မဆုံးနိုင်တဲ့ သံသရာ

မဆုံးနိုင်တဲ့ သံသရာ တွေထဲမှာ ပညာသင်ခြင်း ဆိုတာလည်း ပါ၀င်ပါတယ်။ ဒီနေရာမှာ ကျွန်တော် ဆိုလိုချင်တာက ပညာရဲ့ အဆုံးအစ မရှိတဲ့သဘောကို မဟုတ်ပါဘူး။ ပညာဟူသည် ဆုံးခန်းတိုင်သည်၊ ပြီးဆုံးသည်လို့ မရှိပဲ လေ့လာ ဆည်းပူးသလောက် ဆက်လက် တိုးတက်နေမဲ့ သဘောရှိပါတယ်။

ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့တွေ သံသရာ လည်နေတဲ့အဖြစ်၊ အစဉ်မပြတ်သေးတဲ့ အဖြစ်ကို ပြောချင်တာပါ။ အဲဒီသံသရာက ဘာလဲဆိုတော့ နိုင်ငံရပ်ခြားမှာ ပညာသင်ထွက်ခြင်းဆိုတဲ့ သံသရာပါပဲ။ ဘဝဖြစ်တည်တဲ့ သံသရာက အဆုံးအစ မထင်ဘူးလို့ ဆိုကြပေမဲ့ အခုသံသရာကတော့ အစရှိပါတယ်။ ဘယ်ကစလဲဆိုတော့ မင်းတုန်းမင်းတရာကြီး လက်ထက် ကနောင်မင်းသား အိမ်ရှေ့စံဖြစ်ကတည်းကလို့ ဆိုရမှာပေါ့။

အင်္ဂလိပ်-မြန်မာ ပထမစစ်နဲ့ ဒုတိယစစ်ပွဲတွေပြီးတဲ့အခါ မြန်မာတွေ အရေးနိမ့်ရတဲ့ အဖြစ်ကို ကောင်းစွာသုံးသပ်မိတဲ့ ကနောင်မင်းသားကြီးဟာ မြန်မာနိုင်ငံကို စက်မှုနိုင်ငံတော် အဖြစ်ထူထောင်ဖို့အတွက် စတင်ကြိုးပမ်းခဲ့တယ်လို့ မှတ်သားရပါတယ်။ ဒီအခါမှာ လိုအပ်တဲ့ လူသားအရင်းအမြစ်တွေ ရရှိဖို့အတွက် ဥရောပနိုင်ငံတွေမှာ စက်မှု၊လက်မှု အတတ်ပညာတွေကို သင်ကြားဖို့ ပထမဆုံးသော ပညာတော်သင်များကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီက စတာပါပဲ။

ယနေ့ ပြောပြောနေတဲ့ brain drain တို့ brain gain တို့က အဲဒီအချိန်ကတည်းက စဖြစ်ခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ပညာတော်သင် လွှတ်လိုက်တဲ့ အထဲမှာ တချို့လည်း ပြည်တော်ကို ပြန်ရောက်သူရှိရဲ့၊ တချို့လည်း တပြည်သူနဲ့ အိမ်ထောင်ရက်သား ကျပြီး မပြန်ဖြစ်တော့ပဲ အဲဒီနိုင်ငံများမှာပဲ အခြေချခဲ့ကြတာပေါ့။ ဒီဆောင်းပါး မှာတော့ ဦးနှောက်ယိုစီးမှု အကြောင်းကို ကျွန်တော် မဆွေးနွေး ပါဘူး။ ဒီအကြောင်းတွေ ကိုလည်း တော်တော်များများက ဆွေးနွေးခဲ့ကြ ပြီးပါပြီ။

ကျွန်တော်တို့ လူမျိုးတွေ နိုင်ငံရပ်ခြားကို ပညာသင်ဖို့ ထွက်နေလိုက်ကြတာ ကြာပြီပေါ့။ အခုချိန်အထိ အဆုံးမသတ် နိုင်သေးပါဘူး။ ကျွန်တော်တို့ ဘိုးဘေးတွေ လက်ထက်ကလည်း ထွက်ရတယ်၊ ကျွန်တော်တို့ အဖေအမေတွေ လက်ထက်ကလည်း ထွက်ရတယ်၊ ကျွန်တော်တို့ လက်ထက်လည်း ထွက်ရတယ်။ ဟော… ကျွန်တော်တို့ သားမြေးမြစ်တွေ လက်ထက်မှာကော ဒီလိုပဲ နိုင်ငံရပ်ခြားမှာ ပညာသွား သင်နေရအုံးမှာလား။ မျိုးဆက်တွေလည်း များခဲ့ပြီ။ ဒီသံသရာက မဆုံးနိုင်သေးပါဘူး။ ကိုယ့်မြေကိုယ့်ရေမှာပဲ အဆင့်မြင့်ပညာတွေ သင်ကြားလို့ မရလို့လား။ မသင်ကြားပေးနိုင်လို့လား။ ပညာသင်ပြီး ပြန်လာတဲ့သူတွေက မိမိတို့သင်ထားတဲ့ ပညာတွေနဲ့ ထပ်မံတိုးပွားအောင်၊ ဆက်လက် လက်ဆင့်ကမ်း မဖြန့်ဝေနိုင်လို့လား။

ဒါမှမဟုတ် အဲဒီလူတွေကပဲ ည့ံနေလို့လား။ နောက်တစ်ချက် နိုင်ငံရပ်ခြားမှာ ငွေကုန်ကြေးကျခံပြီး သင်လာတဲ့ ပညာတွေက အသုံးမဝင်လို့လား။ ခေတ်မမှီတော့ လို့လား။ အခုခေတ်ပေါ် ပညာရပ်တွေ၊ နည်းပညာတွေကို မိမိတို့ ပြည်တွင်းမှာပဲ အိုးမကွာ၊ အိမ်မကွာနဲ့ မသင်ကြား နိုင်ဘူးလား။ အဲဒီအခွင့်အရေးတွေ နောက်မျိုးဆက်တွေ ဘယ်တော့ရမှာလဲ။ ကျွန်တော်တို့ဆီမှာ အရင့်အရင် နိုင်ငံရပ်ခြားမှာ ပညာဆည်းပူးလာကြတဲ့ သူတွေရှိရဲ့နဲ့ ကျွန်တော်တို့က ဘာလို့ တိုင်းတပါးကို ထွက်နေကြရ သေးတာလဲ။ ကမာ္ဘနဲ့အမှီ ရင်ဘောင်တန်း နေနိုင်အောင် ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အစွမ်းအစ မရှိကြလို့လား။ တကယ်ဆို သူများနိုင်ငံတွေလည်း ဒီလိုပဲ နိုင်ငံရပ်ခြားမှာ ပညာသင်နေတဲ့သူတွေ အများကြီးရှိတာပါပဲ။ ဥပမာ တရုတ်နိုင်ငံလိုပေါ့။ သူတို့တွေကြတော့ အခုဆိုရင် အောင်မြင်နေကြပြီလေ။ ကဏ္ဍစုံမှာ တိုးတက်နေကြပြီ။ ကျွန်တော်တို့ဆီမှာတော့ ဘယ်လိုဖြစ်လို့ပါလိမ့်။ မေးခွန်းတွေ အများကြီးပါပဲ။ ပြဿနာတိုင်းမှာ ဖြေရှင်းစရာ နည်းလမ်းကတော့ ရှိရမှာပါ။

ဘယ်ပညာရပ် နယ်ပယ်ကိုပဲ ကြည့်ကြည့် ကျွန်တော်တို့ဆီမှာ အားရစရာ ကောင်းတဲ့ ပညာရပ် နယ်ပယ်ဆိုတာ မရှိပါဘူး။ အမြဲတမ်း နောက်ကျနေတာချည်းပါပဲ။ လူ့စွမ်းအား အရင်းအမြစ် မရှိရတာနဲ့၊ နည်းပညာ နိမ့်ကျနေရတာနဲ့၊ စသည်ဖြင့် မရှိတာတွေချည်းပဲ လုံးလည် ချာလည်လိုက်နေလို့ ကြားရတာ ရိုးတောင်ရိုးနေပါပြီ။

ဒါကတော့ ဒို့မြန်မာပြည်က ထွင်လိုက်တာလို့ ပြောစရာလည်း ဘာမှ မရှိပါဘူး။ တီထွင်မှုတွေကို မြင်ရဖို့ဝေးစွ ကျွန်တော်တို့အဖို့ မြန်မာလူမျိုး သိပ္ပံပညာရှင်ဆိုတဲ့ ဝေါဟာရ ကိုတောင် မကြားဖူးပါဘူး။ အဲဒီစကားလုံးပိုင်ရှင်တွေ ဘယ်တော့ ပေါ်လာမလဲ ဆိုတာလည်း မသိဘူး။ ဒါတွေရဲ့ မူရင်းလက်သည်တွေကို လိုက်ရှာပြီး အပြစ်ဖို့နေလို့လည်း ဒီသံသရာက ဆုံးမှာ မဟုတ်ပါဘူး။

အရာရာကို မကောင်းမြင်တဲ့ စိတ်နဲ့ ကြည့်နေလို့လည်း လက်ရှိ အခြေအနေတွေက ပိုကောင်းမလာပါဘူး။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်ဆိုတဲ့ အတိုင်း တကယ်ကို စေတနာပါပါနဲ့ အားလုံးက တက်ညီလက်ညီနဲ့ လုပ်ကြပါမှ တိုးတက်မှာပါ။ ဟိုလူလုပ်နိုး၊ ဒီလူလုပ်နိုး မျှော်ကိုးလို့လည်း မဖြစ်ပါဘူး။ ဒီတော့ ကျွန်တော်တို့တွေကပဲ လက်ရှိအချိန်က စပြီးတော့မိမိတို့ တတ်နိုင်သမျှ ကြိုးစားရပါမယ်။ မိဝေး၊ဖဝေးနဲ့ တိုင်းတပါးမှာ အချိန်ကုန်၊ ငွေကုန်ခံပြီး သင်ကြားလာခဲ့တဲ့ ပညာတွေနဲ့ မိမိတို့ နိုင်ငံနဲ့ လူမျိုးအတွက်၊ မိမိတို့က ဖြစ်လာမယ့် မျိုးဆက်တွေ အတွက် အစွမ်းကုန် လုပ်ပေးကြရပါမယ်။

နိုင်ငံတိုးတက်ဖို့ အတွက် မျိုးဆက်နှစ်ဆက်၊ သုံးဆက်ရင်းရင် ရမယ်ဆိုတဲ့ ကွန်မြူနစ်ဆန်ဆန်၊ သီအိုရီလိုလို စကားတစ်ခု ကြားဖူးပါသေးတယ်။ စကားအဖြစ်ပဲ ရှိတာပါ။ ဘယ်သူမှ မရင်းကြပါဘူး။ ဘယ်သူမှလည်း မလုပ်ခဲ့ကြပါဘူး။ အားလုံးက ပိုနေမြဲ၊ ကြားနေမြဲ၊ ရေသာလိုက်ပြီး နေသာသလိုသာ နေခဲ့ကြတာပါ။ ဖြစ်ဖြစ်မြောက်မြောက် စွမ်းစွမ်းတမံဆိုတာ မရှိခဲ့လို့ ဒီနေ့ ကျွန်တော်တို့နိုင်ငံက ဒီလိုအဖြစ်မျိုးကို ရောက်နေတာပါ။ ဘယ်မှာလဲ ကျွန်တော်တို့ဆီက နိုင်ငံတကာ အဆင့်အတန်းမှီတဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေ။ ဘယ်မှာလဲ အဆင့်မြင့် နည်းပညာတွေကို သင်ကြားပေးနိုင်တဲ့ သူတွေ။ ဘယ်မှာလဲ နည်းပညာရပ်တွေကို လေ့လာဆည်းပူးဖို့ သုတေသန စင်တာတွေ၊ စမ်းသပ်ခန်းတွေ၊ ထောက်ပံ့မှုတွေ။ အရေအတွက်ထက် အရည်အချင်းကို ပိုမိုဦးစားပေးရပါမယ်။

လက်တွေ့ နဲ့ ကင်းကွာတဲ့ ကိန်းဂဏန်းတွေကိုကြည့်ပြီး ပီတိဖြစ်နေလို့လဲ မရတော့ပါဘူး။ ယနေ့ကမာ္ဘမှာ ခေတ်စားနေတဲ့ ပညာတွေကို တိုင်းတပါးမှာပဲ သွားသင်ယူနိုင်တာပါ။ သင်ယူပြီး ပြန်လာတဲ့ သူတွေကလည်း ဖြစ်ဖြစ်မြောက်မြောက် ပြန်အသုံးမချနိုင်တော့ အလဟဿပဲပေါ့။ ဒီလိုနဲ့ပဲ ဒီပညာသင် ထွက်ခြင်း သံသရာက မဆုံးနိုင်ဖြစ်နေတာပါပဲ။ ဒီလိုမျိုးဆိုရင်တော့ ကျွန်တော်တို့ မျိုးဆက်တွေကိုလည်း နိုင်ငံတကာ တက္ကသိုလ်တွေကို စာသင်ဖို့ လွတ်ရအုံးမှာပါ။ ပိုက်ဆံတွေလည်း ကုန်အုံးမှာပါ။

ကြည့်အုံးလေ။ ပတ်ဝန်းကျင်နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးတော့။ ရှိရှိသမျှ ကဏ္ဍတွေမှာ သူများတွေဆီက အကူအညီကို လက်ဖြန့်တောင်းနေရတာပါပဲ။ သယံဇာတတွေ ပေါပါတယ်တဲ့။ ကိုယ်တိုင် မထုတ်လုပ်၊ မတီထွင်နိုင်သရွေ့ကတော့ နည်းပညာ လက်ဝေခံနိုင်ငံ အဖြစ်က တက်မှာ မဟုတ်ပါဘူး။ ဒါကိုကြည့်ရင် ကျွန်တော်တို့တွေ ညံ့နေသေးတယ်ဆိုတာကို တွေ့နိုင်ပါတယ်။

စပါးစိုက်တဲ့ နေရာမှာတောင် စပါးအခြောက်ခံ ချွေလှေ့ဖို့ နည်းပညာမရှိလို့ သူများဆီက ယူရတယ်။ ငါးမွေးမြူရေး၊ ရေလုပ်ငန်းနဲ့ပတ်သတ်လို့ ဗီယက်နမ်လို နိုင်ငံက အကူအညီပေးရသတဲ့။ ပြည်တွင်းမှာ ဓာတ်မြေဩဇာ အလုံအလောက် မထုတ်နိုင်လို့ ဘင်္ဂလားဒေ့ရှ်က တင်သွင်းရသတဲ့။ တခြားကဏ္ဍတွေမှာလည်း ထိုနည်းနှင်နှင်ပါပဲ။ ဒီလို အသေးအဖွဲတွေမှာတောင် ကိုယ်စွမ်းကိုယ်စနဲ့ မလုပ်နိုင်ဘူးဆိုရင် ဂြိုဟ်တုလွတ်ဖို့၊ အာကာသနည်းပညာတို့ ဆိုရင် ဝေးရော။

ဗီယက်နမ်လို နိုင်ငံမျိုးမှာ တက္ကသိုလ်တွေတောင် စာသင်တဲ့ တက္ကသိုလ်က သပ်သပ်၊ ပရောဂျက်တွေ လုပ်တဲ့ တက္ကသိုလ်က သပ်သပ်ဆိုပြီး ရှိသတဲ့။ ကျွန်တော်တို့ဆီက လေးနှစ်၊ ငါးနှစ်လောက် အလွတ်ကျက်ပြီး ဖြေလာတဲ့ ကျောင်းသားတွေမှာ ဘာလက်တွေ့မှ မရှိကြဘူး။ ချိတ်ဆက်လုပ်ကိုင်စရာ ပရောဂျက်တွေ၊ လုပ်ငန်းတွေလည်း မရှိကြဘူး။ သက်ဆိုင်ရာ ဘွဲ့တစ်လုံးသာ ရသွားတယ် အဲဒါနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ ဟုတ်တိပတ်တိ မသိဘူး။ ပြီးတော့ အဲဒီ ဘာသာရပ်တွေကို ဘယ်နားမှာ သွားအသုံးချရမလဲ ဆိုတာလဲ မသိကြဘူး။

ရှေ့ဆက်ပြီးတော့လည်း အဲဒီဘွဲ့ကြီးနဲ့ ဘာမှလုပ်စားလို့လည်း မရပါဘူး။ ဘာဖြစ်လို့ပါလိမ့်။ ကျွန်တော်တို့ မြန်မာတွေကပဲ ညံ့နေကြလို့လား။ အသုံးမကျတဲ့ လူမျိုးလား။ အဲလိုမျိုးကျတော့ ကျွန်တော်တို့ အပြောမခံနိုင်ပါဘူး။ ဒါပေမဲ့ ဒါတွေက တကယ်ဖြစ်နေတာပါ။ ခေတ် အဆက်ဆက်လည်း ကျွန်တော်တို့ဆီမှာ ထူးချွန်တဲ့သူတွေ၊ တော်တဲ့သူတွေ၊ ထက်မြက်တဲ့သူတွေ ရှိခဲ့တာပဲ။ တီထွင်မှုတွေလည်း ရှိခဲ့တာပဲ။ ဒါပေမဲ့ ဒီလိုမျိုးကို အားပေးမဲ့ အခွင့်အလမ်းတွေ မရခဲ့လို့သာ တိုးတက်သင့်သလောက် မတိုးတက်၊ ဖြစ်ထွန်း သင့်သလောက် မဖြစ်ထွန်းခဲ့တာပါ။

တကယ်တော့ အခုကျွန်တော် ပြောနေတာတွေကလည်း အားလုံး သိပြီးသားတွေကို ပြောနေတာပါပဲ။ ကျွန်တော်ကတော့ ကျွန်တော်တို့ ရှေ့ကလူတွေ ညံ့လို့ ကျွန်တော်တို့ ဒီလိုမျိုး ဖြစ်နေတာလို့ မြင်တယ်။ အားလုံးဟာ အကြောင်းတရားတွေ ရှိလာလို့ အကျိုးတရားတွေ ဖြစ်လာတာဆိုတာကို လက်ခံပါတယ်။ ကျွန်တော်တို့ ဒီအချိန်မှာ ဆင်းရဲမွဲတေတဲ့ နိုင်ငံ၊ မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ နိုင်ငံရဲ့ နိုင်ငံသားတွေအဖြစ် မွေးဖွားလာရတာလည်း ကျွန်တော်တို့ရဲ့ ကုသိုလ်ပဲပေါ့။

အဓိကကတော့ ရှေ့ကလုပ်နိုင်ရဲ့သားနဲ့၊ လုပ်နိုင်စွမး်ရှိရဲ့သားနဲ့ မလုပ်သွားကြတဲ့ သူတွေကြောင့်လို့ စွပ်စွဲရင် လွန်မယ် မထင်ပါဘူး။ အခုတော့ ကျွန်တော်တို့ အလှည့်ရောက်လာပါပြီ။ နောက်လူတွေက ကျွန်တော်တို့ကို အပြစ်မမြင်ရအောင် မိမိတို့ လုပ်နိုင်စွမ်း ရှိသလောက်၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် လုပ်ကိုင်ကြရမှာပါ။ မိမိတို့ ကိုယ်တိုင်ကစပြီး အနာဂတ်အတွက် လမ်းဖောက်ကြရမဲ့ အဖြစ်ပါ။ အနာဂတ်မှာ အားလုံး ကောင်းစားဖို့ မိမိတို့ကိုယ်တိုင် မိမိတို့ရဲ့ ဘဝတွေကို ရင်းသင့်ရင် ရင်းရပါမယ်။ စတေးသင့်ရင် စတေးပစ်ရပါမယ်။ ရင်းနှီးမြှုပ်နှံပစ် ရပါမယ်။

ဘဝ အကျိုးပေးကြောင့် ဖြစ်လာတဲ့ အခိုက်အတန့်လေးမှာ ကိုယ်က ပညာဉာဏ် စွမ်းရှိတုန်း လူ့လောက အတွက်၊ ကိုယ်မွေးတဲ့ မြေအတွက် အကျိုးပြုနိုင်ဖို့ ကြိုးစားကြရပါမယ်။ ဒီလူ့အဖွဲ့အစည်းကနေ အခွင့်အလမ်းတွေ ရယူဖို့ထက် လူ့အဖွဲ့အစည်း တစ်ရပ်လုံး ကောင်းကျိုးအတွက် တဖက်တလမ်းကနေ ပေးဆပ် စွန့်လွတ်ကြရအောင်ပါ။ လူဖြစ်ရတဲ့ ဘဝလေးဟာ အင်မတန် တိုတောင်းပါတယ်။ တိရစာ္ဆန် လောက်တောင် အသုံးမဝင်ဘူးဆိုရင် မိမိတို့က ဘာများ ပိုသာပါ့မလဲ။

ဒါကြောင့် ဒီဖြစ်စဉ်ကြီး တစ်ရပ်လုံးကို တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ပြဿနာလို့ ရှုမြင်ပါတယ်။ အားလုံးက ၀ိုင်းဝန်းကြံဆပြီး ဖြစ်မြောက် အောင်မြင်အောင် လုပ်ဆောင်ပါမှ ရေရှည် ကောင်းစားမယ့် အဖြစ်ပါ။ အဓိက အခန်းကဏ္ဍမှာ ဘယ်သူရှိမလဲ ဆိုတာတော့ မပြောတော့ ပါဘူး။

အမိမြေမှာ ရောင်စုံပန်းလေးတွေ ဖူးပွင့်ကြဖို့၊ ပွင့်သောပန်းတိုင်း လန်းကြစေဖို့ ဥယျာဉ်မှူးကောင်း လိုတာတော့ အသေအချာပါပဲ။ လူတိုင်းဟာ ကိုယ့်နိုင်ငံ တိုးတက်တာ၊ ကြီးပွားချမ်းသာတာကို မြင်ချင်ကြပါတယ်။ ဖြစ်စေချင်ကြပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ပါးစပ်ဖျားကနေ ပြောနေရုံနဲ့ မပြီးပါဘူး။ တကယ့်စေတနာနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးလုပ်မှ ဖြစ်မှာပါ။ ဦးဆောင်တဲ့ သူတွေဘက် ကလည်း စေတနာမှန်ဖို့ လိုပါတယ်။ နာမည်ကောင်း ရရုံသက်သက်နဲ့တော့ အလုပ်မဖြစ်ပါဘူးလို့ ပြောချင်ပါတယ်။

နိုင်ငံတိုးတက်ဖို့ အဓိကကျတဲ့ အရင်းအမြစ်တွေမှာ ပညာရေးနဲ့ လူ့အရင်းအမြစ်တွေက ရှေ့ဆုံးမှာ နေရာယူလာပါပြီ။ ဟိုးရှေး မြေရှင် ပဒေသရာဇ်ခေတ်မှာ ဆိုရင်တော့ ပညာမတတ်လို့၊ နည်းပညာ မရှိလို့ ဘာမှမဖြစ်ပါဘူး။ ရိုးရိုးပဲ လယ်ယာလုပ်ကိုင် စားသောက်ကြလို့၊ ဓား၊လှံကိုင်ပြီး စစ်တိုက်တဲ့ ခေတ်ဆိုတော့ အားလုံးက သူမသာ ကိုယ်မသာပါပဲ။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ ပညာဟာ အရေးပါလာပါပြီ။

နည်းပညာခေတ်မှာ နည်းပညာ မရှိရင်တော့ “ငမိုက်သားမုဆိုး နင့်ချည်းသာ ခံပေတော့” ဆိုတဲ့ အဖြစ်မျိုးကို ရောက်သွားပါလိမ့်မယ်။ ကျွန်တော်တို့တွေ စပါးတစ်တင်း ရဖို့အတွက် အချိန်တွေ၊ လုပ်အားတွေ၊ ချွေးတွေ ရင်းပြီး မစို့မပို့ငွေလေး နဲ့ လူလုပ်နေရတဲ့ အချိန်မှာ စက္ကန့်နဲ့အမျှ ချပ်စ်ပြားလေးတွေ ကို ထုတ်ပြီး ဒေါ်လာ သန်းချီ ရနေတာဟာ နည်းပညာ ကြောင့်ပါပဲ။

ဒီတော့ ကျွန်တော်တို့ နောက်မျိုးဆက်တွေ အတွက် ဘယ်လို လုပ်ပေးကြမလဲ။ ဘာတွေ လုပ်ပေး နိုင်ကြလဲ။ ဒီအတိုင်းပဲ ထားခဲ့မှာလား။ ဒါမှမဟုတ် ကျွန်တော်တို့နိုင်ငံကို အမေရိက ကို၊ သို့မဟုတ် ဥရောပတိုက်ကို ရွှေ့ကြမလား။ တစ်ခုခုတော့ လုပ်ကြဖို့သင့်ပြီ ဆိုတာကို ကျွန်တော့်ရဲ့ မဖြစ်စလောက် ဉာဏ်လေးနဲ့ မမီ့တမီ စဉ်းစား တင်ပြလိုက်ရပါတယ်။ မှားယွင်းနေပါက လမ်းမှန် ကို တည့်မတ် ပေးကြပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here