ဗီဇကို အဇ္ဈတ္တ နဲ့ ရောယှက်လို့ သမမွှေ

နေရာကား အမေရိကန်နိုင်ငံ အနောက်မြောက်ပြည်နယ်ရဲ့ နည်းပညာ အဖွံ့ဖြိုးဆုံး ဒေသဟု ခေါ်ဆိုသော ဆီအက်တယ်လ်မြို့၊ အထပ်မြင့် ကွန်ကရစ် တောအုပ်ကြီးများရှိရာ မြို့လည်ရှိ နိုင်ငံတကာ ခမ်းမဆောင် တခုတွင် ကမာ္ဘ့ထိပ်သီးနိုင်ငံများ၏ ဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲ တခု ကျင်းပတော့မည့် အချိန်။

ထိုနေ့ကို အမေရိကန် ပြည်ထောင်စု ဗဟို လုံခြံုရေးဗျူရိုမှ တမြို့လုံး လုံခြံုရေး အထူးတိုးမြင့် ချထားလိုက်ပြီး၊ မြို့လည် ခမ်းမတခု၏ ဧရာမ အဆောက်အဦးရှေ့တွင် အခမ်းအနား မစခင် နိုင်ငံတကာမှ ဆေးပညာရှင်၊ လောကဓါတ်ပညာရှင်များ ပျားပန်းခတ်မျှ ဟိုတစု ဒီတစု  စကားစမြည် ပြောဆိုနေကြသည်၊ ယင်းဒေသခံ ဘိုးရင်းလေယာဉ် ကုမ္မဏီ နှင့် မိုက်ခရိုဆော့(ဖ်) ကမာ္ဘကျော် သူဋ္ဌေးကြီး ဘီးလ်ဂိတ် ဖေါင်ဒေးရှင်း က ယခု သုတေသန ကွန်ဖရင့်အား စပွန်ဆာ ပေးသည်ဟု ထိုနေ့ထုတ် ဆီအက်တယ်လ် တိုင်းသတင်းစာ တွင် အကျယ်တဝင့် ဖေါ်ပြထားသည်။

အကြောင်းအရာ ကတော့ ကမာ္ဘပေါ်တွင် ရောဂါဘယ သယ်ဆောင်မှု အမြင့်ဆုံး ဖြစ်တဲ့ ခြင်နဲ့ကြွက်ကို မျိုးရိုးဗီဇ လှုံ့ဆော်စေကာ လျော့ပါးအောင် ပြုလုပ်စေနိုင်ခြင်း အားဖြင့် ရောဂါဘယ သယ်ဆောင်နိုင်သော စကင်ဒရီ ပါစင် ပိုးမွှားများအား လျော့ပါးအောင် လုပ်နိုင်ပြီးဟု ယခင်၂ပါတ်လောက်က မြန်မာနိုင်ငံ၏ စစ်အစိုးရပိုင် မီဒီယာများမှ ရဲရဲတောက် ကြေညာချက်နှင့် အတူ ကမာ္ဘ့ဆေးကောင်စီသို့ အကြောင်းကြား လိုက်သည်ကို ကမာ္ဘ့ထိပ်သီးနိုင်ငံများမှ ယခုကဲ့သို့ ကွန်ဖရင့် ကြားနားပွဲဖြင့် လူသားအကျိုးပြု နည်းလမ်းအား အလျှင်အမြန် လူသားများ အသုံးချနိုင်ရန် အတွက် ယခုကဲ့သို့ ဆောလျှင်စွာ စီစဉ်ခဲ့ရခြင်း၏ အခြေခံပင် ဖြစ်တော့သည်။

မြန်မာနိုင်ငံ၏ တွေ့ရှိချက်ကို ကွန်ဖရင့်တွင် တင်ပြရန်အတွက် မြန်မာနိုင်ငံ ဆေးပညာရှင်များ အဖွဲ့ ဆေးကောင်စီအား ဦးစီးလာသူမှာ တိုင်းရင်းသူ ကချင် အမျိုးသမီးဖြစ်သော ဒေါက်တာ ဂျိမ်းလုဆန် ဖြစ်သည်၊ ( အမေရိကန်တွေက Middle Name ထည့်သုံးလေ့ သုံးထ မရှိပါဖူး ၊ ဒီတော့ ဒေါက်တာ ဂျိမ်းဆန်လို့ပဲ ခေါ်ကြခြင်း ဖြစ်သည် ) အခမ်းအနား စလျှင်စခြင်း၊ ကမာ္ဘ့တော်ဝင် ဆေးကောင်စီမှ ပရော်ဖက်ဆာတဦးမှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားကာ ဆင့်ကဲ ဆင့်ကဲပင် ကုလသမဂ္ဂ ကမာ္ဘ့ကျန်းမာရေး အဖွဲ့၊ အမေရိကန်နိုင်ငံ ဆေးပညာရှင်များ အဖွဲ့တို့နှင့် ဖိတ်ကြားထားသော ကမာ္ဘ့ထိပ်သီး ဆေးပညာတိုးတက်သော နိုင်ငံများမှ ပညာရှင်များ အမှာစကား အသီးသီးပြောကြားကြ၍ အခမ်းအနားကို မွန်းတည့်ချိန်တွင် ခေတ္တရပ်နား၍ နေ့လည်စာ စားသောက်ကြသည်။

နေ့လည်စာ စားအပြီး အဆောက်အဦးရှေ့ ပန်းခြံမှာတော့ နိုင်ငံတကာမှ ဆေးပညာရှင်များ ပါးစပ်ဖျားမှာ မြန်မာ သုတေသီ ဒေါက်တာဂျိမ်းဆန် အကြောင်း တီတိုး သဖန်းပိုး ထင်မြင်ချက် ပေးနေကြကာ၊ ဒေါက်တာဂျိမ်းဆန် ဆိုတဲ့ ကချင်အမျိုးသမီးဟာ တိဘက်တို ဘာမင်နွယ်လို့ အရပ်မြင့်တယ်၊ ငယ်တယ်၊ လှတယ်၊ ချောတယ်၊ တော်တယ် စသဖြင့်နဲ့ပေါ့၊ တွေ့ရှိချက်ကလည်း သူတို့ ဆေးပညာလောက ရင်ကိုဆွဲရမ်း တုန်လှုပ်စေတယ်၊ ဒီလို ထင်မြင်ချက်တွေ ပေးနေကြပါတယ်။

အခမ်းအနား စတာနဲ့ ဒေါက်တာ ဂျိမ်းဆန်ရဲ့ သုတေသန တွေ့ရှိချက်တွေကို စာတမ်းဖတ်တော့ လွန်ခဲ့တဲ့ နှစ်က မြန်မာနိုင်ငံ အနောက်မြောက်ဖက် ချင်းပြည်နယ်မှာ အနှစ် ၅၀မှာ တကြိမ်သာဖြစ်လေ့ ဖြစ်ထရှိတဲ့ ဝါးပင်တွေ ဝါးသီးပွင့်ရာက ဒေသတွင်း ကြွက်တွေမှာ မျိုးရိုး ဗီဇလှုံ့ဆော်မှု ဖြစ်ပြီး ရက်ပိုင်းအတွင်း မျိုးပွားနှုန်း တိုးတာကို ဩစတြေးလျား ဆေးသုတေသီတွေနဲ့ အပြိုင် မြန်မာဆေးသုတေသီတွေ သုတေသန ပြုလုပ်ရာက မြန်မာဆေးသုတေသီ အဖွဲ့မှ ရလဒ်ကောင်းတခု တွေ့ရှိပြီး မျိုးပွားနှုန်း လျှင်မြန်တာကို တိုက်ဖျက်ဖို့ မျိုးရိုးဗီဇ ဗြောင်းပြန်လှန်သော (DNA Divert) နည်းပညာနဲ့ ယခုရလဒ် အဖြေကို တွေ့ရှိရတာ ဖြစ်ကြောင်း၊ အကျိုးသင့် အကြောင်းသင့် ရှင်းပြတာတွေနဲ့ တနေကုန်ပြီး၊ မနက်ဖြန်မှာ ဆလိုက် ပရိုဂျက်တာတွေနဲ့ ထပ်မံ အသေးစိတ် ရှင််းပြမှာ ဖြစ်တယ်လို့ ကြေညာလိုက်တာနဲ့ အတူ အနောက်နိုင်ငံ ထုံးစံအတိုင်း သူတို့စိတ်ထဲ လှိုက်လှိုက်လှဲလှဲ ရှိတဲ့ ကိစ္စတွေမှာဆို တုန့်ပြန်တဲ့ ပုံစံမျိုးနဲ့ မတ်တပ် ထရပ်ကြပြီး လက်ခုပ် ဩဘာပေးကာ ဒေါက်တာ ဂျိမ်းဆန်ကို ဂုဏ်ပြုထောပနာပြုပါတယ်။

သူမဟာ ကျန်းမာရေး လိုက်စားသူပီပီ တနေ့တာ ပင်ပမ်း နွမ်းနယ်ခဲ့တာတွေကို တည်းခိုနေတဲ့ ကြယ်ငါးလုံး အဆင့်ဟိုတယ်ရဲ့ ဂျင်းမ်(အားကစားရုံ) သွားပြီး နွမ်းနယ်သမျှကို ရေမချိုးမီ နာရီဝက် လေ့ကျင်ခန်းလုပ် အကြောဖြေကာ ၅၅ ထပ်က အခန်းပြန်၍ ရေးမိုးချိုးပြီး ပြန်အထွက်မှာ ဖုန်းလာလို့ ရီမုတ်ကွန်ထရိုး နဲ့ ရုပ်မြင်တယ်လီဖုန်း စပီကာ လှမ်းဖွင့်လိုက်တော့ ရှေ့တည့်တည့်က ပစ္စဖိတ်သမုဒ္ဒရာကို လှမ်းမြင်ရတဲ့ ဧည့်ခန်းနံရံ ဖန်သားပြင်က ရုတ်တရက် မဲမှောင်ကျသွားပြီး တီဗွီစခရင်ပေါ်လာကာ အခမ်းအနား စီစဉ်သူ ဧည့်ကြိုဋ္ဌာနမှ ခရစ္စတီးနား၏ ရုပ်ရည် ဖန်သားပြင်ပေါ်တွင် ပေါ်လာပြီး၊ သူမမှ နောက် နာရီဝက် အကြာတွင် ဟိုတယ်အောက်ထပ်မှာ ကားစောင့်နေမည် ဖြစ်ကြောင်း၊ မိုက္ကရိုဆော့(ဖ်) သူဋ္ဌေးကြီး ဘီးလ်ဂိတ် နေထိုင်သော ရက်ဒ်မွန် ပင်နီဆူလာကျွန်းတွင် ဒေါက်တာ ဂျိမ်းဆန်အတွက် ညနေစာ တွေ့ဆုံစားပွဲ စီစဉ်ထားကြောင်း ထပ်မံအသိပေး ပြောလာသဖြင့် အချိန်မှီ ရောက်လာမည်ဖြစ်ကြောင်း ခရစ္စတီးနားထံ ဒေါက်တာ ဂျိမ်းဆန် လှမ်း၍ ပြန်လည်အဖြေ ပေးလိုက်တော့သည်။

တနေ့လုံး ပင်ပမ်းပြီဖြစ်လို့ ရေမိုးချိုးပြီး ညနေစာ ဒင်နာပွဲအတွက် ပြင်ဆင်ရန် ရေချိုးခန်းမှ ပတ်လာသော တဘက်အား ကိုယ်မှခွာချ၍ ကိုယ်လုံးပေါ် မှန်တင်ခုံရှေ့ ထိုင်လိုက်သည် ဆိုယင်ပဲ မှန်ရှေ့တွင် ဝှီးးးးးးးးးးးးးးးး …. ကနဲ မြည်အောင် ဖြတ်၍ ပျံသန်းသွားသော ခြင်တကောင်ကို တွေ့လိုက်ရာ အံဩ တုန်လှုပ်ခြင်းကြီးစွာ ဖြစ်ရ၍ စိတ်ထဲက ကျန်မာရေး ကွန်ဖရင့်က ထားပေးတဲ့ ဒီလို ဟော်တယ်မှာမှ ဒါမျိုး ဖြစ်ရသလား? အတွေးထဲ ဒိန်းကနဲ စိတ်စနိုးစနှောင့် ဖြစ်သွားတာမို့ အရေးပေါ် နံပါတ်နှိပ်၍ အင်ဖေါ်မေးရှင်းဋ္ဌာနသို့ သူမအခန်းတွင် ခြင်တွေ့ကြောင်း အကြောင်းကြားလိုက်ရာ မိနစ်ပိုင်းမျှ အကြာတွင် ဟော်တယ်၏ အထက်၊ အောက် ၅ထပ်အား ဋ္ဌာနေ ရုပ်မြင်သံကြားများ၊ မီဒီယာများမှ အရေးပေါ်အခြေအနေ ကျရောက်သောဒေသ အဖြစ်သို့ ကြေညာ လိုက်တော့သည်။

ထိုကြယ်ငါးပွင့် ဟိုတယ်တခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ၊ ဒေသခံ ကျန်းမာရေးဋ္ဌာနမှ အင်မားရှင်း ဆု(တ်) လို့ခေါ်သော ကာကွယ်ရေး ဝတ်စုံများ ဝတ်၍ ဒေါက်တာ ဂျိမ်းဆန်၏ အခန်းအား ရုတ်ချည်းဖွင့်၍ ပိုးသတ်ဆေးများ မှုတ်ကာ လာရောက် ကယ်တင်သည်၊ ကယ်ဆယ်ရေးအဖွဲ့၏ ခေါင်းဆောင်မှ ပိုးသတ်ထားသော ဆေးစောင်အား သူမအား လွှမ်းခြံုပေးလိုက်၍ အစောင့် အကြပ်များဖြင့် ခြံရံကာ ဓါတ်လှေကားဖြင့် အရေးပေါ် လူနာတင်ယာဉ်တွင် ခေါ်ဆောင်သွားစဉ်၊ မော်တော်ယာဉ်ပေါ်မှ သူနာပြုမှ ဖေါ်မင်းဓါတ်ပါသော မေ့ဆေး သုတ်လိမ်းထားသော လက်ကိုင်ပုဝါဖြင့် ဒေါက်တာ ဂျိမ်းဆန်၏ မျက်နှာတွင် အုပ်လိုက်စဉ် အသိက ရတချက် မရတချက်ဖြစ်ကာ စက်နှိုးထွက်သွားသော သူနာပြုကား ယာဉ်မှာ ပီးပေါ်… ပီးပေါ်…. ပီးပေါ် ဟု မမြည်ပဲ ထရံအား ဒုတ်နှင့်ရိုက်သလို တဘုန်းဘုန်း သာမြည်နေလေ တော့သည်။

ခြေထောက်နဲ့ လက်တွေမှာ ဆစ်ကနဲ ဆစ်ကနဲ ဖြစ်နေပါတယ်လို့ အာရုံထဲ ထင်နေတုန်းမှာပဲ “ကဖိုးမောင်” ….. “ကဖိုးမောင်” ….. ခပ်အုပ်အုပ် ခေါ်သံကြားမှပဲ ဂျမ်းစိန်မ က ….. “ကဖိုးမောင် …..! ဖြူစိမ်း ရှင့်ကို လာနှိုးနေပြီ”… “ဟယ်…. ရှင့်မှာလဲ .. ဒီခုံကြီးမှာ ငုတ်တုတ် အိပ်ရတယ်လို့”… ခုနှစ်အိမ်ကြား အော်တော့မှပဲ ကမန်းကတန်း ထလို့ ခြေထောက်တွေ လက်တွေမှာ အလှူဒါနပြုကြ သူဌာလို သွေးစုတ်နေတဲ့ ခြင်တအုပ် ဝုန်းကနဲ ထလို့ ပျံကြပါတယ်၊ တချို့မှာလဲ သွေးတွေဝလို့။

“အေးကွာ …. ည၁၂နာရီထိုးမှ မီးခဏ လာလို့ စာလေး ထရေးနေယင်း …… လွှတ်ကနဲ …… အိပ်ပျော်သွားလို့ပါ …ကွာ”လို့ အိပ်မှုံစုန်မွှားနဲ့ ဖြေတော့ ….

“ရှင့်…မလဲ … ဂျာနယ်လေး တခုမှာ စာတပိုဒ် လောက်ပါဖူး ပါတယ်၊ ကျုပ်မှာလဲ …..ကုန်လိုက်တဲ့ မီးဖိုး….”

“ရှင် … သေစာ… ရှင်စာလောက်တတ်တာ …ကျုပ်တို့ မိသားစု မီးဖိုးနဲ့ကို ဒုက္ခကိုရောက်ရော….”

အဲလို နံနက်ချိန်ခါ တေးသံသာ ငြီးချင်း ဖွင့်ပါလေရောလား …ဗျာ….

ဒါနဲ့ ….. “အေးပါကွာ …. ဂျိမ်းဆန်… ရာ…”

ရုတ်ခြည်း ….လွှတ်ကနဲ ပြောမိကာမှ …

“သေချင်းဆိုး …. ရှင်ဘာ ကယောင်ကတမ်းနဲ့ စောစောစီးစီး ဘယ်ကောင်မ အကြောင်း တွေးနေပြန်ပြီလဲ …..”

ဆိုပြီး အခါတော် ပေးနေပြန်ပါတယ်။

ဒါနဲ့ … အိမ်ရှေ့ ရေကပြင်က စဉ့်အိုးမှာ မျက်နှာထွက်သစ်ပြီး၊ သောက်ရေအိုးစဉ်က ရေအိုးမှာ ရေကို တဂျစ်ဂျစ် မြည်အောင် ခပ်သောက်ပြီး ဖရီးဂျက်ကက် ထပ်ဝတ်ကာ စောင့်နေတဲ့ ဖြူစိမ်းနောက် ထွက်လိုက်မလို့ လုပ်တော့ ဂျမ်းစိန်မက မီးဖိုထဲကနေ လှမ်းအော်လိုက်သေးတယ်၊

” ကဖိုးမောင်….ဒီည ကြွက်ထိုးယင် ပိုရအောင် ဂရုစိုက်နော် “… သောက်ဂန်းမ … အခုတော့ သူလိုချင်တာ ရှိတာနဲ့ အသံကိုက ချွဲပြစ်လို့…ဟွန်း !

“လမ်း၃၀က မာမွတ်ဘိုင် မနေ့က လာပြောသွားတယ်” …..

“ဆူးလေမှာ ညနေပိုင်းဖွင့်တဲ့ သူ့ဆိုင် ဆိတ်သားကင်ရောင်း ကောင်းလာလို့ ….. ရသမျှ ကြွက် သူယူမယ်တဲ့ …တော် …..ရေ”….

“ကျမလဲ ရှင်ပြန်လာယင် ဝမ်း အဟာပြေ စားရအောင် ဇကွဲဆန်ပြုတ် ပြုတ်ထားလိုက်မယ်”……..တဲ့။

စီးပွားရေးကြပ်လို့ ဖုတ်လှိုက်ဖုတ်လှိုက် အိပ်မောကျနေသော ရန်ကုန်မြို့ အမှိုက်ပုံ များရှိရာသို့ ကြွက်ဖမ်း ထွက်လာကြသော ကဖိုးမောင်မှာ ဆရာဇော်ဂျီ၏ ဇါတ်လိုက် တော်လှန်ရေးသမား ဖိုးမောင် မဟုတ် … ဂျိမ်းဆန် (ခ) ဂျမ်းစိန်  တဖြစ်လဲ ၏ နိစ္စဓူဝ ကိစ္စတွေကို ဖြေရှင်းရသော ……. ရန်ကုန်မြို့တွင်း အမှိုက်ပုံများတွင် ကြွက်ဖမ်းသော ရန်ကုန်သစ်မှ ကိုဖိုးမောင်၊ စာရေး ဆရာလေး ဖိုးမောင် ……

လက်မောင်းမှာ ညက စာရေးယင်း ကိုက်ခံထားရသော ခြင်ကိုက်ဖု များအား ကွမ်းမြံုယင်း ဇိမ်ခံ ကုတ်ကာ တွေးနေသော ကိုဖိုးမောင်မှာ…. စိတ်ထဲ ရိပ်ကနဲ သွားတွေးမိတာက … ဒေါက်တာ ဂျိမ်းဆန်၏ သုတေသန လုပ်ငန်း အောင်မြင်၍ မဖြစ်၊ လက်တွေ့ ဘဝမှာ ကြွက်ပျောက်လျှင် ထမင်းအိုးမှောက်မည်၊ အဆစ်…ကတော့ … ဂျမ်းစိန်သိလျှင် စိတ်ထပ်ကွက် နိုင်သေးသည်ဟု တွေးကာ အိမ်ရောက်ယင် ရေးလက်စ ဝထ္ထုတိုထဲက ဒေါက်တာ ဂျိမ်းဆန်ကို သတ်လိုက်ကာ အမေရိကန်စီအိုင်အေ လက်ချက်လုပ်လိုက်ယင် ချောလဲရောထိုင်ပြီး ဒီနှစ် နေပြည်တော် အမျိုးသားစာပေဆု တက်ပြိုင်လျှင်တော့ ဆုချိတ်နိုင်ကောင်းရဲ့ဟု ကြွက်ဖမ်းသူ တယောက်ရဲ့  ဖွတ် အတွေးထဲ အဇ္ဈတ္တ ရောထည့် သမမွှေတွေးကာ … မချိုအချဉ်ပြံုး၍ ….

ညစ်ထေးထေး ကျောက်ပေါက်မာလို ခွက်နေတဲ့ ရန်ကုန်မြို့ရဲ့  လမ်းမများဆီ ကွမ်းတံတွေးကို ပစ်ကနဲ မြည်အောင်ထွေး ချလိုက်လေတော့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here