တက်ကြွလှုပ်ရှားသူ၊ အပိုင်း -၂

တဦးတည်းဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် တက်ကြွလှုပ်ရှား

တဦးတည်း လှုပ်ရှားတာလည်း ရှိပါတယ်။ သူတို့ကို Solo activist လို့ခေါ်ပါတယ်။ တကိုယ်တော်လှုပ်ရှားသူတွေရဲ့ ရည်ရွယ်ချက်၊ အကြောင်းရင်း၊ လုပ်နည်းလုပ်ဟန်နဲ့ သတင်းမီဒီယာ အစရှိတာတွေ ကြောင့်

သူတို့ကို အများပြည်သူ တွေက အနှေးနဲ့အမြန်ဆိုသလို သိရှိအားပေး ထောက်ခံလာကြပါတယ်။ အစိုးရအပြင် နိုင်ငံတကာကပါ သိရှိလာရပြီး လိုအပ်သလို အရေးယူဆောင်ရွက်ပေးလာရပါတယ်။ တကယ်လို့ အစိုးရက တကိုယ်တော်လှုပ်ရှားသူတွေကို သတ်ပစ် လိုက်ရင်၊ ဒါမှမဟုတ် ညှင်းပမ်းနှိပ်စက်ရင်၊ ဒါမှမဟုတ် ဖမ်းဆီးထောင်ချတယ်ဆိုရင် လူထုနဲ့ နိုင်ငံတကာက ပိုမို အာရုံစိုက် လာပြီး အစိုးရကို ဝိုင်းဝန်းတောင်းဆို ဖိအားပေး အရေးယူတဲ့အထိ ဖြစ်လာပါတယ်။

ဂရိနိုင်ငံမှာ ၁၉၇ဝ ဝန်းကျင်နှစ်ဦးပိုင်းလောက်က တက္ကသိုလ်ကျောင်းသား ဂျော်ဂါကိစ်ဟာ သူ့ကိုယ်သူ ဓါတ်ဆီလောင်းပြီး မီးရှို့သတ်သေပြခဲ့ဖူးပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ အဲဒီတုန်းက ဂရိနိုင်ငံမှာ စစ်အာဏာရှင်ခေါင်းဆောင်တွေက ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်နေတာကို ဥရောပတိုက်တခုလုံးက အာရုံစိုက်အရေးယူလာဖို့ပါဘဲ။ ဒါပေမယ့် လုပ်နည်းလုပ်ဟန်ကတော့ တဘက်စွန်းရောက်လွန်းလှပါတယ်။ သူက သူ့ကိုယ်သူ မီးရှို့သတ်သေပြလိုက်တဲ့ အခါမှာ ဂရိပြည်သူတွေရော ဥရောပတိုက်တခုလုံးပါ နိုးကြားသွားပြီး တက်ကြွလှုပ်ရှားမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာ ပါတယ်။ နောက်ဆုံးမှာ ဂရိစစ်အစိုးရကို ဖယ်ရှားပြီး ဒီမိုကရေစီနိုင်ငံကို တည်ထောင်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံံမှာလည်း တကိုယ်တော် လှုပ်ရှားကြသူတွေ အတော်များများရှိကြပါတယ်။ လွတ်လပ်ရေးခေတ်တုန်းကဆိုရင် ဗြိတိသျှကျွန်သဘောက်ဘဝကနေ လွတ်မြောက်ဖို့ တကိုယ်တော် လှုပ်ရှားကြရာမှာ ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရတို့ဟာ အတော့်ကိုထင်ရှားသူတွေ ဖြစ်ကြပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ ဒီဘက်ခေတ် အာဏာရှင်စနစ်အောက်မှာတော့ ဦးအုန်းသန်း၊ ကိုထင်ကျော်၊ ဒေါက်တာ ဆလိုင်းထွန်းသန်းတို့ဟာ ထင်ရှားသူတွေ ဖြစ်ပါတယ်။ ဒါကတော့ နမူနာအဖြစ်နဲ့ မဖြစ်မနေ ဆွဲထုတ်ပြတာပါ။

တကိုယ်တော်လှုပ်ရှားသူ အခြားမြန်မာတွေလည်း အများကြီးကျန်နေပါသေးတယ်။ ဥပမာထပ်ပြောရရင် အာဏာရှင်စနစ် လက်အောက် မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ ဦးဝိစာရလို အစာငတ်ခံဆန္ဒပြတာတွေ အကြိမ်ကြိမ် ရှိနေခဲ့ဖူးပါ တယ်။ ရည်မှန်းချက်ပေါက်ဖို့ အဓိကကျတဲ့ လူထုနဲ့ နိုင်ငံတကာသိအောင် လုပ်ဆောင်တဲ့အပိုင်းမှာ အားနည်းလို့ မထင် မရှားနဲ့ ဘဝစတေးခံကြရတာ များပါတယ်။

တဦးတည်း တက်ကြွလှုပ်ရှားတဲ့နေရာမှာ ပြင်းထန်လွန်းတဲ့ သဘောတွေ ရှိတတ်ပါတယ်။ သနိ္နဌာန်ချပြီး မရရအောင် တောင်းဆိုတာမျိုးတွေပါ။ သေမယ်ဆိုတာသိသိနဲ့ အသက်စွန့်ကြပါတယ်။ ဖမ်းမယ်ဆိုတာသိရက်နဲ့ ထောင်ကျခံကြ ပါတယ်။ တကိုယ်တော်လှုပ်ရှားမှုကြောင့် လူထု၊ အစိုးရနဲ့ (တခါတလေ) နိုင်ငံတကာက သိရှိလာကြပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးလာဖို့ကသာ အဓိကကျတဲ့ ရည်ရွယ်ချက်ဖြစ်တာကို မမေ့မလျော့ ဖြစ်နေသင့်ပါတယ်။

ဦးအုန်းသန်းဆိုရင် အသက်(၆ဝ) အရွယ်ရောက်နေပြီး ၂ဝဝရ ခုနှစ်က ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးရှေ့မှာ စစ်အစိုးရကို အာဏာစွန့်လွှတ်ဖို့ တကိုယ်တော်ဆန္ဒပြလို့ အဖမ်းခံရပါတယ်။ ဒီစာကို ရေးနေချိန်အထိ သူဟာ တသက် တကျွန်းအပြစ်ဒဏ်နဲ့ ထောင်ကျခံနေရဆဲပါ။

ရှေးရိုးမူဆလင်ဝါဒ လွှမ်းမိုးတဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံမှာ ဝါဂျီဟာ (Wajiha al-Huweidar) ဆိုသူ (၄၅)နှစ်အရွယ် အမျိုးသမီးဟာ သူ့နိုင်ငံမှာ အမျိုးသမီးအခွင့်အရေးတွေ ပိုရဖို့အတွက် တဦးတည်း ဆိုင်းဘုတ်ကိုင် ဆန္ဒပြလို့ အဖမ်းခံရ ပါတယ်။ အမှန်မှာတော့ သူတို့ဟာ တဦးတည်း ဆန့်ကျင်ကန့်ကွက်၊ တောင်းဆိုတာဖြစ်ပေမယ့် အများကို ကိုယ်စားပြုသူ တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အခြားဘယ်သူ့ကိုမှ နစ်နာဆုံးရှုံး ထိခိုက်တာတွေ မဖြစ်စေလိုပဲ သူတို့တဦးတည်းကသာ စတေးခံပြီး အများကောင်းစားသွားစေဖို့ ရည်မှန်းလုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

များသောအားဖြင့်မှာတော့ အုပ်စုလိုက် (ဒါမှမဟုတ်) ပိုပြီး စနစ်တကျဖြစ်အောင် အဖွဲ့အစည်းပုံစံနဲ့ လှုပ်ရှားတတ်ကြပါ တယ်။ ဥပမာ- (၈၈) မျိုးဆက်ကျောင်းသားတွေဆိုတာ အုပ်စုနဲ့ တက်ကြွလှုပ်ရှားသူတွေ ဖြစ်ပါတယ်။ အုပ်စုအချင်းချင်း ပေါင်းပြီးလှုပ်ရှားတတ်သလို၊ အဖွဲ့အစည်းတွေစုပေါင်းပြီးလည်းလှုပ်ရှားတတ်ကြပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် တက်ကြွ လှုပ်ရှားမှုမှာ စနစ်တကျ ပြင်ဆင်တွက်ချက် ပေါင်းစုပြီးမှ (ဥပမာ-မီဒီယာအားဖြည့်ပြီး) လှုပ်ရှားတတ်တာဟာ အောင်မြင်ဖို့ အဓိကအကျဆုံး ပထမအဆင့် ဖြစ်တယ်။

နိုင်ငံတကာ တက်ကြွလှုပ်ရှားသူတွေ

ဒုတိယကမာ္ဘစစ်ပြီးကတည်းကစလို့ ဒီနေ့ထိ ကမာ္ဘပေါ်မှာ လူ့အခွင့်အရေးတွေကို သိသိသာသာ လေးစားလိုက်နာလာ ကြပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဟာ ခွဲထားလို့မရတာကြောင့် လူ့အခွင့်အရေးကို မြတ်နိုးတန်ဖိုးထားသူတွေက ဒီမိုကရေစီနိုင်ငံဖြစ်အောင် ထူထောင်လာကြပါတယ်။ ဒီမိုကရေစီမရသေးရင် ရလာအောင် ရပြီးသားနိုင်ငံတွေက ကူညီ ပေးကြပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်မှလည်း လူ့အခွင့်အရေးကို ခံစားရဖို့ ရှိနေတာကြောင့် ဖြစ်ပါတယ်။

ဒါကိုကြည့်ရင် ဒီနေ့ခေတ် ကမာ္ဘ့နိုင်ငံသားတွေဟာ သူတို့ကဘဲ ဒီမိုကရေစီ ခံစားနေရုံနဲ့ အားမရတော့ပဲ လူတိုင်းကို ဒီမို ကရေစီ ခံစားစေလိုတဲ့ ဆန္ဒတွေနဲ့ ကူညီနေကြတာကို အားတက်ဖွယ်ရာ တွေ့မြင်နေရပါတယ်။ တနည်းအားဖြင့်ဆိုရင် လူတိုင်း ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တွေနဲ့ တန်းတူညီမျှရမယ် ဆိုတဲ့ ဒီမိုကရေစီအခြေခံမူကို တကမာ္ဘလုံးက လိုက်နာနေကြ တာကို သက်သေပြနေပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာ အာဏာရှင်တွေအတွက် နေရာတွေ ကျဉ်းသထက်ကျဉ်းလာနေ ပါပြီ။ အာဏာရှင်တွေဟာ ထွက်ပေါက်ရှာတဲ့အနေနဲ့ ဒီမိုကရေစီ မျက်နှာဖုံးစွပ်ပြီး လူထုအကျိုးကို လုပ်ပေးတော့မလိုလို ဟန်ဆောင်လာတတ်ကြပါတယ်။ ဒီအဖြစ်မှန်တွေကို တက်ကြွလှုပ်ရှားသူတွေက လူထုသိအောင် အသိပညာပေးရင်း ဟန်ဆောင်မျက်နှာဖုံးတပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြပါတယ်။

ဒီကနေ့ခေတ်မှာ အစိုးရက လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စနဲ့ ပတ်သက်လာရင် အခြားနိုင်ငံတွေက မခံမရပ်နိုင်ဖြစ်ပြီး အဲဒီနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့အထိ ဖြစ်လာကြပါတယ်။ နိုင်ငံတကာရဲ့ တရားဝင်လုပ်ရပ် ဖြစ်တဲ့ အထိ ပြောင်းလဲတိုးတက်လာနေပါတယ်။ နိုင်ငံတခုမှာ လူ့အခွင့်အရေးတွေချိုးဖောက်ခံနေရတာကို အခြားနိုင်ငံတွေက လစ်လျူရှုမနေတော့ပါဘူး။ ကမာ္ဘ့နိုင်ငံသားအားလုံး လူ့အခွင့်အရေးတွေကို တန်းတူညီတူ ခံစားနိုင်အောင် ဝိုင်းဝန်းကူညီ နေကြပါပြီ။

ဒီမိုကရေစီနိုင်ငံက အစိုးရတွေ၊ သူတို့ပြည်သူတွေ၊ အဲဒီနိုင်ငံထဲက အသင်းအဖွဲ့တွေ အားလုံးက တက်တက်ကြွကြွ ပါဝင် လှုပ်ရှားပေးတတ်ကြပါတယ်။ အစိုးရတွေက သူတို့တတ်နိုင်တဲ့ သံတမန်ရေး၊ စီးပွားရေးကဏ္ဍတွေကနေ ဖိအားပေးကြ သလို ပြည်သူတွေ၊ အသင်းအဖွဲ့တွေကလည်း နည်းအမျိုးမျိုးနဲ့ ထောက်ခံ အားပေးကြပါတယ်။ ကုလသမဂ္ဂလို နိုင်ငံ တကာ အဖွဲ့အစည်းတွေ၊ ကမာ္ဘ့သတင်းမီဒီယာတွေကလည်း နည်းလမ်းမျိုးစုံနဲ့ ဝိုင်းဝန်းကူညီ အားပေးကြပါတယ်။ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်တွေ၊ ကမာ္ဘ့ခေါင်းဆောင်ဟောင်းတွေ၊ ထင်ရှားကျော်ကြားသူတွေကလည်း အုပ်စုလိုက်ဖြစ်စေ၊ တဦးချင်းဖြစ်စေ အားပေးကူညီကြပါတယ်။

ဒါတွေဟာ ၁၉၄၈ ခုနှစ် ဒီဇင်ဘာ (၁ဝ)ရက်နေ့မှာ ကမာ္ဘ့ကုလသမဂ္ဂအဖွဲ့ကြီးကနေ စတင်ပြဌာန်းလိုက်တဲ့ “လူ့အခွင့်အရေး ကြေညာစာတမ်းကြီး” (Universal Declaration of Human Rights)ရဲ့ အသီးအပွင့်တွေလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက ပြည်သူတွေအပေါ် လူ့အခွင့်အရေးတွေ အကြီးအကျယ် ချိုးဖောက်နေတာကို ကုလသမဂ္ဂနဲ့ ဒီမို ကရေစီနိုင်ငံတွေက တရားဝင် ပြင်းပြင်းထန်ထန် ရှံု့ချပြစ်တင်ကြပါတယ်။ ကမာ္ဘတလွှား ဒီမိုကရေစီ မြတ်နိုးတဲ့ တက်ကြွ လှုပ်ရှားသူတွေဟာ နိုင်ငံတကာက မြိ့ုကြီးတွေမှာ စီတန်းလှည့်လည်ပြီး မြန်မာစစ်အစိုးရရဲ့လုပ်ရပ်တွေကို ဆန့်ကျင် ကန့်ကွက်ကြပါတယ်။ သူတို့ရဲ့အစိုးရတွေကိုလည်း မြန်မာစစ်အစိုးရကို အရေးယူပေးဖို့ တောင်းဆိုကြပါတယ်။ သတင်း မီဒီယာတွေကလည်း တကမာ္ဘလုံး သိအောင် ပံ့ပိုးကူညီကြပါတယ်။

နိုင်ငံတကာအဆင့် တက်ကြွလှုပ်ရှားသူတွေမှာ လူပုဂိ္ဂုလ်တွေ၊ အသင်းအဖွဲ့တွေတောင်မက နိုင်ငံအစိုးရတွေကလည်း ပါဝင်လာကြတာဖြစ်လို့ အကြီးမားဆုံး အကျယ်ပြန့်ဆုံး တက်ကြွလှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

အစိုးရကို ထောက်ခံတဲ့ တက်ကြွ လှုပ်ရှားမှု

တက်ကြွလှုပ်ရှားသူတွေဟာ အစိုးရ ဆန့်ကျင်ကန့်ကွက်ရေး၊ လူထုပညာပေးရေးနဲ့ လူမှုရေးလုပ်ငန်းတွေဘဲ လုပ်နေတာ မဟုတ်သေးပါဘူး။ အစိုးရကို ထောက်ခံတဲ့အနေနဲ့လည်း လှုပ်ရှားတတ်ပါတယ်။ အစိုးရကိုယ်တိုင်က စီစဉ်တာမဟုတ်ပဲ လူထုကိုယ်တိုင်က လိုလိုလားလား ထောက်ခံချင်လို့ လုပ်ကြတာမျိုးပါ။ များသောအားဖြင့် နိုင်ငံတကာ အရေးအခင်းနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ဖြစ်တတ်ပါတယ်။ ပြည်ပစစ်တပ်က ခြိမ်းချောက်ရန်စလာရင်၊ ကျူးကျော်ဝင်ရောက် တိုက်ခိုက် လာရင် ပြည်သူတွေက သူတို့အစိုးရကို ထောက်ခံပေးတတ်ကြပါတယ်။

ဒီလိုတက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်နေသူတွေထဲမှာ အစိုးရကို တကယ်တမ်း နှစ်နှစ်ကာကာ ယုံကြည်ထောက်ခံတဲ့သူ ရှိသလို အစိုးရကို မကြိုက်ပေမယ့် တိုင်းပြည်အရေးအတွက် ပါဝင်ပေးရသူတွေလည်း ရှိတတ်ပါတယ်။ အစိုးရက ပြည်သူ တွေအပေါ်မှာ တကယ်တမ်း ကောင်းနေခဲ့ရင် ပြည်သူဆိုတာ အစိုးရကို ဘယ်တော့မှ မဆန့်ကျင်ပါဘူး။ အမြဲတမ်း ထောက်ခံတတ်ပါတယ်။ ဥပမာ တိုင်းပြည်စီးပွားရေး ချွတ်ခြံုကျနေလို့ အစိုးရက မေတ္တာရပ်ခံရင် လူထုက အလိုက်တသိ လှူဒါန်းတတ်ပါတယ်။ ခြိုးခြံချွေတာပေးတတ်ပါတယ်။ ဒါကိုကြည့်ရင် အစိုးရကောင်းရင် ပြည်သူတွေက လိုက်ကောင်း တတ်တာကို တွေ့ရပါမယ်။

နိုင်ငံတချို့မှာတော့ ဟန်ပြသဘောနဲ့ တက်ကြွလှုပ်ရှားသူတွေ ရှိတတ်ကြပါတယ်။ ဒါကလည်း အဲဒီနိုင်ငံတွေရဲ့ အစိုးရ ကိုယ်တိုင်က အမိန့်အာဏာတွေသုံးပြီး စီစဉ်လုပ်ဆောင်ခိုင်းတာတွေ ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း ကိုယ်ကျိုးစီးပွား အတွက် အစိုးရကို ဖော်လံဖားတဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်။ ဆိုရှယ်လစ်နိုင်ငံတွေ၊ ကွန်မြူနစ်နိုင်ငံတွေနဲ့ အာဏာရှင် နိုင်ငံတွေမှာ ဖြစ်တတ်ပါတယ်။ သူတို့ဟာ များသောအားဖြင့် လူထုသိအောင် ဆိုင်းဘုတ်ကိုင်၊ ကြွေးကျော်ပြီး ဟန်ရေးပြ ထောက်ခံပွဲတွေကို လုပ်ကြတာပါဘဲ။ အစိုးရကို ထောက်ခံတဲ့ တက်ကြွလှုပ်ရှားမှုမှန်သမျှ ဘယ်သူမှ အဖမ်းမခံကြရ ပါဘူး။ တခါတလေမှာတော့ အစိုးရကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ အပြန်အလှန် အငြင်းပွားပြီး ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်တတ်ပါတယ်။

ပြည်သူတွေ နိုင်ငံရေးနားလည်မှာ မဟုတ်ဘူးလို့ အစိုးရက လျှော့တွက်လေ့ရှိပါတယ်။ အမိန့်အာဏာပေးပြီး ခိုင်းရင် ရမှာဘဲလို့ ထင်တတ်ကြပါတယ်။ ဒါဟာ လူထုရဲ့တန်ဖိုး အစစ်အမှန်ကို နားလည်နိုင်စွမ်းမရှိတဲ့ အစိုးရရဲ့ညံ့ဖျင်းတဲ့ အရည်အချင်းပါဘဲ။ မိမိပြည်သူတွေကို ရန်သူလို၊ ကျေးကျွန်လို သဘောထားတဲ့ အစိုးရဖြစ်ပါတယ်။ ပြည်သူတွေကို လျှော့မတွက်သင့်ပါဘူး။ အစိုးရထက်ပိုပြီး နိုင်ငံရေးနားလည်တဲ့ အရပ်ဘက်ပုဂ္ဂိုလ်တွေ အတော်များများ ရှိတတ်ကြ ပါတယ်။ လူတိုင်း အစိုးရအလုပ်ကို လုပ်ချင်ကြတာ မဟုတ်ပါဘူး။ “ငါတို့ အစိုးရကဘဲ နိုင်ငံရေးကို နားလည်တယ်”လို့ တယူသန်စွဲမှတ်နေရင် အာဏာရှင်အစိုးရ ဖြစ်လာတတ်ပါတယ်။ အစိုးရတရပ်က ကောင်းတယ်-မကောင်းဘူး ဆိုတာကို ပြည်သူတွေက ခွဲခြားသိနိုင်ကြပါတယ်။ တိုင်းပြည်နဲ့လူထု အကျိုးအတွက် ရှေ့ရေးကို မျှော်မြင်တွေးဆ လုပ်ကိုင်ကြရာမှာ အစိုးရနဲ့ပြည်သူ သိပ်မကွာလှပါဘူး။ အစိုးရ လုပ်ရပ်တိုင်းကို ပြည်သူတွေက လိုက်လံထောက်ခံ ပေးစေလိုရင် အစိုးရ ကိုယ်တိုင်က အရင်ဆုံး အနစ်နာခံပြီး လူထုအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးပေးနိုင်ရပါလိမ့်မယ်။ ဒါဆိုရင် အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ တက်ကြွလှုပ်ရှားသူတွေ မရှိတော့ပဲ ထောက်ခံသူတွေဘဲ ရှိနေပါလိမ့်မယ်။

(ဆက်လက် ရေးသား ဖော်ပြပါဦးမည်။)

လွင်အောင်စိုး

LEAVE A REPLY

Please enter your comment!
Please enter your name here