ဂျပန် ဖက်ရှင်လောကရဲ့ ဝိညာဉ်ကို ဆွဲနှုတ်ယူမဲ့ – ဇာနည်ရှီဘုယ

ဆယ်စုနှစ် တခုကျော်အကြာ ဇာတိမြေကို စွန့်ခွာအပြီး နေမျိုးနွယ်တို့ တိုင်းပြည်မှာ အသက် ၂၃နှစ်အရွယ် ဇာနည် ရှီဘုယ တယောက် ဖက်ရှင်လောကမှာ ကြယ်တပွင့် အဖြစ်ထွန်းပ လာခဲ့ချေပြီ၊

တိုကျို ဖက်ရှင်လောကမှာ တည်ကြည် ရှင်းပတဲ့ မျက်နှာနဲ့ ‘တစ်’ ပြေးနေတဲ့ သူဟာ ဂျပန်ဖက်ရှင်လောက ဘီးလ်ဘုတ်တွေမှာ သူ့ကို တွေ့လိုက်ရတိုင်း ရွေ့ပြောင်း နေထိုင်သူတွေ အပေါ် သဘောထား မကြီးနိုင်သေးတဲ့ အမျိုးသားရေး ဝါဒီနိုင်ငံတခုမှာ နာမည်ဆိုး နဲ့ ကျော်ကြားတဲ့ နိုင်ငံက မျိုးဆက်သစ်လူငယ်တွေ အစမ်းသပ် ခံနေ ကြပါတယ်။

ဆံပင်ကို အခုခေတ် လူငယ်တွေလို အတိုအရှည် မညီမညာ ဘိုသီဘတ်သီ ဖြစ်နေသလို တမင်လုပ်ထားတဲ့ ပုံသဏ္ဍာန် ကိုက်ညှပ် ချယ်မှုန်းထားတယ်၊ နားမှာလဲ နားဆွဲ တန်းလန်း ဆင်ယင်ထားပြီး မျက်နှာ ထားက မခိုးမခန့် အမူအယာ အလား? အယင်က မော်ဒယ်ကနေ အခု ဒီဇိုင်နာ ဖြစ်လာသူပါ၊ ဒီဇိုင်းမျိုးစုံကို စိတ်တိုင်းကျ စီရင်နေပြီး၊ အဓိကကတော့ အမျိုးသမီး အားကစား ဝတ်စုံတွေ၊ အမျိုးအမည်စုံတဲ့ တံဆိပ်တွေ၊ ပုံသဏ္ဍာန်တွေ၊ စတိုင်လ်တွေကို လုပ်ငန်းများစွာ လက်ခံထားပြီး၊ တယ်လီဗေးရှင်းချာနယ် တခုကနေ အပါတ်စဉ်လွှင့် စီးရီးလို ဖက်ရှင်ကဏ္ဍအတွက် အကြံဉာဏ်ပေး ထုတ်လွှင့်ရင်း ပေါ်ပြူလာ ဖြစ်လာရသူပါ။

ဒီလောကထဲမှာ သူ့ကို အသိအမှတ် ပြုစေတာကတော့ ဂျပန်က အကြီးဆုံး ဆိုင်းဘုတ်တွေထဲ မှတ်တမ်းဝင် တိုကျို၊ ဖက်ရှင်ရပ်ကွက်လို့ ခေါ်တဲ့ ရှင်ဂျူးကု၊ ဟဂျူကု နှင့် ကပ်လျှက်ရှိပြီး ရှီဘူယ အရပ်က သီချင်းဆိုပြိုင်ပွဲ တခုရဲ့ နောက်ဆုံးရလဒ်တွေ ဖေါ်ပြပေးနေတဲ့ ဧရာမဆိုင်းဘုတ် ဒီဇိုင်းကြီးကို သူဖန်တီးလိုက်တာ ထောင်သောင်းချီတဲ့ ဂျပန်လူငယ်တွေ အသည်းခိုက်ကြ ရပြန်သတဲ့။

သူ့ နာမည် …… ဇာနည်

မြန်မာလူမျိုးတွေဟာ များသောအားဖြင့် အမည်နာမကို တခုထဲ ယူလေ့ရှိကြပေမဲ့၊ သူ့နာမည်ရဲ့ ဒုတိယ အလုံးဟာ ဂျပန်သူ/သားတွေ ပြောစမှတ်ပြုတဲ့ ညကပွဲရုံတွေ၊ မီးမှိန်မှိန်အောက်က မပီပြင် ဝိုးတဝါး ဆိုင်းဘုတ်တွေ ညပိုင်းမှာ ပျားပန်းခတ်မျှ လူတွေ ရှုတ်ထွေးပြီး ခေါင်းကိုက် မူးယစ်ရီဝေစေတဲ့ အရပ်လေ…… ရှီဘုယ တဲ့။ စူးရဲပြီး လိုချင်တာကို အမိအရ ဖမ်းဆုပ်တတ်တဲ့ မျက်လုံးအစုံတွေကြောင့် သူနာမည်ကြီးလာတာ ဖြစ်မယ်လို့ ဖက်ရှင် ကိုယ်စားလှယ်တယောက်က မှတ်ချက်ပေး ပြန်တယ်။

သူ …. ဘယ်သူလဲ ?

ဟုတ်တယ်…. သူ…..?

သူဆိုတာ… ဇာနည် ရှီဘုယ

ပြောစရာမရှိအောင် စကားပြော သိမ်မွေ့ညင်သာတယ်၊ ဂုဏ်သရေရှိတဲ့ ဟန်ပန်နဲ့ ဂျပန်က နိုင်ငံခြားသားတယောက်၊ သူဋ္ဌာနေကတော့ အထီးကျန်ကမာ္ဘ စစ်အာဏာရှင် ဖိနပ်အောက်ကနိုင်ငံ မြန်မာပြည်ပါပဲ၊ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်က ဒီမိုကရေစီ အရေး သူတို့တိုင်းပြည်မှာ ရဲဝ့ံစွာတောင်းဆိုခဲ့တဲ့ မိဘ၂ပါးက ပေါက်ဖွား ဆင်းသက်လာသူပါ။

ဇာနည်ရှီဘုယ … သူ… ဆက်ပြောတာကတော့ “သူဟာ ဂျပန်ယဉ်ကျေးမှုမှာ စူးရှစွာ ပျော်ဝင်ပါတယ်” “ ဒီစစ်အာဏာရှင်တွေ အုပ်စိုးနေသမျှတော့ ကျနော်တို့ တိုင်းပြည်ကို ဘယ်တော့ မှ ပြန်နိုင်မှာ မဟုတ်လို့ ဒီက မြန်မာ အသိုင်းအဝိုင်းနဲ့တောင် ခပ်ကင်းကင်း နေမိပါတယ်လို့ ” ဇာနည်က သူ့ရဲ့ပုဂ္ဂလိက ဆန်တဲ့ အားနည်းချက်တွေကို ဂျပန်လို ပီသစွာ ရှင်းပြ ပြောပြနေပါတယ်။

ဖြစ်စဉ်မဟုတ်သော လမ်းကြောင်းမှ သွေဖယ်၍ ဂျပန်တွင် အောင်မြင်လာရခြင်းကို ပွင့်လင်းအမြင်ရှိတဲ့ လူအများက ကျောသားရင်သား မခွဲခြားကြပဲ အားလုံးတပြေးညီ ဇာနည်ရှီဘုယ အတွက် ဂုဏ်ယူဝင့်ကြွား ကြပြန်တယ်။ ကမာ္ဘ့လူဦးရေ တမုဟုတ်ချင်း တိုးပွားမှုနှင့်ထပ်တူ ဂျပန်နိုင်ငံလို လူဝင်မှုကြီးကြပ်ရေး ဥပဒေသများ တင်းကြပ်သော နိုင်ငံမှာ သူလို ရွေ့ပြောင်း ကူးလူးနေထိုင်သူ ဒုက္ခသည်ဦးရေမှာ လက်ချိုးရေတွက်၍ပင် ရနေသေး၏။

သူ့အကြောင်း စပြောဖြစ်တော့ ဇာနည် ဂျပန်ကို သူ့အမေနဲ့ ၈နှစ်သားအရွယ်နဲ့ ရောက်လာခဲ့ပြီး ဟိုက်စကူးအောင်ချိန်မှာ အချိန်ပိုင်း အလုပ်ရှာဖြစ်တယ် ဒီတင် နာမည်ကြောင့် အလုပ်တော်တော်များများ အငြင်းခံရပါတယ်၊ နောက်ဆုံးမှာတော့ ဂျပန်သူငယ်ချင်း ဖြစ်သူရဲ့ နာမည်ယူသုံးပြီး၊ အလုပ် အင်တာဗျူးဝင်တော့လဲ မင်းအသားက မဲလွန်းတယ်လို့ အထွန့်တက် နေသေးတယ်လို့ ဆိုပြန်တယ်၊ ဒီအချိန် ကျနော်ကတော့ ရီ(ရယ်) ပြီး နိုး…နိုး…နိုး …ငါ တကယ် ဂျပန်ပါလို့ ငယ်စိတ်နဲ့ ပစ္စက္ခကို ဟန်နဲ့ ဖုံးကွယ်ထားပြီး ငြင်းချက် ထုတ်မိနေတယ်လို့ ဇာနည်က တခုတ်တရ ပြောပြနေကာ အဲဒီအချိန်တုန်းက ဒီနာမည်တခုအတွက် စိတ်အနှောက်အယှက် ဖြစ်နေရပြီး အခုချိန်မှာ နိုင်ငံခြားသား တယောက်၊ ဒုက္ခသည်တယောက်က ဒီနာမည်နဲ့ပဲ အခုလို စူပါစတား ကျော်ကြားလာမယ်လို့ မတွေးထင် ထားခဲ့မိဖူးလေလို့ ဂျပန်နိုင်ငံ အေအက်(ဖ်)ပီ သတင်းထောက် တိုရှီဖူမီ ကီတာမူရာ ကို ပြောပြနေပါတော့တယ်။

ပြီးတော့ သူနောက်ဆုံးဖန်တီးခဲ့တဲ့ ဟိုက်ဟီးလ် ဒေါက်မြင့် ဖိနပ်တွေ၊ ကက်ဝေါ့ခ် လျှောက်လို့ ကောင်းတဲ့ ကြိုးသိုင်း အားကစားဖိနပ်တွေ၊ ထုတ်ပြနေပြီး မျာေးသာအားဖြင့် နိုင်ငံခြားသားတွေမှာ မချင့်မရဲ ခြိမ်းခြောက်မှု ဖြစ်တတ်တာတခုက ဘာသာစကား လေယူလေသိမ်းပါပဲ အဲဒီ အရိပ်အယောင်တွေ ဇာနည့်ဆီမှာ လုံးဝမတွေ့ရပဲ ဂျပန်စကားကို ဌာန်ကရိုဏ်းကျအောင် ပြောနိုင်မှတော့ ဂျပန်လူမှုအသိုင်းအဝိုင်းထဲ ဝင်ဆန့်နိုင်ပြီး ကိုယ်ပိုင်အမှတ်အသား တခုနဲ့ ဒီဖက်ရှင် လောကထဲ ကျင်လည်နိုင်တာလို့ သုံးသပ်ကြပါတယ်။

အလုပ်နဲ့ ပတ်သက်ပြီး ဇာနည်က “ ကျနော့မှာ အလုပ်ထဲ စိတ်နှစ်ထားတဲ့ အကျင့်ရှိတယ်” “ ဂျပန်ဟာ အနောက်တိုင်းသားတွေ လို နည်းပညာ ကန့်သတ် ချုပ်ချယ်တာတွေ မရှိဖူး၊ ပွင့်လင်းတဲ့ အမူအယာတွေရှိပြီး အရာရာတိုင်း ကိုယ့်အပေါ်မှာပဲ မူတည်ပြီး၊ ဈေးကွက်ကို ဘယ်နေရာ ဦးတည်မယ်လို့ပဲ အဓိကပစ်မှတ် ထားကြတယ်လို့ တချက်တချက် ဂျပန်အပေါ် လူငယ်တယောက်ရဲ့ အမြင်တွေ တရှိုက်မက်မက် ပြောပြနေတယ်၊ ပေါ်ပြူလာ ရော့ခ်မြူးဇစ်တွေကို နားထောင်လေ့ရှိပြီး စတိုင်လ်ကျတဲ့ အဝတ်အစားတွေ အသက်အရွယ်နဲ့ လိုက်ဖက်ပြီး လူတိုင်းနှစ်သက်နိုင်မယ် ထင်တာတွေကို ဆင်ယင်လေ့ရှိပါတယ်၊ သွေးဆူလွယ်တယ် နွမ်းဖတ်နေတဲ့ အရောင်အသွေး အဆင်အယင်မျိုးကိုတော့ ရှောင်တယ်လို့ ပြောပြပါတယ်။

ပညာရေးအနေနဲ့ အထက်တန်းကျောင်းတုန်းက ကျောင်းသားခေါင်းဆောင် အဖြစ်ဆောင်ရွက်ဖူးခဲ့ပြီး၊ အခု တိုကျိုက တက္ကသိုလ်တခုမှာ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်သင်ကြားနေပါတယ်။ အဲလို အဆက်အစပ်မရှိ သူပြောချင်တာတွေပြော ဖြေချင်တာဖြေ မြင်သမျှ ပွင့်အန်နေတာကိုက ပီဘိ လူငယ်စရိုက် မဟုတ်ပါလား? ၊ ဆက်ပြီးသူက အတိတ်နဲ့ ပတ်သက်ပြီး အမိမြေကိုတော့ မပီပြင်ဝိုးတဝါးပဲ မှတ်မိနေတာတခုက အဖိုးဖြစ်သူ ဗမာဒဏ္ဍာရီ စာအုပ်တွေ ထိုင်ထိုင် ဖတ်နေတာတော့ ဝေဝါးစွာ မှတ်မိနေတယ်လို့ ဖြေတယ်။ ကမာ္ဘ့ဒီမိုကရေစီ တိုင်းပြည်ကြီးတခုမှာ နိုင်ငံခြားသားတွေကို မနှစ်မြို့မှုတွေ ရှိနေလည်း ယဉ်ကျေးမှုကို လက်ကိုင်စွဲရင်း ခါးသီးတဲ့ အတွေ့အကြံုတွေကို မြိုမြိုချနေရတယ် မှတ်သားလောက်ဖွယ် ပြောပြပါတယ်။

အမေဖြစ်သူ ဒေါ်အက်စတာဆိုင်း ( အသက်- ၄၂နှစ် ) ဟာ တက်ကြွတဲ့ ကချင်လူမျိုးဖြစ်ပြီး၊ နှောင်းခဲ့တဲ့ အတိတ်က တောင်ပေါ်ဒေသမှာ ရုန်းကန်ခဲ့ရတာတွေ ပြောပြရင်း ဂျပန်မှာမွေးတဲ့ သမီး၄ယောက်ကိုတော့ ရိုးရာဓလေ့ ဘာသာစကားတွေ မမေ့စေချင်ဖူးလို့ ဆိုတယ်။ သူတို့လေးတွေ အဆိုးဆုံး ပြည်ပမှာ ကျောင်းတက်ယင်း ရင်ဆိုင် ရတာကတော့ နာမည်ပဲ၊ သူတို့ အမည်တွေကို ဂျပန်တွေက ရှုးမလောက် ခေါ်ရခက်လို့တဲ့လေ၊ နောက်တခုက ကချင်စကားသင်ဖို့ ငြင်းတော့ ကျမအတင်းအကြပ်ပဲ သူတို့နဲ့ အတိုက်ခံဖြစ်ရသေးတယ်၊ အခုတော့ သူ့အကို အောင်မြင်တာကြည့်ပြီး ကချင်ဖြစ်ရတာကို ဂုဏ်ယူတတ်နေပါပြီဟု အမေတယောက်ရဲ့ ဝမ်းမြောက်ဂုဏ်ယူသော အပြံုးနဲ့ ဖြေကြားပါတယ်။

သူမ ခင်ပွန်းကတော့ ဂျပန်တက္ကသိုလ်တခုမှာ မာစတာဘွဲ့တခု ရခဲ့ပြီး ကိုရီယား စတိုင်လ် စားသောက်ဆိုင် လုပ်ငန်းနှင့်သာ စီးပွားရေးအရ ဦးဆောင်နေပြီး ထိုနေ့က အချိန်သိပ်မရသဖြင့် တွေ့ဆုံနိုင်မှု မရှိခဲ့ချေ။

ထပ်ပြီး သူမ ထင်မြင်ချက်ကိုတော့ ဒီလိုပြုပါသေးတယ် “ ဂျပန်မှာ ကျမတို့ လူတန်းစေ့ နေထိုင်နိုင်တဲ့ အတွက်ကို ကျေးဇူးတင်တယ်၊ ဂျပန်အစိုးရကို ပြောချင်တာ တခုက နိုင်ငံခြားသားတွေကို ဒီထက်ပိုပြီး အခွင့်အလန်းတွေ ပေးသင့်တယ်၊ သူတို့က ဂျပန်အတွက် ပိုအလုပ်လုပ်နိုင်ကြလို့ ပါပဲ။ ဂျပန်တွေ အလုပ်လုပ်တာ နည်းနည်းလေးနှေးတယ် နိုင်ငံခြားသားတွေကို ဖွင့်ထားပေးတော့ အတူယှဉ်တွဲ အလုပ်လုပ်ရာမှာ သူသူကိုယ်ကိုယ် အားနည်းချက်တွေ ပြင်ဆင်ရမှာတွေကို သိသွားကြတော့ သူတို့အတွက် ပိုကောင်းမလားပေါ့၊ သူမရဲ့ ဂျပန်တွေ အပေါ်ထင်မြင်ချက်ကို ရဲဝံ့စွာ ပြောနေချိန်မှာ တယ်လီဗေးရှင်းကနေ အာဏာရပါတီက တရားရေးချုပ် ဟိုင်ဒင်နာအို နာကာဂါဝါက ရွေ့ပြောင်းနေထိုင်သူတွေသာ ဂျပန်နဲ့ ဂျပန်ယဉ်ကျေးမှုကို ချစ်ခင်ရင်းနှီးစွာ ပွေ့ဖက်ထားမယ်ဆိုရင် သူတို့တွေဟာ ဂျပန်ရဲ့ နောင် အနာဂါတ်သစ်တွေ ဖြစ်လာမှာပဲလို့ ချိန်သားကိုက် ပြောဆိုတာကို ကြားလိုက်ရပါတယ်။

နောက် …ဇာနည်ရဲ့ စိတ်ဓါတ်တခုက အသေးစိတ် စူးစမ်းနိုင်စွမ်းပဲ၊ ဂျပန်ရိုးရာဓလေ့ ထုံးတမ်းတွေကို နိုင်ငံခြားသား တယောက်အနေနှင့် ခုံမင်နှစ်သက် အကျွမ်းတဝင် ရှိတယ် အဲလို ဇီဇာကြောင်မှု တခုတ်တရ ဖြစ်မှုတွေ့ကြောင့်ပဲ သူ့အတွက် မရှိမဖြစ် အောင်မြင်မှုတွေ ရှိရာဆီကို တွန်းပို့ခံရ အရောက်လှမ်းနိုင်တာလို့ သတ်မှတ်ကြတယ်၊ အယူအဆပိုင်း ဆိုင်ရာအနေနဲ့ သူက ဒုက္ခသည်မှာ သီးသန့် ပုံပန်းသဏ္ဍာန်ရယ်လို့ မရှိပါဖူးတဲ့၊ ကျနော်ကြားပါတယ် ဒီလူတွေမှာ ရုတ်ရင်းကြမ်တမ်းတဲ့ အပြုအမူတွေ ရှိကြတယ်လို့ ဆိုကြတယ်၊ အမှန်တော့ ဘယ်သူပဲ ဖြစ်ဖြစ် ရိုးသားဖြောင့်မတ်ဖို့ပဲ လိုတာပါ၊ ဒါဆိုရင် သူတို့ပြောနေတဲ့ စကားများ အချိန်တန်ရင် အာစေးမထည့်ရပဲ ပိတ်သွားကြပြီး၊ ဒီလူတွေဟာ တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ် ဆိုတာကို ဂျပန်တွေ တနေ့ ကောင်းကောင်းကြီး နားလည်လာမှာပါ။

ဂလိုဘယ်လ် လိုက်ဇေရှင်းရဲ့ လှစ်ဟ ဖေါ်ထုတ်ချက်တွေအရ လူငယ်တွေဟာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေဆီမှာ နည်းပညာ ဖွင့်ဖြိုးတိုးတက်မှု အသီးအပွင့် စားသုံးနေတဲ့ ကျွန်းနိုင်ငံဆီမှာ ဉာဏ်ရည်များနဲ့ ဖြတ်ကျော်လွှားပြီး သူတို့အတွက် ပုခုံးပြောင်းဖို့ အလှည့်အပြောင်း အချိန်ရောက်လို့ လာပါပြီ။

သူထင်ပါတယ် ဂျပန်ဟာ အမြဲတစေ ၁၀နှစ်တကြိမ် ယဉ်ကျေးမှုအလှည့် အပြောင်းတွေနဲ့ ဖက်ရှင် ဝတ်စားဆင်ယင်မှုတွေ ပြောင်းလဲလေ့ရှိပြီး ကျနော်တို့လို အသက်အရွယ်တွေဟာ ကမာ္ဘပေါ်မှာပိုမို ပွင့်လင်းစူးရှစွာ ခေတ်အမြင်တွေ ရှိကြပါတယ်၊ အသက်၃၀ ဆိုယင်တော့ Cosmopolitan လို့ခေါ်တဲ့ ကမ္ဘာအနှံ့အပြားမှ လူမျိုးပေါင်းစုံရဲ့ အငွေ့အသက်တွေ လွှမ်းမိုးမှုပိုရှိနေပါပြီ ဒီလိုသူ့ ခေတ်အမြင်တွေ ဟန်ဆောင်မှုကင်းစွာ ပြောပြ နေပါတော့တယ်။

ဒီလို အငွေ့အသက်လှိုင်းတွေ ကြောင့်ပဲ ကျနော်ဒီဇိုင်နာ ဖြစ်လာရတာပါ၊ သူ့ရဲ့ဖန်တီးမှု ဩဇာလှုံ့ဆော်မှုဟာ တကယ်တော့ မြန်မာပြည်ပါဟု ရိုးသားစွာ လူငယ်ယောက်ရဲ့ အဇ္ဈတ္တတခုကို ချပြလိုက်တာဟာ ဂျပန်ရောက် ကချင်အမျိုးသား ဒီဇိုင်နာလေး ဇာနည်ရှီဘုယ က အေအက်(ဖ်)ပီ ဂျပန်သတင်းဋ္ဌာနကြီးနဲ့ တွေ့ဆုံခန်းမှာပါ။

ဝန်ခံချက်

ဤတွေ့ဆုံခန်း ဆောင်းပါးအား အေအက်(ဖ်)ပီ သတင်းဌာန (ဂျပန်) နှင့် တွေ့ဆုံခြင်း၊ တိုင်ပေ တိုင်းသတင်းစာ၊ ဒေးလီးလိုက်(ဖ်) အင်တာနက် စာမျက်နှာများတွင် ဖေါ်ပြခဲ့သော ဇာနည်ရှီဘုယ၏ တွေ့ဆုံ မေးမြန်းခန်းအား ဆီလျှော်အောင် ဘာသာပြန်ခြင်း ဖြစ်သလို နိုင်ငံတကာရောက် မြန်မာလူငယ်များ မိမိရောက်ရာ နေရာမှာ အကောင်းဆုံး အောင်မြင်ကြစေဖို့၊ အားကျစေချင်လို့ ရေးတဲ့စာပါ။
ဒူကဘာ

LEAVE A REPLY

Please enter your comment!
Please enter your name here