အက််ဖ်အေ ဖလားပွဲအပြီး ကွင်းလယ်ဒိုင်အား ဖာဒီနန် အပြစ်တင်

alt

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ရီယိုဖာဒီနန်က FA ဖလားရှုံးနိမ့်မှု အတွက် ကွင်းလယ်ဒိုင်အား ပြစ်တင် ဝေဖန်လိုက်သည်။

ဧပြီလ (၁၄) ရက်နေ့က ကစားသွားသော FA ဖလား အကြို ဗိုလ်လုပွဲတွင် မန်ချက်စတာ တောင်ပံ ကစားသမား ဒန်နီဝဲလ်ဘတ် အား ဖီးလ်ဂျက်ကလီဂါ နှင့် အဲဗာတန် ဂိုးသမား တင်ဟောင်းဝပ် တို့က ပင်နယ်တီ ဧရိယာအတွင်း ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ကြသော်လည်း ဒိုင်လူကြီး မိုက်ခ်ရီလေး က ပင်နယ်တီ ပေးရန် ပျက်ကွက်ခဲ့ကြောင်း ထောက်ပြ ပြောဆိုလိုက်သည်။

“အရှုံးအတွက် ဆင်ခြေ တက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပွဲမှာ ကျွန်တော်တို့ နိုင်ခဲ့ သင့် ပါတယ်။ ဆယ်ကျော်သက် ကစားသမားလေး တစ်ယောက်ဖြစ်တဲ့ ၀ဲလ်ဘတ်ကို ဒိုင်လူကြီးက လုံလောက်တဲ့ အကာအကွယ်မျိုး မပေးခဲ့ပါဘူး”ဟု အသက် (၃၀) အရွယ် အင်္ဂလန်လက်ရွေးစင် ခံစစ်မှူးက ပြောဆိုသွားသည်။ ထိုပွဲတွင် ပွဲချိန်မိနစ် (၉၀) နှင့် အချိန်ပို မိနစ် (၃၀) အထိ ဂိုးမရှိ သရေကျနေသဖြင့် ပင်နယ်တီ ကန်သွင်းရာ ဖာဒီနန် နှင့် ဘာဘာတော့ဗ် တို့ ၀င်အောင်မသွင်း နိုင်ဘဲ မန်ချက်စတာမှာ (၄-၂) ဖြင့် အရေးနိမ့်ခဲ့သည်။

ဒိုင်အနေနှင့် ပေးသင့်သော ပင်နယ်တီ ပြစ်ဒဏ်ဘောကို မပေးခဲ့ကြောင်း မန်ချက်စတာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ကလည်း ပြောကြားခဲ့သေးသည်။ ထိုပွဲတွင် အနိုင်ရသဖြင့် အဲဗာတန် သည် ဗိုလ်လုပွဲ သို့ တက်ရောက်သွားပြီး တစ်ဖက်တွင် အာစင်နယ်အား အနိုင်ရလာသည့် ချယ်လ်ဆီး အသင်းနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here