နီပွန်းက အာရ်လူး စားသူများ

လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာပြည်က အပ်တစင်းတို့ ထိဖို့ လွယ်ချင်လွယ်မယ် လူ့ဘဝ ရဖို့ဆိုတာ မလွယ်ပါဘူးဆိုတဲ့ မြန်မာတွေရဲ့ ဆိုရိုးစကား ရှိသလိုပါဘဲ၊ ဂျပန်ရောက်ဖို့ ဆိုတာကလည်း ပိုက်ဆံရှိတိုင်းလဲ ရောက်ဖို့ မလွယ်ပါဖူး၊ အဆက်အသွယ်ကောင်း၊ ငွေကလဲ ချိန်သားကိုက် ပေးချေနိုင်၊ ကံလေးကလည်း ကိုယ့်ဖက်သီ နေဦးမှ ရောက်နိုင်တယ်လို့ဘဲ ဆိုရမလားပါဘဲ။

အဲဒီလို ကံကောင်းသူတွေမှ ဂျပန်ရောက်နိုင်ကြသလို စီးပွားရှာလို့လည်း အလွန်ကောင်းတဲ့ ကျွန်းနိုင်ငံလေးဆီကို အခက်အခဲ အတားအဆီးတွေ ရှိနေပါစေ ကံမကောင်းလဲ ငွေပုံပြီး အတင်း ကျော်လို့ခွလို့ ၀င်ရောက်ကြသူတွေ ရှိသလို နိုင်ငံခြား သဘောင်္လိုက်ရာကနေ ဂျပန်ဆိပ်ကမ်းရောက်လို့ ခုန်ချလာတဲ့ မိုးကျ ရွှေကိုယ်တော်တွေနဲ့ ကိုရီးယားလိုနိုင်ငံ မျိုးကနေ သဘောင်္နဲ့ ခိုးဝင်လာသူတွေလည်း အများသားပေါ့။

အပေါ်လိုင်းကနေ အလည်အပတ်ဗီဇာနဲ့ ၀င်လာသူတွေလည်း သတ်မှတ်ရက်ကျော်တော့ အိုဗာစတေးတွေ ဖြစ်သွားကြသလို သဘောင်္ကခုန်ချသူတွေ၊ ခိုးဝင်လာသူတဲ့ ၂၀၀၄ ခုနှစ်မတိုင်မှီ လောက်အထိ ဘိုးဘိုးအောင် တန်ခိုးနဲ့ ၀လုံးတွေ ခေတ်စားတဲ့ခေတ်လို့ တောင် ပြောရမလိုလို…. ပါပဲလားဗျာ! ၊ (မှတ်ချက်.. ယခုရေးတဲ့ အကြောင်းမှာ တရားဝင် ကျောင်းတက် နေသူတွေ၊ ပညာရှင်အနေနဲ့ လာပြီးတရားဝင် ဂျပန်မှာ အလုပ်လုပ် နေသူတွေမပါဝင် ပါဘူး။ )

ဝလုံးများရဲ့ ရာဇဝင်

၀လုံးတွေ ဒီလောက်ပေါနေတဲ့ တိုင်းပြည်မှာ ရဲတွေ လ.၀.က တွေက စည်းကမ်း တင်းကြပ်မူတွေနဲ့ မဖမ်းဖူးလားလို့ မေးစရာရှိပါတယ်၊ အယင် အချိန်အခါတုန်းက တော်တော်လေး အနေချောင်ကြပါတယ်၊ စီမံချက်လို အခါမျိုးနဲ့ ပြစ်မှုတစုံတရာ ကျူးလွန်မိမှာသာ ဖမ်းဆီးပြီး ပြန်ပို့တာလောက်ပဲ ရှိနေတော့ နီပွန်းရောက် ရွှေမြန်မာတွေကလည်း ကိုယ့်တိုင်းပြည်လို့တောင် သဘောတော်ထားပြီး နေကြ ထိုင်ကြတာပေါ့ ၊ ညနေဘက်ဆို မြန်မာ ကုန်စုံရောင်းတဲ့ ဆိုင်လေးတွေရှေ့မှာ တန်းစီ ထိုင်သူထိုင် မိုးတိုး မတ်တတ် ရပ်သူရပ်၊ ကွမ်းတံထွေး တပျစ်ပျစ်နဲ့ အာဘောင် အာရင်းသန်သန်နဲ့

“ရွာမှာတုန်းက ဇလီဖါးတုံး သွားကြားထိုးပြီး ရန်ကုန်၊ မန္တလေး သံလမ်းကို သူ ကွေးလိုက်တဲ့”

အကြောင်း၊ ဟုတ်တာတွေရော မဟုတ်တာတွေရော ရှေးဟောင်းနှောင်းဖြစ် စကားတွေပြောကြနဲ့ နှစ်ကူးနဲ့ ဂျပန်အစိုးရ ရုံးပိတ် ရက်ရှည်တွေနေ့မျိုးမှာ ဘတ်(စ်)ကား ကြီးငယ်တွေနဲ့ ၀ရွှေတွေ နယ်တွေကို ခရီးတွေထွက်ကြ တကယ့်ကို ပျော်စရာကြီးပါဘဲ။

အဲဒီလို ၀လုံးတွေ တခေတ်ထ လာတာဟာ မြန်မာရာဇဝင်မှာ ကုန်းဘောင်ခေတ်ဘုရင် ဘိုးတော်ဦးဝိုင်းရဲ့ နန်းရင်ပြင်မှာ ဘိုးဘို်းအောင်က ၀လုံးတွေ တလုံးပြီး တလုံးရေးပြလို့ နန်းရင်ပြင် တခုလုံး ၀လုံးတွေ ဖျက်မကုန်အောင် ပြည့်နှက်သွားသလိုမျိုး နေမျိုးနွယ် နီပွန်းနိုင်ငံရဲ့  အခိဟိတို ဘုရင့်နန်းရင်ပြင်မှာ ဘိုးဘိုးအောင်  ဗမာတွေအတွက် ဝလုံးတွေ လာရေးသွားသလို ဂျပန်မှာလည်း မြန်မာ ၀လုံးတွေ(အိုဗာစတေး) များသထက် များလာခဲ့ကြ ပါရောလား၊ အဆိုးဆုံးက တရုတ် လူမှောင်ခိုသွင်းတဲ့ မာဖီးယားဂိုဏ်းတွေရဲ့ သဘောင်္နဲ့ လူတွေအစုလိုက် အပြုံလိုက် သွင်းလာမူတွေဟာ ကြောက်ခမန်း ဖြစ်လုနီးနီး ဖြစ်လာရသလို ဂျပန်ရဲ့ နေ့စဉ်ထုတ် သတင်းစာတွေမှာ ဒုစရိုက်မူတွေ လူသတ်မူတွေဟာလည်း နိုင်ငံခြားသား (တရုတ်လူမျိုးတွေက အများဆုံး) တွေက အများဆုံး ကျူးလွန်လာမူတွေကို စိတ်မချမ်းမြေ့စွာ မြင်တွေ့နေရပြီး ၂၀၀၄ခုနှစ် လောက်ကစပြီး အဖမ်းအဆီးတွေ ခပ်စိပ်စိပ်လေး ဖြစ်လာခဲ့တယ် ၂၀၀၇ခုနှစ် လောက်ကစပြီး နိုင်ငံခြားသားတွေကို တင်းကျပ်တဲ့ စီမံကိန်းတွေနဲ့ တရားမဝင် ရက်ကျော် နေထိုင်နေသူတွေကို အစုလိုက် အပြုံလိုက် ဖမ်းဆီး ပြန်ပို့မူတွေကို ဒင်းကြမ်း လုပ်လာခဲ့ကြပါတယ်။

အဖမ်းအဆီးတွေက များလာတော့ မြန်မာအပါအဝင် နိုင်ငံခြားသား အိုဗာစတေးတွေက ဖရိုဖရဲ နေထိုင်တဲ့ စတိုင်လ်တွေ အစား ဂျပန်က လခစား ရုံးဝန်ထမ်းတွေလို ကုတ်အင်္ကျီ စတိုင်လ် ကျကျတွေဝတ် အတက်ချီကေ့စ်တွေနဲ့ အလုပ်သွားတဲ့အခါ ၀တ်စားဆင်ယင်ပြီး အယောင်ဆောင် နေထိုင်လာကြပြီး အလုပ်ရောက်တော့ ဆိုင်အဝတ်အစားတွေ ပြောင်းဝတ် တနေကုန် အိုက်တိုးပဂေးစံ (အိုးတိုက် ပုဂံဆေး) ပြီး ပြန်တော့ စတိုင်လ် ကျကျလေးနဲ့ ဆိုင်ကထွက် လုပ်စား လာတတ်ကြတဲ့အခါ ဖမ်းမယ့် တာဝန်ရှိသူတွေတောင် မျက်စိလည်ကြရပါ ရောလားတဲ့။

မြန်မာအခက် ဂျပန်ဝလုံးတွေ အချက်

မြန်မာပြည်မှာ ၁၉၈၈ လူထူအုံကြွမူ အရေးတော်ပုံကြီး ပေါ်ပေါက်လာပြီး နောက်ပိုင်း ပြည်ပနိုင်ငံ တော်တော်များများမှာလည်း မြန်မာ့နိုင်ငံရေး လှုပ်ရှားမူတွေကို လုပ်ဆောင်လာတဲ့ အထဲ ဂျပန်ရောက် မြန်မာလူမျိုးတွေလည်း အပါအဝင်ပါဘဲ အဲဒီလှုပ်ရှားမူတွေကို လုှပ်ရှား လုပ်ဆောင်စဉ်က လူအင်အား အနည်းငယ်သာရှိပြီး အဲဒီ လှုပ်ရှားမူတွေကြောင့် တိုင်းပြည်ပြန်ရင် အသက်အိုးအိမ် အနာ္တရယ်ရှိလာနိုင်တာမို့ နိုင်ငံရေး ခိုလှုံခွင့်တွေ စလျှောက်ကြတဲ့အခါ ခိုလှုံခွင့် ရကြသူတွေ ရှိသလို ရပြီးမှ ဖောက်လွဲဖောက်ပြန်မှုတွေ လုပ်ပြီး ပြည်တော်ပြန် ကောင်းစားသွားတဲ့ တနပ်စားတွေလည်း ရှိကြပါသေးတယ်။

ဂျပန်မှာ မြန်မာတွေ(R) ဗီဇာ စရခဲ့တာ ၁၉၉၆ခုနှစ်လောက်က စပြီး ရခဲ့တယ်လို့ ထင်ပါတယ်၊ အဲဒီတုန်းက အဖွဲ့အစည်းတွေက ဥက္ကဌဆိုသူတွေကို မချပေးသေးဘဲ အဖွဲ့သားတွေက စရလို့ အံ့ဩစရာ အဖြစ်တခုလို့ဘဲ ပြောရမလိုပါဘဲ၊

အဲဒီလို ရသူတွေ ရကြဆိုတဲ့ သတင်းက မြန်မာတွေအကြား ပန်းသတင်း လေညင်းဆောင်သလို ပျံ့နှံ့လို့ သွားသလို နီပွန်းရောက် ရွှေမြန်မာတွေလည်း အခြေအနေ အခွင့်ကောင်းလေးတွေကို ဆည်ဝက ဗျိုင်းလို စောင့်နေကြတော့တာပဲပေါ့….။

၂၀၀၃ခုနှစ် မေလ၃၁ရက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေကို န.အ.ဖ စစ်ဗိုလ်ယုတ်တွေရဲ့ လက်ကိုင်တုတ် ကြံ့ဖွတ်တွေက လုပ်ကြံ သတ်ဖြတ်ရာမှာ ခေါင်းဆောင်တွေရဲ့ အသက်ကို ကာကွယ်ရင်း ပေးဆပ်ခဲ့ရတဲ့ အာဇာနည်တွေရဲ့ အသက်သွေး မြေခခဲ့ရတဲ့ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမူကို အကြောင်းပြုလို့ နီပွန်းရောက် မြန်မာအိုဗာစတေးတွေ တော်တော်များများလည်း မြန်မာအခက် ဂျပန်ရောက် အိုဗာစတေးတွေ အချက်ဆိုတဲ့ အတိုင်း ဂျပန်က နိုင်ငံရေး အဖွဲ့အစည်းတွေထဲ ခြေစုံပစ်ဝင်လို့ ဂျပန်က န.အ.ဖ သံရုံးရှေ့ တညံညံ အော်ဟစ်ကာ  ခိုလှုံခွင့်တွေ တခါတည်း တန်းလျှောက်ကြလို့ ဂျပန်မှာ (R) လို့ခေါ်တဲ့ Asylum Seeker တွေ ခေတ်စား လာခဲ့ကြပါတော့တယ်။

အာရ်လူး စားသူများ အကြောင်း

လျှောက်သူတွေက လျှောက်ကြပေမယ့် နိုင်ငံခြားသားတွေကို အခြေချ နေထိုင်ခွင့်ပေးဖို့ သဘောထား မကြီးနိုင်သေးတဲ့ ဂျပန် ကျွန်းနိုင်ငံလေးက တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေး စီစစ်မူတွေအရ အပယ်ခံရသူတွေလည်း အများသားပါ၊ Refugee ဒုက္ခသည်လျှောက်သူ ရာနဲ့ချီတဲ့ အထဲမှာမှ တနှစ် ၅ယောက်ကနေ ၁၀ယောက်လောက်သာ ဒုက္ခသည်ဗီဇာ ရသူတွေရှိသလို ဒုက္ခသည်အဖြစ် အသိအမှတ်မပြုဘဲ ငြင်းပယ်ပြီး ဖမ်းဆီး ခံရသူတွေလည်း တော်တော်များလှပါတယ်၊ အဖမ်းခံရသူတွေဟာ အနည်းဆုံး ခြောက်လကနေ သုံးနှစ် လေးနှစ်လောက်အထိ အဖမ်းခံရသူတွေလည်း ရှိသလို ဖမ်းလိုက် ပြန်လွတ်ပေးလိုက်နဲ့ မုန်လုံး စက္ကူကပ်သလို စိတ်ဓာတ်ကျဆင်းအောင် လုပ်ဆောင်မူတွေကြောင့် ဒုက္ခသည် လျှောက်ကာမှ တကယ် ဒုက္ခရောက်ပြီး အခြေအနေ ပျက်သွားသူတွေ၊ ဘဝပျက်သူတွေ၊ စိတ်ကျရောဂါနဲ့ တခြား ရောဂါဆိုးတွေရပြီး ထောင်က ထွက်လာသူတွေ အပြင်ရောက်ပြီး နှစ်ပတ်လောက်နေမှ အထဲမှာ ခံစားလာရတဲ့ ရောဂါဝေနာဆိုးက ကျွမ်းပြီး အသက်ဆုံးရှုံးခဲ့ရသူတွေ၊ ကိုယ်ဝန်ကြီးနဲ့ အဖမ်းခံရပြီးမှ အချုပ်ထဲမှာ ကလေးပျက်ကျ သွားသူတွေ နဲ့ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုးသလို ဆိုသလို ဖြစ်ကြတော့တာပါဘဲ။

ဂျပန်က အီဘရခီ ခရိုင်ဒေသက အိဘရခီ အကျဉ်းထောင် ဆိုတာကတော့ ဒုက္ခသည်လျှောက်လို့ အပယ်ခံရသူတွေကို ဖမ်းဆီးထားပြီး ရက်စက်မူတွေနဲ့ ပြည့်လျှမ်းနေတဲ့ ငရဲစခန်းလို့တောင် ယခင်က တော်တော် နာမည်ကြီးခဲ့ပါတယ်၊ အီဘရခီ အကျဉ်းထောင်ထဲက မြန်မာလူမျိုး တယောက်ဆိုရင် (R) မရရင် ထောင်ထဲက မထွက်ဘူးလို့ ဘူးခံနေခဲ့တာ အထဲမှာ သုံးနှစ်ခွဲလောက် နေလိုက်ရပြီး လ.၀.က နဲ့ အင်အားခြင်းပြိုင်လို့ မာန်တင်းခဲ့တဲ့ အာဂလူမို့ စံတင်ရမှာ ပါဘဲ၊ ဒါပေမယ့် ဝမ်းနည်းစရာက သူတောင်းဆိုတဲ့ (R) ဗီဇာတော့ မရခဲ့ပါဘူး။

အဲဒီလို တင်းကျပ်တဲ့ စီစစ်မူတွေနဲ့ လူသားချင်း စာနာမူမရှိတဲ့ အဖြစ်သနစ်တွေကို ဂျပန်သတင်း မီဒီယာတချို့နဲ့ NGO အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ဂျပန်အစိုးရကို ကန့်ကွက်မှုတွေ လုပ်လာခဲ့သလို နိုင်ငံတကာကလည်း ပြစ်တင်ဝေဖန်မူတွေ လုပ်လာတဲ့အတွက် ၂၀၀၅ခုနှစ် လလယ်ပိုင်းလောက်မှာ ဂျပန်က ဒုက္ခသည် လျှောက်ထားသူတွေအတွက် ဥပဒေအသစ်ကို ပြန်လည် ပြင်ဆင်ရေးဆွဲခဲ့ပြီး ဒုက္ခသည် လျှောက်ထားသူတွေအပေါ် ယခင်က ထက်စာရင် တော်တော်လေး သက်ညှာစွာ စဉ်းစားခဲ့တယ်လို့ ပြောလို့ရမလားဘဲ။ အဲဒီဥပဒေ အသစ်ကြောင့် ဒုက္ခသည် လျှောက်ထားသူတွေဟာ လျှောက်ထားဆဲ စစ်ဆေး စုံစမ်းနေဆဲကာလမှာ ယာယီနေထိုင်ခွင့် ဗီဇာ (၃)လ ပေးခံထားရပေမယ့် တိုကျိုဧရိယာ နယ်မြေထဲကနေ တခြားနယ်ကို ထွက်ခွာခွင့် မရှိပါဘူး ၊ ခြေချုပ် သဘောမျိုးနဲ့ ပေးထားတာမို့ နယ်ကျော်ချင်ရင် နယ်ကျော်ခွင့် လက်မှတ်ကို လ.၀.က မှာ သွားရောက် တောင်းခံယူရပါတယ်။

ကိုယ့်ရဲ့ဒုက္ခသည် လျှောက်ထားမူကို လ.၀.က ကငြင်းပယ်ခဲ့ရင်လည်း အသနားခံစာ တင်ပြီး ပြန်လည် လျှောက်ထားနိုင်တဲ့ အခွင့်အရေးတွေ ရလာကြတယ်။ တခုတော့ ရှိတာပါတယ်၊ အသနားခံစာက တစ်ကြိမ််ဘဲ အခွင့်အရေးရှိတော့ ထပ်အပယ်ခံရသူတွေ အနေနဲ့ တရားရုံးလေး တက်လိုက် ရှုံးရင်အချုပ်ထဲ နှစ်လလောက် ၀င်လိုက် ပြန်ထွက် လာလိုက်နဲ့ ၀ုိင်းကြီးပတ်ပတ် ဒူဝေဝေ ဖြစ်နေတော့တာပါဘဲ၊

ကြာတော့လည်း အပယ်ခံရသူတွေက ဖမ်းတယ်ဆိုတာ ရိုးနေသလိုတောင် ဖြစ်လာလို့ အချုပ်ထဲ ၀င်ခါနီး နှုတ်ဆက် ပါတီပေးသူနဲ့ ပြန်ထွက်လာလို့ ပါတီ ပေးသူတွေနဲ့ ဟုတ်နေတော့တာပါဘဲ၊ ထုသားပေသားကို ကျလို့။

ဘာလည်းဟဲ့ ဒုက္ခသည်

ဒုက္ခသည် ဆိုတာကတော့ ကိုယ့်နိုင်ငံမဟုတ်တဲ့ အခြားမြေခြား နိုင်ငံတခုကို ရောက်ရှိနေပြီး ကိုယ့်တိုင်းပြည်အစိုးရက လူ့အခွင့်အရေးတွေ ချိုးဖောက်လို့ နှိပ်ကွပ်၊ ဖိနှိပ်ဖမ်းဆီး သတ်ဖြတ်မှုတွေ လုပ်နေခြင်း ခံရတယ်ဆိုရင် (ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတန်း) ဥပဒေ ပုဒ်မ(၁၄) (င)အရ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းမှ လွတ်မြောက်ရန် ဘယ်သူမဆို အခြားနိုင်ငံတခုခုမှာ ခိုလှုံခွင့် ရယူခံစား ပိုင်ခွင့်ရှိသည်လို့ ဖော်ပြထားပါတယ်။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုနိုင်တဲ့ အချက်အလက်တွေက လူမျိုးရေး ကြောင့်ဘဲဖြစ်ဖြစ်၊ နိုင်ငံသားဖြစ်မှု ကြောင့်ဘဲဖြစ်ဖြစ်၊ ကိုးကွယ်ရာဘာသာ၊ တစုံတခုသော လူမူရေး အဖွဲ့အစည်း အသင်းအဖွဲ့ တခုခု ဒါမှမဟုတ် နိုင်ငံရေး အယူအဆမတူတဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်မူ၊ တစုံတခု အကျုံးဝင်နေတဲ့ အတွက် မိမိ မိခင်တိုင်းပြည်ရဲ့ အစိုးရက ဖမ်းဆီးထောင်ချ သတ်ဖြတ်ခံရမှာ လုံလောက်တဲ့ အန္တရာယ် စိုးရိမ်မူမျိုး ရှိနေရင်၊ နိုင်ငံသားဖြစ်မှုကလည်း ကင်းမဲ့နေပြီး အထက်ကဆိုခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စိိုးရိမ်ကြောင့်ကျမှု ရှိနေသူ ပြည်ပနိုင်ငံ တခုခုမှာ ရောက်ရှိနေသူတွေဟာ မိမိတိုင်းပြည်ကို ပြန်လို စိတ်မရှိသူလည်း ဖြစ်မယ်ဆိုရင် ဒုက္ခသည်အဖြစ် အကျုံးဝင်ပါတယ်။

ဒုက္ခသည် ကွန်ဗင်းရှင်း ပေါ်ပေါက်လာပုံ

ဒုတိယ ကမ္ဘာစစ်အတွင်းနှင့် စစ်ပြီး ခေတ်ကာလတွေမှာ နိုင်ငံရေး၊ လူမူရေး အပြောင်းအလဲတွေကြောင့် ဥရောပမှာ မကြုံစဖူး များပြားစွာ ဒုက္ခသည်တွေ ထွက်ပေါ်လာမူတွေကြောင့် ဒုက္ခသည်တွေကို အဓိက စောင့်ရှောက်ရန်နဲ့ ပြဿနာဖြေရှင်းဖို့ နိုင်ငံတကာပူးပေါင်း လိုအပ်ကြောင်း အယူအဆတွေ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တိုးတက် များပြားလာခဲ့ပါတယ်။ အဲဒါကြောင့် ၁၉၄၉ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ စီးပွားရေးနှင့် လူမူရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ Ad hoc committee ဆိုတာကို ဖွဲ့စည်းခဲ့ပြီး၊ ၁၉၅၀ခုနှစ်မှာ ဒုက္ခသည် ကွန်ဗင်းရှင်း အခြေခံမူကြမ်းကို ပြုစုခဲ့ပြီး ထိုနှစ်အတွင်းမှာဘဲ ပြုလုပ်ခဲ့တဲ့ (၅)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြခဲ့ကြပါတယ်။ ၁၉၅၁ခုနှစ် ဂျီနီဗာမှာကျင်းပခဲ့တဲ့ အာဏာကုန် လွှဲအပ်ခြင်းခံရတဲ့ အမူဆောင်ကော်မတီ အစည်းအဝေးမှာ အတည်ပြုခဲ့ကြပြီး ၁၉၅၄ခုနှစ်၊ ဧပြီလ၊ ၂၂ရက်နေ့မှာ ဒုက္ခသည် ကွန်ဗင်းရှင်း ပေါ်ပေါက်လာခဲ့ပါတော့တယ်။

ဂျပန်မှာ စတင်ခဲ့တဲ့ ဒုက္ခသည်များ သမိုင်း

ဂျပန်နိုင်ငံဟာ ၁၉၇၉ ခု နှစ်ဦးပိုင်းလောက်မှာ အမေရိကန်-ဗီယက်နမ်စစ်ပွဲက လျှံထွက်လာတဲ့ အင်ဒိုချိုင်းနား ဒုက္ခသည် အများအပြား ထွက်ပေါ်လာမူတွေကြောင့် ဒုက္ခသည်ဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ရန်အတွက် ၁၉၈၁ခုနှစ်၊ အောက်တိုဘာလ၊ ၃ရက်၊ နေ့မှာ နိုင်ငံတကာ ဒုက္ခသည် ကွန်ဗင်းးရှင်း၊ ၁၉၈၂ခုနှစ်၊ ဇန်နဝါရီလ၊ ၁ရက်နေ့မှာ ဒုက္ခသည် သဘောတူစာချုပ်တို့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်၊ ၁၉၈၁ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ယာယီခိုလှုံရန် ပြည်ဝင်ခွင့်ပြုခြင်းနှင့် ဒုက္ခသည် အသိအမှတ်ပြု ဥပဒေတွေကို ၁၉၈၂ခုနှစ်၊ ဇန်နဝါရီလမှာ ဂျပန်ဒိုင်ယက်လွှတ်တော်မှာ အတည်ပြု ပြဌာန်းနိုင် ခဲ့ပါတယ်။

အထက်မှာရေးပြခဲ့တဲ့ အင်ဒိုချိုင်းနား ဒုက္ခသည်ဆိုတာကတော့ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား (အင်ဒိုချိုင်းနား ကျွန်းဆွယ် ၃နိုင်ငံတို့မှာ ၁၉၇၅ခုနှစ်မှာ အစိုးရ အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး အဲဒီနိုင်ငံတွေဟာ ဆိုရှယ်လစ်စနစ်ကို အသွင်ကူးပြောင်း ခဲ့ကြစဉ်က ဖြစ်ပါတယ်) အဲဒီလို နိုင်ငံရေး အပြောင်းအလဲနဲ့ စနစ်သစ်အောက်မှာ အံဝင်ခွင်ကျမှု မရှိသေးတာရယ် စနစ်သစ်အောက်မှာ ညှင်းပန်း နှိပ်စက်ခံရနိုင်မယ့် အန္တရယ်တွေကြောင့် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား လူမျိုးများဟာ လှေတွေနဲ့ မဲခေါင်မြစ်ကို စုန်ဆင်းပြီး ထိုင်းနိုင်ငံအတွင်းကို အများဆုံး ထွက်ပြေး ၀င်ရောက်လာကြပြီး အာရှနိုင်ငံတွေကို ထွက်ပြေးလာတဲ့ ဒုက္ခသည် နှစ်သန်းခန့် ရှိတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

ဂျပန်ကိုတော့ ၁၉၇၉ ခုနှစ်၊ မေလ၊၁၂ရက်နေ့မှာ ဂျပန်နိုင်ငံ ချိဘဆိပ်ကမ်းကို ပထမဦးဆုံး လှေစီးဒုက္ခသည် ဗီယက်နမ်လူမျိုး(၉)ဦး ရောက်ရှိလာခဲ့ပြီး၊ အဲဒီနောက်ပိုင်း ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား ဒုက္ခသည်တွေ အဆက်မပြတ် ဂျပန်နိုင်ငံအတွင်းကို ၀င်ရောက်လာရာ ကစလို့ ဂျပန်မှာ နိုင်ငံခြားသားဒုက္ခသည် လက်ခံတဲ့စနစ် စတင်ခဲ့ပါတော့တယ်။ (အင်ဒိုချိုင်းနား ဒုက္ခသည်တွေဟာ ဂျပန်မှာ ၁ သောင်းကျော်ရှိပြီး သူတို့အားလုံးဟာ နိုင်ငံရေး ဒုက္ခသည်တွေ မဟုတ်ဘဲ စီးပွားရေးအရ ဒုက္ခသည်တွေသာ ဖြစ်ပါတယ်။ တိုင်းပြည်ကောင်းလို့ ပြည်တော် ပြန်ကြသူတွေရှိသလို ဒီမှာပဲ နိုင်ငံသားခံယူလို့ အခြေချနေထိုင်သူတွေလည်း ရှိနေပါသေးတယ်)

ရင်ခုန်ခြင်း မျှော်လင့်ခြင်း များစွာနဲ့ အာရ် အိမ်မက်

ဂျပန်နိုင်ငံမှာ ဒုက္ခသည် လျှောက်ထားတဲ့ နိုင်ငံသားတွေဟာ မြန်မာနိုင်ငံသားတွေကြီးဘဲ မဟုတ်ပါဘူး ၊ သီရိလင်္ကာ၊ နီပေါ၊ အီရန်၊ တူရကီ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဖရိက နိုင်ငံသားတွေလည်း ရှိကြပေမယ့် နောက်ပိုင်း ဒုက္ခသည်လို့ခေါ်တဲ့ ခိုလှုံခွင့် လျှောက်ထားသူတွေဟာ တခြားနိုင်ငံသားတွေထက် မြန်မာနိုင်ငံသားတွေက လျှောက်ထားသူ ဦးရေအရေအတွက် တနှစ်ထက်တနှစ် ပိုများပြားလာသလို

ဂျပန်မှာ ဒုက္ခသည် အဆင့်အတန်း ၈၅ ရာခိုင်နှုန်းကို ဂျပန်အစိုးရမှ မြန်မာတွေကိုပဲ ချပေးခဲ့တယ်လို့ အထောက်အထားများ အရ သိရပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး အရေးအခင်း ပြည်တွင်းမှာ ဖြစ်တော့ “ဂျပန်နိုင်ငံက APF ဓာတ်ပုံ သတင်းထောက် ခန်းဂျိနာဂါအိ ဟာ ရန်ကုန်မြို့မှာ သတင်းရယူရင်း စက်တင်ဘာလ ၂၇ ရက်က သေဆုံးသွားခဲ့တာကို အင်တာနက် ဗွီဒီယိုတွေကနေ မျက်ဝါးထင်ထင် တကမာ္ဘလုံး တွေ့မြင်လိုက်ရပြီးတဲ့ နောက်ပိုင်း မြန်မာဒုက္ခသည် လျှောက်ထားသူတွေအပေါ် ဂျပန်အစိုးရက သူ့လူမျိုး အရှင်လတ်လတ်သေမှ အလွန်စာနာလာပြီး သဘောထား တော်တော်လေး ပျော့ပြောင်းလာခဲ့ပြီး Rလို့ခေါ်တဲ့ ဒုက္ခသည် အသိအမှတ်ပြု ဗီဇာ(Refugee Visa) တွေချပေး ခံရသူ တိုးလာသလို၊ ဒုက္ခသည် အသိအမှတ်ပြုခြင်းကို ငြင်းပယ်ခဲ့သော်လည်း လူသားခြင်း စာနာ ထောက်ထားသည့် အနေဖြင့် ပေးအပ်ခဲ့တဲ့ “S S” လို့ခေါ်တဲ့ (Special Status Visa)တွေကိုလည်း ဖောဖောသီသီ ချပေးနေခဲ့ပါတယ်၊ (Special Status Visa) “S S” ဗီဇာမှာ နှစ်မျိုးခွဲခြားထားသလို ဂျပန်မှာ ရေရှည်နေထိုင်ခွင့် ဗီဇာ(Long Team Resident) နဲ့ နိုင်ငံရေး လုပ်ဆောင်မူကြောင့်၊ လူမျိုးရေး ဖိနှိပ်ခံရမူနဲ့ မိခင်တိုင်းပြည် နိုင်ငံရေး မတည်ငြိမ်မူတွေကြောင့် ဖြစ်စေ ဂျပန်မှာ ယာယီနေထိုင်ခွင့် ( Designated Activities ) ဂျပန်အခေါ် ( Tokutei Katsudou ) တိုခုတေး ခဆုဒိုး လို့ အမျိုုးအစား ခွဲခြားထားသလို တိုခုတေး ခဆုဒိုး ကိုတော့ အများဆုံး ချပေးနေတော့တာမို့ ဒုက္ခသည် ဗီဇာတင်သူတွေ အနေနဲ့ ကိုယ့်အလှည့်မှာ ဘယ်လိုဗီဇာ အမျိုးအစားလေးများ ချပေးမလည်းဆိုတာကို ရင်ခုန်လှိုက်မောစွာ မျှော်လင့်ခြင်း များစွာနဲ့ စောင့်မျှော်နေရတာလည်း ဂျပန်မှာ ဖီလင် တမျိုးပါပဲ။

R ပွဲစားတွေ တခေတ် ထတုန်းက

ဗီဇာတွေ ကျပြီဆိုတော့ (R) ဗီဇာသမားတွေ အချင်းချင်းလည်း ပြိုင်လိုက် ဆိုင်လိုက်ကြတာလည်း မနည်းဖူး ဆိုပဲ၊ (R) ချင်းတူပေမယ့် ငါ့ (R)က မင်း(R)ထက် အမြီးပိုရှည်တယ်၊ သုံးနှစ်၊ တစ်နှစ် ဗီဇာ ဒီလို သက်တမ်းအပေါ် မူတည်ပြီး အာပြိုင်ပွဲကြီး (အမှန်ကတော့ အကြွား ပြိုင်ကြတာပါ) ( Tokutei Katsudou ) တိုခုတေး ခဆုဒိုး ဗီဇာ ရသူတွေကတော့ အသံတိတ် ပြီးနေကြတာပေါ့ ဘာကြောင့်လည်း ဆိုတော့ အဲဒီ ဗီဇာ ရရှိထားသူတွေဟာ ဂျပန်မှာ ရေရှည် အချေခြနေထိုင်ခွင့် ဗီဇာမဟုတ်လို့ပါပဲ အချိန်တန် အိမ်ပြန် ကြရမယ့်ဟာတွေ ဆိုပြီး ပြောဆိုနေကြလို့ပါ။

ဗီဇာရတာချင်း အတူတူ ဂုဏ်တု ဂုဏ်ပြိုင်တွေနဲ့မို့ အဲဒါဟာ မြန်မာလို့ဘဲ ပြောရမလို… ပါပဲလားဗျာ၊ ဗီဇာ ကလဲကျရော ထွက်လို့ ဝင်လို့လည်း လွယ်ပြီဆိုတော့ အများစုမှာတော့ ထိုင်းလိုနေရာမျိုးတွေကို အောင်မြေ သွားနင်းကြသူတွေ များပါတယ်။ (R) ဗီဇာ ရသူတွေကတော့ ထိုင်းဆင်းပြီး အမှန်တကယ် မိန်းမယူသူတွေလည်း ရှိသလို အင် လက်ထပ်စာရွက်စာတမ်း အတုလုပ် ဗီဇာလျှောက်ပြီး ဂျပန်ခေါ်ဖို့ ထိုင်းအထိ ဆင်းပြီး ဂွင်ရိုက်သူတွေလည်း ရိုက်ကြ၊ “SS” ရသူတွေကလည်း မြန်မာပြည်က ရွှေတော်မျိုးတော်တွေကို ဂျပန်ကိုခေါ်ပြီး ရွာတည်သူတွေလည်း တည်ကြနဲ့ မရခင်ကတော့ နိုင်ငံအတွက် ဆင်ဖမ်းကြမယ် ကျားဖမ်းကြမယ်ဆိုပြီး ရသွားတော့ ရွှေတော်မျိုးတော်တွေနဲ့ ရွာတည်ဆောက်ဖို့နဲ့ စီးပွားရေးကုန်း ရှာနေသူတွေလည်း ဒုနဲ့ဒေး ရှိနေကြသလို နောက်တခု လတ်လတ်ဆတ်ဆတ် ကိစ္စတခုက တလောက မလေးရှားမှာ လူရိုက်စားနေတဲ့ လင်မယားနှစ်ယောက် ဂျပန်ရောက်လာပြီး (R) ကျထားသူတွေနဲ့ လက်ထပ်မလား? ဂျပန်လာချင်တဲ့ လူကို ကိုယ့်ရွှေမျိုး မဟုတ်ပေမယ့် သန်းခေါင်စာရင်းမှာ ထည့်ပြီး လူခေါ်ရိုက်ချင်သလား? အားလုံး အဆင်ပြေစေရမယ် သိန်းရာကျော်ရမယ့် အရေးဆိုတော့လည်း အဲဒီ လင်မယားနှစ်ယောက်ဆီမှာ (R) ရထားသူတွေက စာရင်းပေး တန်းစီထားတာ အတော်များ ဆိုသဘဲ။ ဂွင်တွေလေ ဂွင်တွေ။

ဒါက (R) ကျပြီးသား ကိုကို၊ မမတွေ အတွက်ပါ၊ (R)လျှောက်ကြမယ့် လူတွေအတွက် (R) ပွဲစားခေတ် တခေတ်ထ လိုက်ပါသေးတယ် (R)လျှောက်မယ့် လူတွေကို ဒုက္ခသည် ဗီဇာတင်ဖို့ လျှောက်လွှာရေးပေးရင် ဂျပန်ယန်း ၁၅သောင်း၊ ဒုက္ခသည်ဖောင်(Form) လ.၀.က ကိုအပြီး လိုက်တင်ပေးမယ်ဆို ၅သောင်း၊ ဒုက္ခသည် လျှောက်မယ့်လူဟာ နိုင်ငံခြားသားကဒ် မဖြစ်မနေ လုပ်ကိုလုပ်ရတာမို့ အဲဒီဟာ လုပ်ချင်ရင် မြို့နယ်ရုံးမှာ လိုက်လုပ်ပေးမယ် ၁သောင်းဆိုဘဲ။ စားတတ်ရင် ဝ တယ်ဆိုတာ ဒါမျိုးလေလား? Nothing get free, anywhere? လို့ ဆိုထားသေးတယ် မဟုတ်လား? အလကား ဘယ်မှာမှ မရတာ … ဉာဏ်ပူဇော်ခပေါ့။

ဒါတင် မကသေးပါဘူး (R) လျှောက်ပြီဆိုတော့ အထောက်အထားတွေ လ.၀.က.ကို ပြဖို့ လိုလာပြီမို့ ဘာဘာညာညာပွဲတွေမှာ ကိုယ့်အမည်ပါဖို့ ပိုက်ဆံတွေ လှုကြရ၊ စင်ပေါ်တက် သီချင်းဆိုချင်ရင်တောင် ပိုက်ပိုက်ပေးရင် တက်ရမယ်ဆိုပြီး ရိုက်စားလုပ်တဲ့ ပွဲစားတွေက ရှိလိုက်ပါသေးတယ်၊ အဲဒီကြားထဲ ပြည်ပက အခါတော်ပေး ဆရာကြီးတွေ ဆိုတာကလည်း ဂျပန်ဆို အချဉ်မှတ်လို့ လာလာပြီး လည်ပင်းညှစ်ကြနဲ့ ရှိစုမဲ့စုလေးတွေ လှူကြတန်းကြပြီး ဒါ ဘယ်တုန်းက ခေါင်းဆောင်၊ ဘယ့်နှယ် ညနှယ် ခေါင်းဆောင် ဆိုပြီး မလွှတ်တမ်း ဓာတ်ပုံ တွဲရိုက်သူတွေကလည်း ရိုက်ကြ ဆရာကြီး ဆိုသူတွေလာဖို့ ပိုက်ဆံထည့်ထားရပြီး ဓာတ်ပုံ တွဲမရိုက်ရလို့ အပြင်မှာ တကယ်ရိုက်ကြ နှက်ကြတာတွေလည်း ရှိသေး၊ ဒီတော့ ေဩာ်… သူတို့ တကယ် ရိုက်ကြတာပဲလို့ သံဝေဂများကို ရလို့ …။ အများကြီး…အများကြီးပါဘဲ၊ နီပွန်းမှာ R ရဖို့အရေး အရင်းအနှီး ထုတ်နိုင်မှသာ တော်ရုံကျမှာမို့ ………….. အောင်းမလေး … R တောမှာ မောလှချေရဲ့။

နောက်တခုက ၂၀၁၀ ခုနှစ်က စလို့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာဒုက္ခသည် အယောက်(၃၀)ကို ဗွေဆော်ဦး လက်ခံမှာ ဖြစ်သလို အခြေချ နေထိုင်ခွင့်ပေးမယ့် သူတွေကို ဂျပန်မှ တာဝန်ရှိသူတွေက သွားရောက် အင်တာဗျုးပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အသိအမှတ်ပြု ထောက်ခံထားတဲ့ ဒုက္ခသည်တွေကိုသာ ရွေးချယ် ခေါ်ယူမှာဖြစ်တဲ့ အတွက် မုဒိတာပွားများ စရာပါဘဲ၊ အမှန်တကယ် ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေဘဲ ဂျပန်ရောက်လာမလား? ရိုက်ချက်ပြင်းတဲ့ ပွဲစားတွေရဲ့ ဖြတ်စား လာဒ်စား ခပ်ပြင်းပြင်း လက်သံတွေပဲ နားထောင်ရမလား? တကယ်ဒုက္ခ ဖြစ်သူတွေပဲ ရောက်လာမလား ဆိုတာကတော့ လာမည်မျှော် ဆိုတဲ့ ငွေရောင် ပိတ်ကားပေါ်မှာ စောင့်ကြည့်ရုံမှတပါး အခြားမရှိပြီလို့ဘဲ ပြောရမလိုပါ၊ ဘာလဲ မယုံဖူးလား? ဒီလိုပဲ ကု/လဝန်ထမ်းတွေ နဲ့ ပွဲစားတွေ ဝိုင်းရိုက်ကြတာ အမေရိကားတို့ ဥရောပတို့ မှာ တလှေကြီးပဲ ရောက်ကုန်ကြတာ၊ ဒီမှာကသာ အသစ်အဆန်း ဖြစ်နေတာ။

မြန်မာပြည်တွင်းမှာ စွန့်လွှတ်ပေးဆပ် အနစ်နာခံသူတွေ ရှိနေသမျှ ကာလပတ်လုံး ပြည်ပကသူတွေ အာရ် ရဖို့အရေး၊ အာရ်လူး စားရရေး၊ ငါ့အရေး လုပ်ဆောင်နေသူတွေ အတွက်တော့ အခွင့်အလမ်းကောင်းတွေ ရှိနေအုန်းမယ် ဆိုတာကို ရင်နာနာနဲ့ဘဲ ကိုယ်ပေါင် ကိုယ်ပြန်လှန်ထောင်းလို့ မြန်မာပြည်မှာ Rဇာနည် ဂျပန်မှာ အာရ် လျှောက်သည် အာရ်တွေ ရေပန်းစားနေတဲ့ ခေတ်ကြီးမှာ ကမာကောင်လည်း အာရ် အကြောင်းပွားရင်း (R) ကမာလို့ အမည်ပြောင်းရ ကောင်းမလားလို့တောင် စဉ်းစားနေရကြောင်းပါ။

ကမာနီလာ

LEAVE A REPLY

Please enter your comment!
Please enter your name here