ဖြစ်ပုံစုံလင် သည်လတွင် – ဧပြီ

“မြန်မာ့ပြက္ခဒိန်အရ နှစ်အဟောင်းကို စွန့်ပြီး နှစ်သစ်ကို ကူးလူးလာသည့် အခါသမယ၊ အင်္ဂလိပ် အခေါ်အဝေါ် ဧပြီလသည် “ တ ” ထက် နိဂ္ဂဟိတ် လာ၍ နပြုသော အချိန်ကာလကို က ကို ခ နှင့်လဲ၍ လပြုပြီး လကူးရသဖြင့် အတာကူးသည့် တန်ခူးလဟု ခေါ်တွင်ခဲ့သည်ဟု ဆရာဇေယျက ရေးခဲ့သည်။”

မြန်မာလူမျိုးတို့၏ ရေသဘင်ပွဲတော်ကို စတင် ဆင်နွဲခဲ့သည့် တရုတ်ပြေးမင်း ခေါ် နောက်ဆုံး ပုဂံမင်းဆက် ဖြစ်သော အပျော်ကြီးသူ နရသီဟပတေးမင်းသည် ပူပြင်းလှသည့် အချိန်အခါတွင် မင်းညီမင်သား မင်းသမီးများနှင့် နန်းတွင်းသူ မောင်းမသံများနှင့် အတူတကွ ဧရာဝတီမြစ် ရေဆိပ်တွင် ရေကစားတော်မူ ကြသည်။ ဘုရင်နှင့် ၎င်းတို့ အပေါင်းအပါများ ပျော်မြူးသည့် ပွဲတော်အား နှစ်သစ်လေဟန် ရှိသဖြင့် ပြည်သူ ပြည်သားများကလည်း မင်း ရေသဘင်ပွဲကို အကြောင်းပြုပြီး လက်ခံသုံးစွဲလာ၍ မြန်မာ့ရိုးရာ သကြင်္န် ဖြစ်ပေါ်လာခဲ့သည့်ဟု ဖတ်မှတ် ခဲ့ရဖူးသည်။

“ တာ ” ဆိုသည်မှာ အချိန်အခါ၊ ရာသီ ဟု အဓိပ္ပါယ်ဆောင်သည်။ မိန်ရာသီမှ မိဿ ရာသီကူးသဖြင့် မြန်မာပြက္ခဒိန် အလိုအရ နှစ်အကူးအပြောင်း ဆိုလိုသဖြင့် တာ ကူးခြင်းဟု ခေါ်ဝေါ်ခဲ့သည်။ သို့ရာတွင် ပါဌိဘာသာတွင် တန် (သို့) တန်း ကို ထန်းဟု ပြောသည်။ ထိုရာသီ၌ ထန်းပင်မှ ထန်းသီး ခူးသည့်ကာလကို ထန်းခူးလ ဟုခေါ်ဆိုရင်းဖြင့် ကာလရွေ့လျားပြီး တန်းခူးလဟု ခေါ်ဆိုခဲ့ကြောင်း ဦးဖိုးလတ်က ပြောကြားခဲ့ကြ သည်ကိုလည်း မှတ်သားဖူးပြန်သည်။

*****

ထိုကဲ့သို့သော ရာသီ ဤအခါသမယ ယခုနှစ် သကြင်္န်တွင် မဏ္ဍပ်ဆောက်ခွင့် ပါမစ် ( ခွင့်ပြုချက် ) ရရှိနိုင်ရန်အတွက် အာဏာပိုင်များကို လဒ်ငွေများ ထိုးခြင်း ၊ ပါမစ် ရရှိသူထံမှာ ၀ယ်ယူရခြင်း စသည့် ငွေကြေးအမြာက်အများ ကုန်ကျခံရသော အတာကူးတဲ့ အာဏာရှင်ကာလ တန်ခူးဟာ ခေတ်သစ် တရုတ်ပြေးမင်း ကြီးစိုးနေသည့် ‘အ’ကာလကြီး ပါလားလို့ ထင်မှတ်စရာများ ဖြစ်လာသည်။ ဆိုလိုသည်မှာ မင်းစိုးရာဇာများ အစပြုခဲ့သည့် ပွဲတော်ဟာ သာမာန် အခြေခံလူတန်းစား အတွက်မဟုတ်၊ အခွင့် အာဏာရှိသူများ အတွက် .. ငွေကြေး တတ်နိုင်သူများ အတွက်သာ ယခုနှစ် သကြင်္န်၏ အဓိပ္ပါယ်ဟာ ပြည်စုံခဲ့သည်ဟု ထင်မှတ်ဖွယ်ရှိသည်။

ဘယ်သို့သော အနေအထားဖြင့် ဖြစ်စေပျော်ရွှင် ကြည်နူးနေသည်ကို မြင်ရ ကြားရဖြင့် မုဒိတာ ပွားခြင်းနှင့်အတူ ရင်နာဖွယ်ရာ အဖြစ်သနစ်မှာ နားစည်သို့ ရိုက်ခတ်ရ၍ စာနာစိတ်များ ပွားများမိရပါသည်။

နှစ်ဟောင်းက အညစ်အကြေးများ ဆေးကြောရန်အလို့ငှာ ငွေကြေး တတ်နိုင်သူများက ပျော်ပါးနေသည့် အချိန်တွင် နာဂစ် မွှေခဲ့သည့် အချို့ နေရာဒေသများတွင် တဦးနှင့်တဦး ကြည်ဖြူချစ်ခင်စွာ နှစ်ဟောင်း အညစ်အကြေးများ ဆေးကြောခြင်းဖြင့် ရေသွန်းလောင်းရန် နေသာသာ သောက်သုံးရေ ပြတ်လပ်သဖြင့် အတိဒုက္ခများ ရင်ဆိုင်နေရသည့် နှစ်ဟောင်း နာဂစ်ဒါဏ်ရာကို အသစ်ပြုရသော ‘အ’ကာလ သကြင်္န်…တန်ခူး ကာလပေတည်း။

၎င်းတို့၏ သဘောထားကို အတိုက်ခံပြုသည့် အပြုအမူများဖြင့်( No တီရှပ်များ ၀တ်ဆင်လျှင်) သကြင်္န်အတွင်း သွေးတိုးစမ်း လှုပ်ရှားယုံဖြင့် အချိန်မရွေး Jail အောင်းနိုင်သည့် အနေအထားတွင် သကြင်္န်ရက်များအတွင်း အသက်မပြည့်ပဲ အရက်ဖြည့်နေရသည့် ကလေးသူငယ်အတွက်တော့ ဘဝကိုရုန်းကန် သရုပ်ဖေါ်ရသည့် သကြင်္န်…သာတည်း၊ ယဉ်ကျေးသည့် လူမှုအသိုင်းအဝိုင်းရှိသော မည်သည့် နိုင်ငံတွင်မဆို အသက် ၁၈ နှစ်အောက်များ ဆိုင်များတွင် အရက်သေစာများ ၀ယ်ယူခွင့်မရှိဟု ဥပဒေများဖြင့် ထိန်းချုပ်ကန့်သတ် ထားကြသည်။

စည်းကမ်းပြည်ဝသော ခေတ်မှီ နိုင်ငံတော်ကြီးအား တည်ဆောက်ရန် ကြိုးပမ်းနေသည့် နိုင်ငံတခုတွင် ၁၈ နှစ် အောက်၊ အယုတ်စွဆုံး အသက် ၁၀ ပတ်ဝန်းကျင် ကလေးများသည် ထိုနှစ် သကြင်္န်အတွင်း အရက်သေစာများ ရောင်းဝယ် ဖောက်ကား၍ အသက်မွေးနေသည်ကို ၀မ်းနည်းစွာ တွေ့ရှိရပြန်သည်။

အသက် ၁၈နှစ်အောက် အား အရက်ဆိုင်များတွင် အရက်မရောင်းပေမဲ့ ၁၈နှစ်အောက် ခလေးများ ရောင်းသော အရက်အား ဝယ်သောက်နိုင်သည်မှာ ထူးဆန်းလေစွ … ထူးလေစွ၊ အာဏာကို ပိုင်ဆိုင်နေသူများ မကြည့်လို့ မမြင်၊ မမြင်ယောင်ဆောင် ပြီး မကြည့်တာလဲ ဖြစ်နိုင်ပါလိမ့်မည်။ ဒါမှမဟုတ် ငါ့ အကျိုးယှဉ်တွဲပြီး ငါ့ အာဏာကို ထိပါးမည့် လှုပ်ရှားမှုများက လွဲပြီး ကြိုက်သလို ပျော်ဟု သဘောထားနေလားတော့ မသိ။ နာယက ဂုဏ် ၆ပါးကို ထည့်ပင် မပြောချင်တော့ ပေ။

*****

နှစ်ဟောင်းများက ဆိုးနွမ်းခဲ့သော အတ္တများကို ခဝါချပြီး အဝေးရောက် အတိုက်အခံ လောကမှာလည်း ၂၀၁၀ ရွေးကောက်ပွဲအား ရင်ဆိုင်နိုင်ရန်အတွက် ကျောချင်း ကပ်နေလာသည်ကို နှစ်ထောင်းအားရစွာ တွေ့မြင်လာသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB၊ တိုင်းရင်းသားလူမျိုးများ ကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ENC ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု FDB ၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ကရက် SYCB ၊ တိုင်းရင်းသား လူငယ်များအင်အားစု NYF စသော အဖွဲ့များမှ ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ တနေရာတွင် တွေ့ဆုံပြီး ဘုံလုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့သည်ဟု ဆိုသည်။ ထိုကဲ့သို့ ဘုံရန်သူအား တိုက်ခိုက်ရန်အတွက် တပ်ပေါင်းစုအသွင်သည် စာရွက်ပေါ်မှာ ဖြတ်သွားသလို မဟုတ်ပဲ လက်တွေ့ကျကျ ချဉ်းကပ်နိုင်လိမ့်မည်ဟု မရဲတရဲ ယုံကြည်နေပါသည်။

ထို့နည်းတူစွာ ပြည်တွင်း အတိုက်အခံဖြစ်သော အန်အယ်လ်ဒီက ပြည်လုံးကျွတ် အစည်းအဝေး ခေါ်နိုင်အောင် ကြိုးစားလာသည်။ နိုင်ငံရေး အလှည့်အပြောင်းလား? သို့တည်းမဟုတ် ယနေ့ နိုင်ငံရေး အခင်းအကျင်းကို ယှဉ်တွဲပြီး လိုက်လျောညီထွေစွာ မူဝါဒများ ချမှတ်မလားတော့ မသိ၊ အစည်းအဝေးတခု ဖြစ်မြောက်နိုင်ပါစေလို့ပဲ ဆုတောင်း ယုံမှတပါးပေါ့။ စွမ်းအားရှင်တွေ အင်အားသုံးပြီး အကြမ်းဖက် ဖြိုခွဲ ဖျက်ဆီးလာလိမ့်မည်လို့ ကြိုတင် မြင်မိလာသည်။ ကြံဖွ့ံဆိုတဲ့ အဖွဲ့သားများလည်း မြောက်ပေးရင် လက်ကြောကြီး တင်းသထက် တင်းအောင် က ပြ အသုံးတော်ခံတတ်သည်မို့ ပြည်တွင်းရှိ ညီအစ်ကို အတိုက်အခံများအတွက် ရတက်မအေး စိတ်မှာပူနွေး ဗျာပါဒများ သောကပွေ နေရ၏။

ထူးခြားချက် တခုက ကိုယ့်အား ဆန့်ကျင်နေတဲ့ မည်သူ့ကို မဆို၊ ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းလင်းတတ်သည့် န.အ.ဖ စစ်အစိုးရသည် အန်အယ်လ်ဒီကို ရှင်းလင်းမနိုင်ခဲ့ပါ။ ဤသည်မှာလည်း လက်ရှိ အင်အယ်လ်ဒီအား ဦးဆောင်နေသော ပုဂ္ဂိုလ်တို့၏ အရည်အချင်းတခုဟု မှတ်ကျောက် တင်နေမိပါသည်။ သို့သော် န.အ.ဖသည် အင်အယ်လ်ဒီပါတီအား ၂၀၁၀ ရွေးကောက်ပွဲနှင့်အတူ အလှဲထိုးနိုင်အောင် ကြံဆောင်ထားပုံ ရသည်။

ထို့အပြင် စီအာပီပီ တိုင်းရင်းသား ပါတီများနှင့် အန်အယ်လ်ဒီပါတီသည် အမြင်ချင်းဖလှယ်ပြီး ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့သည်။ ၎င်းအဖွဲ့များလာမည့် အစည်းအဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲကို မည်သို့မည်ပုံ ချဉ်းကပ်နိုင်ရန် မဟာဗျူဟာရပ်များအား စုစည်းညီညွတ်စွာ ချမှတ်နိုင်ပါစေလို့ ဆန္ဒဖြစ်နေသည်။ အင်အားကြီးမားနေစေမူ ‘ထု’ချက် ကောင်းလျှင် ကွဲရတတ်၏။ အင်အားနည်းခြင်း များခြင်းနှင့် မဆိုင်ပါ၊ အတွေးတချက် တသက်တဲ့ ဆိုစကား ရှိသားလား။

ပဒေသရာဇ် သက်ဦးဆံပိုင် စနစ်အတွင်း လူမျိုးစုအချင်းချင်း ကြီးနိုင်ငယ်ညှင်း ပြုခဲ့သည့် ဒါဏ်ရာများ၊ နယ်ချဲ့တို့၏ သွေးထိုးမှုများဖြင့် တိုင်းရင်းသား စည်းလုံးညွီညွတ်မှု ပြိုကွဲနေသည့် အခြေအနေများတွင် တမျိုးနှင့်တမျိုးဟာ သံသယပေါင်းများစွာ ဖြစ်တည်ခဲ့သည်။ ထို့သို့သော အခြေအနေများတွင် ရည်မှန်းချက်တခုကို တိုက်ယူနေသည့် ကာလအတွင်း တဦးနှင့်တဦး အပြန်အလှန် ယုံကြည်မှု ကင်းမဲ့နေလျှင် လိုရာကို ပြီးမြောက်နိုင်မည် မဟုတ်ပါ။

ဥပမာ တခု ထောက်ပြရမည် ဆိုလျှင် ၁၉၄၇ အခြေခံဥပဒေ အတွင်း တိုင်း ရတိုင်း၊ ပြည်နယ် ရ ပြည်နယ်ဟု သတ်မှတ်ခဲ့သည်။ ဒါပေသိ ထိုဖွဲ့စည်းပုံကို ကိုယ်တိုင် တက်ရောက် မဆွေးနွေးနိုင်သည့် တိုင်းရင်းသားများကမူ တိုင်း ရ တိုင်း၊ ပြည်နယ် ရ ပြည်နယ် အစား ဗမာတိုင်းရင်းသားများလည်း တခြား တိုင်းရင်သားနည်းအတူ တပြည်နယ်အဖြစ် ထားရှိပြီး ၈ ပြည်နယ်သာ သတ်မှတ်ရမည်ဟု သဘောထား ကွဲလွဲခဲ့သေးသည်။

ထိုအတွက် ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးကို ဦးဆောင် ဦးရွက်ပြုခဲ့သော ဗမာတိုင်းရင်းသား အနေဖြင့်လည်း တခြားသော လူမျိုးစု တိုင်းရေးသားများ ခံစားနေရသည့် အမြင် မကြည်လင်မှုများကို ရိုးသားစွာ အပြန်အလှန် ယုံကြည်မှုများအား ၎င်းတို့အနေဖြင့် ပေးဆပ်ရမည် ဖြစ်သည်။ တိုင်းရင်းနွယ်ဖွားများလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အား ယုံကြည် အားကိုးခဲ့သလို တခြားသော ဗမာတိုင်းရင်းသား တိုက်ဖေါ် တိုက်ဖက်များအပေါ် အပြန်အလှန် ယုံယုံကြည်ကြည် လက်ခံမှသာလျှင် မိမိတို့ တဖွဖွ အော်နေသည့် စစ်မှန်သည့် ဖယ်ဒရယ် ပြည်ထောင်စုကို ဧကန်မုချ တည်ဆောက်ခွင့်ရမည် ဖြစ်သည်။

ထိုနည်းတူစွာပင် လူမျိုးစု လက်နက်ကိုင် အဖွဲ့များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ LDU ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ ပအို့ဝ် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ PPLO ၊ ဝအမျိုးသားအဖွဲ့ WNO ၊ မွန်ပြည်သစ်ပါတီ NMSP တို့ စုပေါင်းထားသည့် NDF ( အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု ) လည်း ၀ တပ်ဖွဲ့ကို စစ်အစိုးရအား ပြန်လှည့် တိုက်ခိုက်နိုင်ရန်အတွက် မိမိဘက်သားဖြစ်အောင် ဖိတ်ခေါ်လာခဲ့ချေပြီ။

တချိန်တုန်းက အနောက်နိုင်ငံနှင့် ထိုင်းနိုင်ငံ အလိုကျ မူးယစ်ဆေးဝါးဖြင့် ရပ်တည်နေသော ၀ တပ်ဖွဲ့အား ပစ်ပယ်ထားရာမှ မိတ်ဖက်အသွင်အဖြစ် ပါ၀င်ပူးပေါင်းလာရန် ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည်။ “ ဘိန်းထုတ်လုပ်သည့် အဖွဲ့ကို ပူးပေါင်းခြင်းဟာ နိုင်ငံရေးသိက္ခာကျနိုင်စရာ မရှိဟု ” ဆိုပြီး NDF က မှတ်ချက်ပေးပြန်သည်။

ဗမာပြည် ကွန်မြူနစ်ပါတီမှ စတင်ခွဲထွက်ခဲ့သော အချိန်ကာလများတွင် ချိနဲ့နေသည့် ၀ တပ်ဖွဲ့အား တခြားသော လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များက ကျေနပ်အားရသည်အထိ ထောက်ပ့ံ မကူညီနိုင်ခဲ့ပါ။ ယနေ့အချိန်တွင် ၀ တပ်ဖွဲ့သည် မိမိကိုယ် မိမိ ရပ်တည်နိုင်သည့် ဓနအင်အား လူအင်အား အသင့်အတင့် တောင့်တင်းနေသည်မှာ မည်သူမှ မငြင်းနိုင်ပေ။ သို့အတွက် NDF ၏ အပြုသဘောဆောင်သော လက်ကမ်းမှုကို ၎င်းတို့အနေဖြင့် လက်ခံ စဉ်းစားနိုင်မည်ဟု မထင်ပါ၊ တကယ်၍သာ NDF ၏ ဖိတ်ခေါ်ခြင်းကို လက်ခံခဲ့လျှင် စစ်အစိုးရနှင့် ဆက်ဆံရေးဟာ သောင်တင်ရေမကျ အခြေအနေသို့ ဆိုက်ရောက်လာမည်။

ဝ တပ်ဖွဲ့ အနေဖြင့်လည်း အနှစ် ၂၀ လုံးလုံး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး စစ်အစိုးရ ပေးကမ်းသော အခွင့်အရေးတချို့ကို ရယူအသုံးပြု၍ သူတို့ လူမျိုးအတွက်သာ တိုးတက်ကြီးထွားအောင် လုပ်ဆောင်နေသည်။ ဤကဲ့သို့ စစ်အစိုးရ၏ မစို့မပို့ ပေးထားသည့် အခွင့်အရေးများမှ ရုတ်လျော့သွားနိုင်သော လုပ်ရပ်များ ၀ တပ်ဖွဲ့အနေဖြင့် NDF ၏ ကမ်းလှမ်းချက်များကို လက်ခံနိုင်ရန် အတော်အတန် ခဲယဉ်းနေလိမ့်မည်။ သို့ပေမဲ့ လက်နက်ကိုင် တော်လှန်ရေး မူအရ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို သဘောတူနိုင်မည် ဖြစ်သည်။

နောက်ပြီး NDF ၏ ကမ်းလှမ်းချက်ကို ၀ တပ်ဖွဲ့အနေဖြင့် တရားဝင် ထုတ်ပြန်ချက်များ ကြေညာပြီး လက်ခံလိမ့်မည် မဖြစ်နိုင်သော အခြေအနေတခု ဖြစ်နေသည်။ နောက်ဆုံး ရလဒ်ဖြစ်သော တခုခြင်းထက် အားလုံးကို လွမ်းခြုံနိုင်သည့် မူဝါဒများကို လူမျိုးစု အဖွဲ့များအတွင်း ချမှတ်နိုင်ပါမလား? ဟု စိုးထိတ်နေရပြန်သည်။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်း တော်လှန်ရေး သမိုင်းတွင် လက်နက်ကိုင်အဖွဲ့များ အချင်းချင်း သဘောတူညီချက်ဆိုသည်မှာ ဘော်ပင်ဖြင့် ရေးခြစ်မှုသာ ဖြစ်ပြီး တကယ်လက်တွေ့မှာ သေနတ်နှင့် ယှဉ်တွဲ၍သာ စကားပြော ဖြစ်ခဲ့ကြသည်။

မည်သို့ပင် ဆိုစေကာမူ အထက်ဖေါ်ပြပါ အတိုက်အခံပြုနေသည့် ပြည်တွင်း တိုင်းရင်သားအဖွဲ့အစည်းများ၊ လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များ၊ ပြည်တွင်း ပြည်ပ အတိုက်အခံများက စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအား မိမိတို့အနေဖြင့် ဘက်ပေါင်းစုံက ဆန့်ကျင်မည်ဆိုလျှင် သူတလူ ငါတမင်း၊ သူ တသံ ငါ တမူ မဟုတ်ပဲ ညီညွတ်စွာ လက်တွဲပြီး ဆန့်ကျင် ဆောင်ရွက်နိုင်မှသာ စစ်ကျွန်ပြုသည့် ဥပဒေများအား တိုက်ဖျက်နိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်မိသည်။

နောင်လာမည့် အတာကူးသည့် နှစ်သစ်များတွင်လည်း ကလေးသူငယ်များဟာ အပျော်လွန်သူများ အတွက် အရက်ဖြည့်ပေးခြင်း ဒါဏ်၊ အပျော်တခုအတွက် လူ လူချင်း ခေါင်းပုံဖြတ်ခံရသည့် ဒါဏ်များမှ ကင်းလွတ်နိုင်ပါစေဟု …လွင့်မျောရင်းဖြင့်…

ဤတလအတွင်း ဖြစ်ပွားခဲ့သည့် သတင်းများအပေါ် သုံးသပ်ချက်အား ထိုမျှသာဖြင့် ရပ်နားပါရစေ…

 

လူလ

ရွှင်လန်းချမ်းမြေ့ပါစေ…

LEAVE A REPLY

Please enter your comment!
Please enter your name here