှာ ကျမတို့က ပညာပေးတွေ၊ အရေးပေါ် ကူညီ ကယ်ဆယ်ရေးတွေ ပေါ့နော်။ အဲဒါတွေ က အစ ကျမတို့လုပ်ပါတယ်။  ပေါ့၊ အထူးသဖြင့် GHRE ကို တည်ထောင်တဲ့ ကျမတို့ရဲ့  ဒါရိုက်တာဦးထူးချစ် ကနေပြီးတော့ စတင် စဉ်းစားတယ်။

ငါတို့ ထောင်ထဲမှာ ထောင်ကျနေတဲ့ လူတွေကို သွားပြီး ကူညီကြရင် ကောင်းမယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ရပ်ဝေး ရေမြေခြားမှာ ဖြစ်တယ်။ နောက်တစ်ခု က ကျမတို့မှာ Legal Aid program ဆိုတာ ရှိတယ်လေ။ အဲဒါကတော့ ဥပဒေနဲ့အမျှ ကျမတို့ အလုပ်သမားတွေကို ကူညီ ကယ်ဆယ် ပေးရေးဆိုတဲ့ ကျမတို့ရဲ့ Policy နဲ့ပေါ့နော်၊ ကျမတို့ သွားတယ်။ အဓိက ကျမတို့ သွားရတဲ့ ရည်ရွယ်ချက် ကတော့ တကယ်လို့မတရား ထောင်ချခံ ရတဲ့လူ ဆိုရင် ကျမတို့အနေနဲ့ တရားဥပဒေ နည်းလမ်းအရ သူတို့ကိုဘယ်လို ကူညီနိုင်မလဲ။ ဒုတိယ တစ်ချက် အနေနဲ့က ကျမတို့ ဗမာတွေ ထိုင်းနိုင်ငံထဲမှာ လူထုအကျိုးပြု လုပ်ငန်း လုပ်နေတယ်။ ထိုင်းနိုင်ငံ က ထောင်တွေထဲမှာ ကျနေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ကို သူတို့ မိဘတွေက ဘယ်လို လုပ်ထောင်ဝင်စာ လာတွေ့နိုင်မလဲ ပေါ့နော်။

အဲဒီ နှစ်ချက် ကို စဉ်းစား ပြီးမှ ကျမတို့ က၊ တစ်အချက် သူတို့ကို လည်း ကူညီပြီးသား ဖြစ်အောင်၊ နှစ်အချက် က သူတို့ကို စိတ်ပိုင်း ဆိုင်ရာလည်း အားပေးရာ ရောက်အောင် အဲဒီလိုမျိုး နှစ်ချက် နဲ့ ကျမတို့က သူတို့ကို သွားပြီး ကူညီတယ်။ ကျမတို့ အရင်ကတုန်းက ၂၀၀၇ တစ်နှစ်လုံး၊ ထောင်တွေမှာ သွားပြီး ကူညီတယ်။ အရင်ကဆို ကျမတို့ဆီက ကျန်းမာရေးအဖွဲ့တွေ ကအစ ဆေးကု ပေးတယ်။ ဒါပေမယ့် ၂၀၀၈ ရောက်တော့ အကြောင်း အမျိုးမျိုးကြောင့် ကျမတို့ မသွားဖြစ်ဘူး။ ဒါပေမယ့် ဒီ ၂၀၀၉ မှာမှ ဒီအစီအစဉ် ကို ပြန်စတာ ပေါ့နော်။ အဓိက ကတော့ ကျမတို့ ဒီက အလုပ်သမား ဖွံ့ဖြိုးရေး လုပ်ငန်း က တာဝန်ခံ တွေရယ်၊ နောက်တစ်ခု က ပညာရေး က ဆရာဆရာမတွေ နဲ့ ၀န်ထမ်းတွေ၊ သူတို့ရဲ့ ရှိတဲ့ လစာလေးတွေ နဲ့ စုပေါင်းပြီး ကျမတို့ သွားပြီး ကူညီတာပါ။

မေး – ဒီလို အစီအစဉ် စီစဉ်ရတဲ့ အခါမှာ ကြံုတွေ့ရတဲ့ အခက်အခဲလေးတွေ ရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ – အဓိကကတော့ ကျမတို့ ငွေရေး၊ ကြေးရေးပေါ့။ သူတို့မှာ က မိသားစု ဆိုတာလည်း မရှိတဲ့ အခါမှာ၊ ဆပ်ပြာ က အစပေါ့နော်၊ သွားတိုက်ဆေးကအစ အစစအရာရာ သူတို့ လိုအပ်မှာပါ။ ဒါပေမယ့် ကျမတို့မှာက တတ်နိုင်သလောက်ပဲ လုပ်ကြရတာဆို တော့၊ သူတို့လိုအပ်ချက် တွေကို မဖြည့်ဆည်းပေးနိုင်ဘူး။ အဲဒီအတွက်လည်း ကျမတို့ စိတ်မကောင်းဘူး။ ကျမတို့ ၀န်ထမ်းတွေလည်း တစ်ယောက်ကို ၁၅၀/၂၀၀ အဲဒီလိုစုပြီးတော့ သွားပြီး ကူညီပေးတာပေါ့နော်။ တစ်ခြား အခက်အခဲတွေကတော့ ကြီးကြီးမားမား မရှိပါဘူး။ ထောင်အာဏာပိုင်တွေအနေနဲ့လည်း ကျမတို့ကို ဗမာတွေဆိုပြီးတော့ တတ်အားသရွေ့ ကူညီ ကြပါတယ်။ ကျမတို့ ထောင်သားတွေအတွက် စည်းကမ်းတွေရှိလာအောင်၊ စာတွေဖတ်နိုင်လာ အောင် စာအုပ်စာတမ်းတွေ လှူပေးနိုင်တယ်။ သူတို့အဲဒီလို ဖတ်နိုင်တဲ့အတွက် ပြင်ပနဲ့ အဆက်အသွယ်မပြတ်ဘူး။ အပြင်က သတင်းတွေ ကြားရတယ်။ ပြီးတော့ ဒီစာအုပ်စာပေတွေ ဖတ်ခြင်းဖြင့်လည်း သူတို့ဘဝ တွေ တိုးတက်လာမယ်။ ဒါကြောင့် ကျမတို့ လစဉ် တတ်နိုင်သလောက် သွားပြီး ကူညီဖို့ အစီအစဉ်တော့ ရှိပါတယ်။

မေး – အခုလို GHRE က ၀န်ထမ်းတွေ သွားတွေ့တဲ့အခါကျတော့ ထောင်သားတွေအနေနဲ့ မျက်နှာမှာ ဘယ်လို ခံစားရလဲ။ အစ်မတို့ အနေနဲ့ကရော အခုလို သွားတွေ့လိုက်ရတဲ့အခါမှာ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။

ဖြေ – ပထမဆုံး ကျမပြောချင်တာ ကျမတို့ရဲ့ ခံစားချက်ပေါ့နော်။ ဥပမာ-ကျမလည်း ထိုင်း နိုင်ငံထဲ ကိုရောက်နေတာ နှစ်တော်တော် ကြာနေပြီ ဆိုတော့ အခုလို ကိုယ့်လူမျိုးတွေ က အခြေခံ အလုပ်တွေ၊ ပန်းရံ အလုပ်တို့ ဘာတို့ ပေါ့။ ဒီလို အောက်ကျ နောက်ကျ လုပ်နေ ရတာကို တွေ့ရတဲ့ အခါမှာ ကျမ စိတ်မကောင်းဘူး။ ဒါပေမယ့် လည်း ဗမာပြည် ထက်စာရင် အခုဒီမှာ က ပိုပြီး စားနိုင်၊ နေနိုင် နေတာကို မြင်ရ တော့လည်း တစ်ခုတော့ ၀မ်းသာ ရတာပေါ့လေ။ ဒါပေမယ့် ထောင်ထဲမှာ သူတို့ကို သွားပြီး တွေ့လိုက် ရတဲ့အခါ မှာတော့ ၀မ်းလည်း နည်းမိတယ်၊ ၀မ်းလည်း သာမိတယ်။ တစ်ချက် ကတော့ ထောင်ကျ တာတောင်မှ သူများ နိုင်ငံမှာ လာပြီး ထောင်ကျ ရတယ် ဆိုပြီးတော့ ၀မ်းနည်း မိတယ်။ ဒါပေမယ့် ၀မ်းသာ ရတာက ဘယ်လိုဘဲ ဖြစ်ဖြစ် ထောင်ကျ သော်ငြားလည်း ကျမတို့ လူမျိုးတွေ ကို သွားတွေ့ လို့ရတယ်။ ကိုယ်ထိ လက်ရောက် ကူညီပေး လို့ရတယ်။ သူတို့ နဲ့ မျက်နှာချင်းဆိုင် စကားပြော လို့ ရတယ်ပေါ့နော်။ သူတို့ရဲ့ ခံစားချက်တွေ ကို နားထောင် ပေးလို့ရတယ်။ သူတို့ကို အားပေး လို့ရတယ်။ အဲဒါ တစ်ခု က ကျမတို့ ၀မ်းသာစရာ ပေါ့နော်။ အခက် အခဲ ကြားကနေ အဆင်ပြေ သွားတယ် ပေါ့နော်။

နောက်တစ်ခုက သူတို့ကို တွေ့တဲ့ အခါမှာ စစချင်းတော့ ကျမလည်း ၀မ်းနည်းမိတယ်။ သူတို့ကို မေးကြည့်တဲ့ အခါမှာ သူတို့ရဲ့ ပြစ်မှုတွေ ကလည်း ကြီးကြီးမားမား မဟုတ်ကြဘူး။ ဒါပေမယ့်လည်း သူများ နိုင်ငံရဲ့ ဥပဒေ ကို ချိုးဖောက် မိတဲ့အခါမှာ၊ ထိုက်သင့် သလောက်တော့ သူတို့လည်း ခံစား ရမှာပေါ့။ ဒါပေမယ့် သူတို့ ကိုတွေ့တဲ့ အခါမှာ သူတို့က ပထမပိုင်း အံ့ဩသလို မျိုး၊ နောက်ပိုင်း သူတို့ တစ်အား ၀မ်းသာ သွားတယ်။ ရပ်ဝေးမြေခြားမှာ သူတို့ကို ဒီလိုလာကြည့်ဖို့ဆိုတာ သူတို့ အိမ်မက်ထဲ တောင် မမက်ဖူးဘူး လို့ တစ်ချို့လူတွေက ကျမကို ပြောပြ ကြတယ်။ အဲဒီတော့ ကျမလည်း သူတို့ရဲ့မျက်နှာမှာ အံ့ဩဝမ်းသာ မှုတွေ၊ တစ်စုံတစ်ခု မျှော်လင့်ချက် ကလေးတွေ ပေါ့နော်။ အနည်းဆုံးတော့ တစ်လ တစ်ကြိမ် ငါဒီလူတွေ နဲ့ တွေ့ရမယ် ဆိုတဲ့ မျှော်လင့်ချက်လေးတွေ ကို သူတို့ မျက်နှာပေါ် မှာ တွေ့တယ်။ နောက်တစ်ခု က ပြီးခဲ့တဲ့လ က သွားတွေ့ ခဲ့တဲ့့ ဆရာ မင်းသိန်းကျော် ကိုလည်း အခု တစ်ခေါက်မှာ မေးကြတာ ပေါ့နော်။ မေးကြတဲ့ အခါမှာ ေဩာ်…သူတို့မှာ ငါတို့ကို မျှော်နေ ပါလား ဆိုတဲ့ စိတ်တွေ ပေါ့နော်။ ေဩာ်…သူတို့က ငါတို့ကို သတိတရ ရှိတယ် ဆိုတော့ ကိုယ်လုပ် ခဲ့တဲ့၊ ကိုယ့်ရဲ့အဖွဲ့အစည်း က လုပ်ခဲ့တဲ့ အရာတ စ်ခုက ဒီလူတွေရဲ့ ရင်ထဲမှာ ရှိနေတယ် ဆိုတာကိုက ကျမတို့ အတွက် ပီတိတွေ ကို ဖြစ်စေ ပါတယ်။

မေး – ဒါဆိုရင် ဒီထောင်ကျ နေတဲ့အထဲမှာ အမျိုးသား တွေပဲလား။ အမျိုးသမီးတွေ ရော မပါဘူးလား။

ဖြေ – အမျိုးသား က အများကြီး ပေါ့နော်။ အမျိုးသားက ရာနဲ့ချီပြီး ရှိတဲ့ အထဲမှာ အမျိုးသမီး က နှစ်ယောက်ပဲ ကျမတွေ့ ခဲ့တယ်။ တစ်ယောက် ကတော့ ခလေးလေး ပါပါတယ်။ မအေ ထောင်ကျ ကတည်းက ခလေး ပါပါ လာတယ်။ ဒါပေမယ့် ဘယ်လိုလုပ် ခလေးပါ ထောင်ထဲ အထိ ပါလာသလဲ ဆိုတာတော့ မပြောတတ် ဘူးပေါ့နော်။ အမျိုးသမီးတွေ ကတော့ ပြစ်မှု ကြီးကြီးမားမား မရှိဘူး ပေါ့နော်။ တစ်ယောက်က သုံးလ၊ နောက် တစ်ယောက် က နှစ်လ ဘဲပေါ့။ သူတို့ကို အဆင်ပြေလားလို့ မေးကြည့်တဲ့ အခါ မှာလည်း သူတို့က အိမ်လို ပါဘဲတဲ့။ ဘာဖြစ်လို့ လဲဆိုတော့ အပြင် မထွက်ရတာ တစ်ခုတည်း ပေါ့နော်။ စားရတာ၊ သောက်ရတာ၊ နေရ ထိုင်ရတာ အားလုံး အဆင်ပြေတယ်ပေါ့နော်။ သိပ်ပြီးတော့ စိတ်ဓာတ် ကျစရာ၊ စိတ်ညစ်စရာ တွေလည်း မရှိဘူးလို့လည်း ပြောပါတယ်။

ဟုတ်ကဲ့၊ အခုလို စိတ်ရှည် လက်ရှည် ဖြေကြား ပေးခဲ့တဲ့ GHRE မှ လက်ထောက် ဒါရိုက်တာ ဖြစ်သူ ဒေါ်ပိုပို အား လူထုအသံ အွန်လိုင်းဂျာနယ် ကိုယ်စား အထူး ကျေးဇူးတင် ရှိပါတယ်။

ကျော်သိင်္ခ

LEAVE A REPLY

Please enter your comment!
Please enter your name here