အဆုတ် အတွင်း ထင်းရှူးပင်ပေါက် နေခဲ့သူ

alt

အဆုတ်ကင်ဆာ ဖြစ်ပွား နေသည်ဟု ယူဆရသည့် လူနာတစ်ဦးအား ခွဲစိတ် ခဲ့ရာမှ အဆုတ် အတွင်း ပေါက်နေသော ထင်းရှူး ပင်တပင် ကြောင့် ဆရာဝန်များ တအံ့တဩ ဖြစ်ရသည့် ဆန်းကျယ်သော ဆေးပညာဆိုင်ရာ ဖြစ်ရပ်တခု ရုရှားနိုင်ငံ တွင် ဖြစ်ပွားခဲ့သည်။

အသက်(၂၈) နှစ်အရွယ် အတ်ယွမ်ဆီ ဒေါ်ကင် ဆိုသည့် အမျိုးသား တဦး သည် ၀မ်းဗိုက်တွင် မခံမရပ်နိုင်အောင် နာကျင် သဖြင့် ဆရာဝန်များထံ သွားရောက် စစ်ဆေးမှု ခံယူခဲ့ရာ၊ ယူရယ်လ်စ်ရှိ အစ်ဇ်ဟိဗ် ဆေးရုံမှ ဒေါက်တာ ဗလာဒီမာ ကမာရှက်ဗ် က ဓာတ်မှန် ရိုက်ကြည့် ပြီးနောက် ရာခိုင်နှုန်းပြည့် ကင်ဆာ ကြိတ်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ၎င်းအား ခွဲစိတ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အသားစ နမူနာ ယူသောအခါ ကျမှ အကြိတ် မဟုတ်ဘဲ ထင်းရှူးပင် တပင်သာ ဖြစ်နေကြောင်း အလန့်တကြား တွေ့ရှိခဲ့ကြသည်။ ထို ထင်းရှူးပင်သည် (၅) စင်တီမီတာ အမြင့်ထိ ကြီးထွား နေပြီဟုဆိုသည်။

ဒေါက်တာ ကမာရှက်ဗ် က “ကျွန်တော် ကင်ဆာကြိတ်လို့ပဲ ကျိန်းသေ ကောက်ချက်ချ ခဲ့တာပါ။ ဒါမျိုးက အကြိမ်ပေါင်း ရာနဲ့ချီ မြင်ဖူးနေတော့ ကျွန်တော့် ကိုယ် ကျွန်တော် ယုံကြည်မှု အပြည့် ရှိခဲ့ပါတယ်။ ဒါပေမယ့် Biopsy လုပ်ပြီးတော့မှ ကျွန်တော့် လက်ထောက်ကို လှမ်းခေါ်ပြီး ထင်းရှူးပင် ဟုတ်မဟုတ် ကူစစ် ခိုင်းခဲ့ပါတယ်။

“သူလည်း အရမ်းအံ့ဩ သွားတာပေါ့ဗျာ”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ဆရာဝန်များက ဆီဒေါ်ကင် မှာ ထင်းရှူး စေ့တစေ့ကို အမှတ်မထင် မြိုချမိခဲ့ရာ မှ အသက်ရှူ လမ်းကြောင်း အတွင်း ရောက်ရှိ သွားပြီး ယခုလို အပင်ပေါက်လာခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေး ပေးနေသော်လည်း တိကျသော အဖြေကိုမူ မဖော်ထုတ် နိုင်ခဲ့ပေ။

ဆီဒေါ်ကင် ကမူ ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ ယခုကဲ့သို့ ပြင်ပမှ အရာဝတ္ထုတခု ကျူးကျော် ၀င်ရောက်နေကြောင်း မသိခဲ့ဟု ဆိုသည်။ ၎င်း၏အဆုပ်ရှိ အစိတ်အပိုင်း အတော်များများကို ဖယ်ရှား ခွဲစိတ်ပြီးနောက် ဆီဒေါ်ကင်မှာ ကျန်းမာရေး ကောင်းမွန်ပြီဖြစ်ကြောင်း ဆရာဝန်များက အတည်ပြု ထုတ်ဖော် ပြောကြားသွားသည်။

alt

LEAVE A REPLY

Please enter your comment!
Please enter your name here