ကြပ်နေတဲ့ တိုင်းပြည်က ချတ်နေသူများ ( အပိုင်း – ၂ )

ဟေးးးးးးးးးးးးးးး ဟေး မီးလာပြီ ဗျို့ …… ဖြတ်ကနဲ လင်းလာတဲ့ မီးချောင်း အလင်းတွေနဲ့ အတူ ကျနော်နေရာ အခန်းလေးကို ကျနော် ပြန်မြင်ရပြီ။ စက္ခုအာရုံ ပျောက်ဆုံးနေရာ ကနေ ပြန်ရ လာပြန်ပါပြီ။ ကျနော် ရောက်နေတဲ့နိုင်ငံ ကျနော်နေတဲ့ မြို့မှာက အခုလို မီးပျက် အမှောင်ကျသွားခြင်း။

မီးပြန်လာလို့ လုပ်စရာရှိတာ ကသုတ်ကရက် လုပ်ရခြင်း တို့ဟာ သဘာဝ တာဝန်တရပ်လို ရိုးအီကာ  ခေါက်ရိုးများပင် ကျိုးလို့ အသာကျနေပါပြီ။

ကွန်ပြူတာကို ဖွင့်လိုက်တာနဲ့ ကျနော် ပီဖင်းဂိုးလေးလည်း အသက်ဝင်လာပါပြီ။ ၀န်ဆောင်မှုတွေ တာဝန်တွေ မှတ်သား လက်ဆင့်ကမ်း စရာတွေကို အချိန်မဆိုင်း လုပ်ရပါပြီ။ နံပါတ်လေးတွေ နှိပ်သံနဲ့ အတူ သူတို့လိုရာ စေလိုရာကို ကျနော်လည်း ဆက်သွယ် ခေါ်ငင် ပေးလိုက်ပါတယ်။ တူ … တူ …. တူ….

“ ဟလို .. မောင်လေးလား .. နင်ပိုက်ဆံပို့မယ် ပြောပြီး ခုထိ ဘာလို့ မပို့သေးတာလဲ ဟင်” “ ဟာ.. အမ ကလည်း ဒီမှာ အဆင်ပြေမှ ပို့နိုင်မှာပေါ့ …ဗျ၊ နင် တို့က အလကားနေ ဖုန်းပဲ ခဏခဏ ဆက်နေ။ ဒီပိုက်ဆံပဲ တောင်းနေ။ ဒီမှာ အလုပ်ရှားလို့ ဒုက္ခရောက်နေရတဲ့ အထဲ ” “ ဟဲ့ နင် အဆင်မပြေ ဖြစ်တာက လနဲ့ ချီနေပြီဟဲ့ … စောက်ကောင်ရဲ့ ဒီမှာ နင့် မိဘတွေက ဘာနဲ့ သွားစားမတုန်း။ အပေါက်တွေက ပိတ်ထားလို့ရတာ မဟုတ်ဘူး။ နင့်ကို မလေးရှားပို့လိုက်တာ ဒီက ရှိစုမဲ့စုတွေ ပေါင်နှံရောင်းချပြီး ပို့လိုက်တာ နင် မေ့သွားပြီလား … အလုပ်ကို ကြိုးစားလုပ်ပေါ့ ရတဲ့အလုပ်ကို ရအောင် ရှာလုပ်ပေါ့ …ဟဲ့ …” ။ …..` ဂွပ်´ ………

“ဖုန်းချသွားပြီ ထင်တယ် ….. စောက်ကောင် ။ ကျေးဇူးတရားကို မသိတတ်ဘူး။ ဒီမှာနေတော့လည်း သောက်စားမူးရူး အချိန်ဖြုန်း ။ မထူးဘူး အလုပ်မရှိလို့ ပျင်းလို့ နေမယ်ထင်ပြီး မလေးရှားကို ပို့လိုက်တယ် အဲဒီရောက်တော့ ပိုဆိုးသွားတယ် အိမ်ကို ဖုန်းတချက် ဆက်ဖေါ် မရဘူး။ ပိုက်ဆံလည်း မပို့။ အဆက်သွယ်လည်း မလုပ်…. နီးနေလို့ ကတော့ နင့်ကို ငါ … ပါးရှစ်စိတ်ကွဲအောင် ရိုက်မယ်။

“ အကို …သူ့ကို ဖုန်းထပ်ခေါ်ပေးပါ။”

“တတွတ်တွတ် ဆီမန်း…မန်းသလို ပစိပစပ်ပြောရင်း ဒေါသတွေ အလိပ်လိုက်ထွက်နေတဲ့ အဲဒီ အမျိုးသမီးခမျာ အတော်ဆင်းရဲ ချို့တဲ့နေမှန်း အရောင်လွင့် ဆေးပြယ် ချုပ်ရာဗရပွနဲ့ သူ့အဝတ်အစား။ သူ့ပုံပန်း။ ပိန်လှီပြီး သွေးကြောတွေတောင် ပေါ်နေတဲ့ အသားအရေ ခြောက်ခြောက်တွေက အထင်အရှား ပြဆိုနေပေရောလား  ဗျာ… ။

ဒီနေ့ စစချင်း ထူးမခြားနားတဲ့ ငွေတောင်း ရန်တွေ့တဲ့ ဇာတ်ဝင်ခန်းတွေကို ကျနော် ကပြ သရုပ်ဖေါ်ပေးခဲ့ ရပြန်ပြီ။

အင်း နောက်တယောက် ဘယ်သူများ လာအုံးမှာပါလိမ့် …..?

ဖုန်းခေါ်တဲ့ တီးလုံးသံလေး အဆုံး….. ဟလို ဆိုတဲ့ အသံကြည်ကြည်လေး ထွက်လာပါတယ်။

ကျနော့်ရှေ့က ဖုန်းပြောဖို့ စောင့်နေတဲ့ မိန်းမကြီးက ကွမ်းယာ ပလုပ်ပလောင်းနဲ့ သူ့မျက်ဝန်းနီနီကြီးကို ဟိုကြည့်သည်ကြည့်နဲ ဂဏှာမငြိမ် ဖြစ်နေပုံပါ။ သမီးလုပ်သူရဲ့ စကားသံ ကြားတာနဲ့ အင်မတန် ၀မ်းသာသွားပုံ ရပါတယ်။” “ သမီးနေကောင်းလား .. သမီး မငိုနဲ့လေ.. အမေတို့ ခွဲနေကြရတာ တနေ့ အဆင်ပြေလာဖို့ပဲလေ သမီးရဲ့”

“ အေးပါကွယ် အမေဖုန်းဆက်တာ ဒီအတွက်ပါပဲ။ သမီးရယ် ။ တကယ် အမေတို့လည်း ကြပ်နေလို့ပါ။ သမီး ပို့တဲ့ ပိုက်ဆံကို ဒီတခါ တကယ် အကျိုးရှိအောင် သုံးပါမယ် သမီးရယ်။ အမေ့ကို မယုံဘူးလား။ အမေ ချဲလည်း မထိုးတော့ပါဘူး။ နှစ်လုံးလည်း မထိုးတော့ပါဘူး သမီးရယ်။ စိတ်ချပါ ”

“ တစ်သိန်းထဲလား အဲလောက်နဲ့တော့ မလောက်ဘူးလေ သမီးရယ် ဒီခေတ် ဒီဈေးနှုန်းနဲ့ သုံးသိန်းလောက်တော့ ပို့ပေးပါလား သမီး ”

အင်း…..ဒီလို ဗျာပါဒတွေ နိစ္စဓူဝ ကြံုပါများတော့ သိပ်စိတ်ညစ်တာပဲ…..။

ကျုပ်တို့ ဆီမှာ ဆို မြေအောက်ရထားတွေ တဝေါဝေါ။ မြေပေါ်ကားတွေ တဝီဝီ လေယာဉ်တွေ မိနစ်တိုင်း ဆင်းလိုက်တက်လိုက် လူတွေကလည်း ပျားပန်းခပ်နဲ့ မျက်စိတော့ရှုပ်တယ် ဒါပေမယ့် ကျုပ်တို့ နိုင်ငံသားတွေ အားလုံး အဆင်ပြေတယ်။ ဘာမှ ပူစရာမရှိဘူး။ ဒါပေမယ့် ပျော်ရာမှာ မနေရ တော်ရာမှာ နေရတဲ့ ကျုပ်အဖို့ တာဝန်အရ မြန်မာပြည်မှာ လာနေရ။ တယ်လဲ…..မပျော်ပိုက်ပါဘူး။ လျှပ်စစ်မီးကလည်း ခဏခဏပျက်။ နေကလည်း တအားပူ။ ခြင်၊ ယင်၊ ပိုးဟပ်တွေကလည်း ဟိုက သည်ကပြေး။ ကျုပ်နေတဲ့ ကွန်ပြူတာနားမှာ တဝီဝီနဲ့ … ပီဖင်းဂိုး လေ … သိပ်စိတ်ညစ်တယ်။

အော်ဒါနဲ့ ကျုပ်ပြောလက်စ စကားလေးတွေ ပြန်ဆက်ချင်သေးလို့ …. ဗျ။ မီးပျက်သွားလို့ တစခန်း ရပ်ထားခဲ့ရတဲ့ မြန်မာပြည်သားတို့ အကြောင်းတွေ ဆက်ပြောအုံးမယ်ဗျာ။ စိတ်နဲ့ခံစား မျက်စိနဲ့ နားထောင်ဦးတော့ဗျို့……………..

“ အမေ …. သမီးတို့မှာ ဒီအမေ တယောက်ပဲ ရှိတာပါ? … အမေရယ်။ အမေမှ မကယ်ရင် သမီးတို့ ဒုက္ခတွေ တလှေကြီး ရောက်ရတော့မယ်။ အမေ။ သမီးတို့ကို ပစ်မထားပါနဲ့ အမေရယ်နော်……. နော်´´ အသက် သုံးဆယ့်ငါးလောက်ရှိတဲ့ အမျိုးသမီးတယောက်က ကျုပ်ကိုဖြတ်ပြီး အမေရိကန်ပြည်က သူ့အမေကို ပြောနေပုံပါ။ ဟိုဘက်ကလည်း ဆုံးမစကားတွေ တသီကြီး နှုတ်ခွန်းချွေ ချပါတော့တယ်။ ကျမ်းမာရေး ဂရုစိုက်ဖို့ တရားတဘောင် အမှုအခင်းတွေ မဖြစ်အောင်လို့ ငွေကိုချွေတာသုံးဖို့ အမေတို့ တတ်နိုင်သရွေ့တော့ ပို့ပေးမယ် မပူနဲ့ စသည်ဖြင့် ပြန်ပြောပါတယ်။ သူတို့သား အမိ စကားတွေ ဖေါင်ဖွဲ့အပြီး ဆက်ပြီး၊ လာမယ် တန်ဆောင်မုန်းကျရင် ကထိန်ခင်းဖို့ အမေပြန်လာမယ် ဆိုတဲ့ အကြောင်း။ ရပ်ကွက် က ဘုန်းတော်ကြီးကျောင်းမှာ အလှူလုပ်ဖို့ ပြင်ဆင်ထားဖို့ အကြောင်း အစုံအလင်ပဲ … ဗျို့ ပြောကြတာ ။

ကျုပ်တော့ ပီဖင်းဂိုး ဘဝနဲ့ မြန်မာစကားပေါင်း သိန်းသောင်းချီ ကြားခဲ့ ဖူးပါပြီ။ ဒီ … သားအမိလောက် ပြေလည်ငြိမ်းချမ်းတာ သဟဇာတ တည့်တာမျိုး မတွေ့မိ သလိုပါဘဲ။ ဒါနဲ့ပဲ သူတို့ စကားပြောပြီး ပြန်သွားမှ ဆိုင်ရှင်နဲဲ့ အခြားလူ တယောက်ပြောနေတဲ့ စကားတွေကြားမှ ကျုပ် သိပ်အံ့ဩသွားတယ် မြန်မာ့ လူနေမှုစနစ်နဲ့ အတော် အံကျနေတဲ့ ….ကျုပ် မင်သက်သွားရတယ်။ အခုလေးတင် ဖုန်းပြောပြီး ပြန်သွားတဲ့ အမျိုးသမီးနဲ့ နိုင်ငံခြားက သူ့ အမေဆိုတာဟာ သားအမိ မဟုတ်ဘူးဆိုပဲ။ အမေလို့ သူခေါ်နေတဲ့သူဟာ မိထွေးဆိုပဲ။ သူ့ အဖေရဲ့ နောက်မိန်းမ ဖြစ်ခဲ့သူတဲ့…. ကျုပ်တို့ ကြားဖူးတာကတော့ သားသမီးတွေဆိုတာ မိထွေးတို့ ပထွေးတို့ကို နီးနေတုန်းသာ မဟန်လို့ အောင့်သက်သက် ဆက်ဆံရတာရှိမယ်။ စိတ်ထဲ ဘယ်ကျေနပ် ခင်တွယ်ပါလိမ့်မလဲ။

ဟွန့်! …အခုတော့ အမေ အမေနဲ့ အမေပေါင်း အခွန်းရာချီပြီး ချွဲနွဲ့ခေါ်ဆိုနေတာ သူတို့ချင်း ပြေပြေလည်လည် ရှိနေတာတွေ့တော့ ထူးဆန်းတာပေါ့။ အရင်းစစ်ကြည့်မိတော့မှ သူတို့ သားအမိတွေ ဇာတ်လမ်းကို သိရတော့တယ် သိပ်သနားဖို့ကောင်းတာပဲ။ မြန်မာပြည်ထဲက သမီးဆိုသူနဲ့ သူ့ အဖေ (ဟိုက မိထွေးရဲ့ ခင်ပွန်းဟောင်း)တို့မှာက ဆင်းရဲလိုက်တာ ချာချာကိုလည် နေတာပဲ။ စားဝတ်နေရေး အင်မတန်ခက်ခဲ။ ရုန်းကန် ပင်ပန်းလွန်းတော့ ပြည်ပရောက်နေတဲ့ မိထွေးဆီက ရသလောက် မုန့်ဖိုး ထမင်းဟင်းဖိုးကို တောင်းပြီး ဟိုကပို့ပေးတဲ့ ငွေလေးနဲ့ အသက်ဆက်နေကြရရှာမှန်း သနားစရာ တွေ့ရတယ်။ အော် ငွေ … ငွေ… ငွေကြောင့် ပဲ၊ မိထွေးကို အမေလို့ နှုတ်ဖျားက မချ တသသ ခေါ်တာလား ဒါမှမဟုတ် မိထွေးကပဲ အမေစိတ် မိခင်စိတ် အပြည့်နဲ့ ဒီကလေးတွေကို ပြုစုစောင့်ရှောက်ခဲ့လို့ အခုတိုင် မြေးတွေချီရမယ့် အရွယ်ထိ သားအမိတွေ အဆင်ပြေပြေ နေနိုင်တာလား မသိ။ ဘာပဲပြောပြော ဆင်းရဲလွန်းတဲ့ နိုင်ငံထဲ မြန်မာပြည်ထဲက မိသားစုတွေကိုပဲ သနားကြင်နာ မိတော့တယ်။

ဟော …. သူတို့ အုပ်စုတတွေ ပြန်သွားပြီးတဲ့ နောက် ၀င်လာတဲ့ လူတစုနဲ့ကျမှ အတော်ကို သံဝေဂ ရမိတော့တယ်။ စောစောက မိသားစုတွေကျ ငွေရှိလို့ငွေပို့လို့ပဲ ဆိုဆို မိထွေးကို အမေ တကြော်ကြော် ခေါ်လို့ အခိုက်အတန့်တော့ ကြည်နူး ချမ်းမြေ့စရာပါပေပဲ …လေ။

အခု ၀င်လာတဲ့ အဖိုးကြီးတယောက်ရယ် လူရွယ်တယောက်ရယ်က မလေးရှားက သူ့သမီးကို ခေါ်ပြီး စကားပြောကြတယ်။ ဖုန်းခေါ်လို့လဲ ရလည်းရရော အဖိုးကြီးက ၀မ်းနည်းပက်လက်နဲ့ ငိုတော့တာပဲ ရှိုက်ကြီးတငင်နဲ့ သူ့သမီးကို စကားပြောနေရပုံများ ကျုပ် ပီဖင်းဂိုးတောင် ၀မ်းနည်းမိတယ်။ သူတို့ ပြောနေတာတွေက ဘာမို့လဲ။ အဘိုးကြီးရဲ့ ဇနီးက ဆုံးသွားပြီ။ အဖိုးကြီးမှာ နေစရာ စားစရာ အခက်ခဲတွေအပြည့် ကြံုနေရလို့ တိုင်းတပါးက သူ့သမီးကို လာတိုင်တာ။ အဖိုးကြီးမှာ သားတွေ ရှိပါတယ်။ ဒါပေမယ့် အရက်ကို ရေကုန်ရေခန်း အသေအလဲသောက်ပြီး ရမ်းကားချင်တိုင်း ရမ်းကားနေတဲ့ သူ့သား အငယ်တွေအတွက် အဖိုးကြီးမှာ ၀မ်းနည်းပက်လက် ဖြစ်ရတယ်။ ခိုကိုးရာမဲ့ ဖြစ်နေရရှာတယ်။

ဘယ်လောက်ဆိုးတဲ့ သားဆိုးလည်း ဆိုရင် မူးမူး မမူးမူး သူ့အဖေကို နှစ်ပြားမတန်အောင် ပြောဆို ဆက်ဆံသတဲ့။ စားစရာလည်း မကျွေးဘူး နေစရာတောင် မပေးဘူးဆိုပဲ။ အိမ်ရှင်မ အဖွားကြီး ရှိစဉ်တုန်းက သားငယ်လေးမို့ အလိုလိုက်ပြီး မပြောရက် မဆိုရက် နေခဲ့ရာကနေ အခု အရက်သမားကြီး လုံးလုံးဖြစ်မှ ပြုပြင်မရ ပြောင်းလဲမရ ရိုင်းချင်တိုင်း ရိုင်း လုပ်ချင်ရာလုပ် သူ့ အပေါင်းအသင်းတွေ ဖြစ်တဲ့ စွမ်းအားရှင်အဖွဲ့ အားကိုးနဲ့ ထင်ရာစိုင်း နေတော့တယ်တဲ့ စွမ်းအားရှင် ဆိုတာ ဘာလဲ? ကျုပ်မသိပေါင် ဒါပေမယ့် သူတို့ ပြောစကားကို နားထောင်ပြီး စွမ်းအားရှင်ဆိုတဲ့ အကောင်တွေဟာ မဟုတ်တာ အကုန်လုပ်မယ့် အတန်းအစားမျိုး ဖြစ်လိမ့်မယ် ဆိုတာတော့ ကျုပ်တွေးမိတယ်။

အဲဒီလို ဇနီးဆုံးသွားလို့ အထီးကျန်ခဲ့တဲ့ အဖေအိုကို ပြုစုစောင့်ရှောက်ဖို့ ဝေးစွ သူ …. အရက်သောက်ရဖို့ပဲ လုံးပမ်းနေတဲ့ သားဆိုးကြောင့် ဒုက္ခပင်လယ်ဝေ နေရတဲ့ အဖိုးအိုဟာ စကားပြောရင်း ပြောရင်း ရှိုက်ရှိုက်ငိုနေတယ်။ နိုင်ငံခြားက သမီးဖြစ်သူက ချော့တယ် ထင်ပါတယ်။ ပါလာတဲ့ အဖေါ်တဦး (သူ့သားကြီး ဖြစ်ပုံရတယ်။ ဆင်းရဲ နွမ်းပါးလှပုံလည်း ပေါ်ပါတယ်) က ချော့မော့ဖြေ သိပ်နေပါတယ်။ ကြည့်ရတာ စိတ်မကောင်းလိုက်တာ။ ဆိုင်ရှင် အကိုကြီးကလည်း ဂရုဏာသက်တဲ့ မျက်ဝန်းနဲ့ ကြည့်ပြီး ပြံုးပြနေတာလည်း တွေ့ရပါတယ်။ သူတို့ ခမျာ ကံဆိုးလှချည်ရဲ့ပေါ့။ ကျုပ် ပီဖင်းဂိုး ကတော့ တွေးမိတာပေါ့လေ သူတို့ ကံဆိုးတာ ကြတာ ဘာတဲ့ရယ်… သတင်းစာထဲ တီဗွီထဲ ခဏခဏပါတဲ့ ဦးထုပ်ဆောင်း၊ ဘောင်းဘီဝတ်တဲ့ နေပြည်တော်က သူတွေ ကြောင့်လည်းပါတယ် ထင်မိပါတယ်။ နောက်… သူတို့ မြန်မာနိုင်ငံရဲ့ စနစ်ကြောင့်လည်း ပါတယ်လို့ကို သုံးသပ်မိတယ်။

ဘာကြောင့်ဆို ဥပမာ တခုပြောပြချင်တယ် ကျုပ်တို့ စင်ကာပူမှာ အရက်၊ ယမကာ ဆိုတာကို အခုလို ချေးပေါသေးပေါ သောက်လို့ မရနိုင်ဘူးလေ။ လူမှန်းမသိ သူမှန်းမသိအောင် မူးယစ်ရမ်းကားတာမျိုး ကိုလည်း ဥပဒေက လက်မခံဘူးလေ၊ မိမသိ ဖမသိ မူးယစ်ရမ်းကား နှိပ်စက်တာမျိုးကိုလည်း ဥပဒေအရရော လူမှုရေး စည်းကမ်းတွေ အရပါ လက်မခံဘူး။ အခုတော့ ဒီလို အဖြစ်ပျက်မျိုးတွေ ဆင်းရဲတွင်းနက်မှုတွေ အရက်သမား လောင်းကစားသမား ဖြစ်မှုတွေ စည်းမဲကမ်းမဲ့မှုတွေ သားသမီး ညီအကိုချင်း ညီညွတ်မှု မရှိတာတွေ ။ ကိုယ့်ဆီ ချို့တဲ့ဆင်းရဲမှု နာတာရှည်နေတာတွေ ကြည့်ရင်း ကျုပ် အတွေးတခု တွေးမိတယ် ။ ဒီလို နိုင်ငံသားတွေ ဒီလို မျိုးဆက်တွေကြောင့် ဒီမြန်မာနိုင်ငံဟာ ဒီလောက်နှစ်ပေါင်း လေးဆယ်လောက်အတွင်း ဒီလိုဆင်းရဲ စုတ်ပြတ်မွဲတေ သွားတာပဲဖြစ်ရမယ် ဆိုတာပါပဲ …လေ။

နို့ … ဒါပေမယ့် နိုင်ငံသားတွေ ညံ့လို့လား မဟုတ်ရပြန်ဘူး ဒီနိုင်ငံရဲ့ လွဲချော်နေတဲ့ စနစ်ကြောင့်လို့ ရဲရဲတွေးမိတယ်။ ဒီစနစ်ရှိသရွေ့ ဒီနိုင်ငံ တိုးတက်ဖို့ လမ်းမရှိနိုင်ဘူး ဆိုတာ ကျုပ်လို ပီဖင်းဂိုးတောင် သိသေး… ဘာတဲ့ …. ရယ်၊ ဟိုလမ်းထိပ် လဘက်ရည်ဆိုင်က ဟောင်ဖွာ ….ဟောင်ဖွာပြောတတ်ပြီး  ကြယ်တံဆိပ်နဲ့ ဘယ်ပါတီက ဆိုလား ? ထော်လော် ကန့်လန့်တိုက်  အမှန်အတိုင်း ပြောတတ်တဲ့ ဘိုးတော် ပြောနေကျစကားလို ဋ္ဌားပြောရယင် “ တွင်းဆုံးကျ နေတဲ့ တိုင်းပြည်တဲ့” အေးရော… မဟုတ်လား? … အဲ…..အဲ…… ဟော မီးပျက်သွားပြန်ပီ။

LEAVE A REPLY

Please enter your comment!
Please enter your name here