မြန်မာပြည်သူတွေ ဘာကို မျှော်လင့်ရမည်လဲ

alt

မြန်မာ့ နိုင်ငံရေး ကို စိတ်ဝင် တစား လေ့လာနေသူများ အားလုံး စိတ်ဝင်စား နေသော မေးခွန်းတခု ရှိသည်။ ထို မေးခွန်း မှာ ” ၂၀၁၀ ရွေးကောက်ပွဲ ပြီးရင် မြန်မာနိုင်ငံမှာ ဘာတွေ ပြောင်းလဲ သွားမှာလဲ” ဆိုသည့် မေးခွန်းပင် ဖြစ်သည်။

အချို့ကလည်း ရွေးကောက်ပွဲ အတွက် မဝံ့မရဲ အကောင်းမြင် ကြတာ မျိုးရှိသည်။ အဲလို မြင်သူ အချို့တွင်လည်း ပြင်ပ အတိုက်အခံဘက် မှ ပုဂ္ဂိုလ်များ လည်း ပါဝင်လာခဲ့ ပေသည်။ အချို့ ကြတော့လည်း

“ဒီ….သောက် ….. စစ်အစိုးရ လုပ်တဲ့ ရွေးကောက်ပွဲကို ဘာတွေများ မျှော်လင့်နေရဦးမှာလဲ။ အဲဒီ အာဏာရူးတွေက သူတို့စိတ်ကြိုက် လုပ်ချင်တာ လုပ်ဖို့ ဒီ …. ရွေးကောက်ပွဲကြီးကို အင်ထု ထားတာ”

ဆိုပြီး အယုံအကြည်မရှိ အဆို တင်သွင်း ကြသည်။  တကယ်တော့ ပြောတဲ့ သူတွေလည်း အလွန် မဟုတ်ချေ။ မြန်မာ နိုင်ငံတွင် စစ်အစိုးရ အာဏာရ လာပြီး ကတည်းက ပြည်သူလူထု အပေါ် ရိုးသားစွာ ဆက်ဆံတာ ဆိုလို့ မရှိသလောက်ပင် မဟုတ်ပါလား။ ထို့ကြောင့်လည်း ဗိုလ်ချုပ် မှူးကြီး သန်းရွှေ အမှူးပြုသော မြန်မာ စစ်အာဏာရှင်တို့ စီစဉ်သော ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တစ်စက်မှ အကောင်းမပြောချင်ကြတာ သိပ်တော့ မလွန်ပေ။

ထိုအခြေအနေ နှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော စစ်အစိုးရ  အခေါ် တပ်မတော်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သော မိန့်ခွန်း က စစ်အစိုးရ ၏ သဘောထားကို ပိုမိုထင်ဟပ် ပေါ်လွင်လာစေခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး က ၎င်းစိတ်ကြိုက် ဖန်တီးထားသော မြို့တော်အသစ် နေပြည်တော်တွင် ကျင်းပသည့် စစ်ချီ အခမ်းအနား အတွင်း စစ်သည် ၁၃၀၀၀ ရှေ့တွင် မိန့်ခွန်းတရပ် မြွက်ကြားခဲ့ရာ ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော အချက်များလည်း ပါဝင်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးက ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီကို လုံးဝပါဝင် ယှဉ်ပြိုင် ခွင့်ပြုမည် မဟုတ်ကြောင်း အတိအလင်း ထုတ်ဖော် ပြောဆို သွားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူလူထု၏ စိတ်ဆန္ဒအတိုင်း ရေးဆွဲပြီး ဖြစ်သောကြောင့် ပြည်သူက မလိုလားသော NLD ကို ထည့်သွင်း စဉ်းစားဖို့ မလိုကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆိုသည်။ သို့သော်လည်း ပြည်သူ လူထု အမှန်တကယ် အလိုမရှိသူ မှာ ဒေါ်အောင်ဆန်းစုကြည် လား? ၎င်း ကိုယ်တိုင်လား ? ဆိုသည်ကိုမူ စစ်ခေါင်းဆောင်ကြီး အမှန်အတိုင်း သိလောက်ပါသည်ဟု ပြည်သူများက ယုံကြည်ပါလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူများ သာမက ကမာ္ဘကပါ လေးစားရသော ခေါင်းဆောင်ကောင်း တယောက် ဖြစ်နေကြောင်းမှာ အလွန်ခိုင်မာသော အမှန်တရား တရပ် အဖြစ်သက်သေ ပြနေပါသည်။ ထိုသို့သော အမျိုးသမီးမျိုး ကိုမှ အတိုက်အခံ လုပ်နေရသော မြန်မာ စစ်အစိုးရ ခမျာ ဒေါ်အောင်ဆန်းစုကြည် ကို အလွန်ကြောက် နေသည်မှာ လည်း တကမာ္ဘလုံး အသိပင်။ စစ်အင်အား နှင့် လက်နက်စွမ်းအား ကို မတရား အသုံးချကာ အာဏာ ကို အဓမ္မသိမ်းပိုက် ထားသော အာဏာရူးတွေ အဖို့ ပြည်သူက ထောက်ခံသော၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူ့ ထောက်ခံမှုကို လက်ဝယ်ပိုင်ပိုင် ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီကို ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ခွင့်ပြုလိုက်ပါက မျောက်မီး ခဲကိုင်သလို ဒုက္ခကြီး သွားမည် ကို မသိဘဲ မနေပါ။ 

NLD ပါတီကလည်း ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ရန် အတွက် ဖွဲစည်းပုံ အခြေခံဥပဒေ ကို ပြန်လည် စဉ်းစား သုံးသပ်ရန်နှင့် တခြားသော လုပ်ဆောင်ချက်များ ပါသော အချက်အလက်များ အတွက်လည်း တောင်းဆို ထားခဲ့သည်။ ထို့ကြောင့်လည်း သူတို့ ပါးစပ် ထဲတွင်ရှိသော အပုပ်ချ စကားလုံးတိုင်း ကို အားရပါးရ သုံးစွဲကာ ဒေါ် အောင်ဆန်းစုကြည် ကို သိက္ခာ ချတော့သည်။ စစ် အစိုးရ ၏ အာဘော်အရ ဒေါ်အောင်ဆန်းစုကြည် ခမျာ … တိုင်းပြည် သစ္စာဖောက်ကြီး ဖြစ်လိုက်၊ ပုဆိန်ရိုးကြီး ဖြစ်လိုက်၊ အာဏာကို အာသာငမ်းငမ်း တပ်မက်သူကြီး ဖြစ်လိုက်နှင့် အကြီးစား ဗီလိန်ကြီး ဖြစ်နေရရှာသည်။ သို့သော်လည်း ပြည်သူများ၏ စိတ်တွင် အပုပ်ချ ခံရသူ နှင့် အပုပ်ချ နေသူ ဘယ်သူ့အပေါ် မျက်မုန်းကျိုး နေသည်ကို စစ်အာဏာရှင်များ တိတိကျကျ သဘောပေါက် ဖို့လိုပါသည်။

၁၇ မိနစ်ကြာသော မိန့်ခွန်း အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ၎င်းအနေ နှင့် NLD အား မည်သည့် နည်း နှင့်မျှ လက်မတွဲ နိုင်ကြောင်း ၎င်း၏ သဘောထား ကို ပြောင်ပြောင် တင်းတင်း ကြေညာ ခဲ့ပြီး ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ သည် ကမာ္ဘ့နိုင်ငံများ မည်သို့ပင် ဖိအားပေး တောင်းဆိုမှုများ ရှိနေပါစေ၊ NLD မပါဘဲ ဆင်နွှဲရမည့် အခြေအနေ ရောက်နေ ပေတော့မည်။ စစ်အစိုးရ သည် နိုင်ငံတကာ အစိုးရ နှင့် မြန်မာပြည်သူများ ၏ လိုလားမှုကို လုံးဝ ဂရုမစိုက်ကြောင်း ထင်ထင်ရှားရှား ပြသခဲ့ပြီး ဖြစ်သည်။ ၎င်း အနေနှင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အပြီးတိုင် လက်စတုံး လိုက်ပြီး သေနတ်နှင့် ချိန်ကာ ထောက်ခံမဲ ရယူထားသော ရွေးကောက်ပွဲ ဥပဒေကို အတည်ပြုရန် လုံးပမ်းလာခဲ့ပြီ ဖြစ်သည်။

ဒီမိုကရေစီ ပန်းတိုင်သို့ အရောက် ချီတက်ရန်ဟု ကြွေးကြော် ထားသော်လည်း ၂၀၁၀ ရွေးကောက်ပွဲ သည် မြန်မာ ပြည်သူတို့၏ ဆန္ဒအမှန် နှင့် ဖီလာ ဆန့်ကျင်ပြီး စစ်အစိုးရ စိတ်ကြိုက် ပုံစံ ချထားသော အတုအယောင် ရွေးကောက်ပွဲ ကြီးမှန်း အသေအချာ သိသော်လည်း ကမာ္ဘ ကရော၊ မြန်မာ ပြည်သူများ ကပါ ဘာမှ မတတ်နိုင်ချေ။ ကမာ္ဘ့ နိုင်ငံများ သည် ရိုက်ခတ် လာသော စီးပွား ပျက်ကပ်ကို အလူးအလဲ တုန့်ပြန် ကာကွယ်ရင်း ကိုယ့်နိုင်ငံ အရေးထက် မြန်မာ့ အရေးကို မည်သည့် နည်းနှင့်မျှ အာရုံ မစိုက်နိုင်ပေ။ ထို့အတူ စစ် အစိုးရ ၏ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ လူသတ်ပွဲကို မျက်ဝါး ထင်ထင် ကြံုတွေ့ထားသည့် မြန်မာ ပြည်သူများ အနေနှင့်လည်း နောက်ထပ်တကြိမ် ရင်ထဲမှ ဆန္ဒများကို ကျည်ဆန် နှင့် ဖက်ပြိုင်ပြီး ဖော်ထုတ်ပြဖို့ မရဲရင့် နိုင်တော့ပေ။ မြန်မာ စစ်အစိုးရ အတွက်တော့ အခြေအနေ အရပ်ရပ်သည် “မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ”ဆိုသော စကားအတိုင်း Good ပြီးရင်း Good …., Do ပြီးရင်း Do နေတော့ပါသည်။

စစ်အစိုးရ အဆိုပြုထားသော ဖွဲ့စည်းပုံ ဥဒေသစ်အရ လွှတ်တော် အမတ်နေရာ ၄၄၀ ကို ပြည်သူ့ ပါလီမန်က ရွေးကောက် တင်မြှောက်ပြီး ၂၂၄ နေရာကို အမျိုးသား ပါလီမန်က ရွေးချယ်မည် ဖြစ်သည်။ အမတ်နေရာ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း ကိုသာ တပ်မတော်က ရရှိမည် ဟု ဖော်ပြ ထားသည်။ သို့သော်လည်း ပါတီများ အားလုံးလိုလိုသည် စစ်အစိုးရ ဘက်တော်သား ခိုင်းရာလုပ်၊ စေရာသွား လူတန်းစားများသာ ဖြစ်မည်ဆိုသည်ကို လူတိုင်း ရိပ်မိပြီး ဖြစ်ပါသည်။ စစ်အစိုးရသည် ပြည်သူကို နားလှည့်ပြီး ပါးရိုက်ခြင်းသာ ဖြစ်ကြောင်းကိုလည်း တကမာ္ဘလုံး သိကြ ပါသည်။ ဗိုလ်ချုပ်ကြီး အနေနှင့် မြန်မာ့ ပြည်တွင်းရေးကို လက်နက် အားကိုးနှင့် အကောင်းဆုံး ထိန်းချုပ်နိုင်မည်ကို သဘောပေါက် ထားသလို နိုင်ငံတကာ ဖိအားများ ကိုလည်း ရေးကြီးခွင်ကျယ် ဂရုစိုက်ဖို့ မလိုကြောင်း သေသေချာချာ သိထား ခဲ့သည်။ ထို့ကြောင့်လည်း ၎င်း စိတ်ကြိုက် ပုံသွင်း ထားသည့် ရွေးကောက်ပွဲ ဥပဒေကို “ဘယ်သူတေတေ၊ ငတေမာလျင် ပြီးရော”ဟူသည့် စကားကို လက်ကိုင်ထားကာ ဆက်လက် အကောင်အထည် ဖော်နေခြင်း ဖြစ်ပါသည်။

ပြည်သူ အချို့ကလည်း အပြောင်းအလဲ အချို့ ဖြစ်လာနိုင်သည်ဟု မျှော်လင့်ချက် ထားနေကြသည်။ ဥပမာ အားဖြင့် လွတ်လပ်မှု အတိုင်းအတာ တခုအထိ တိုးတက် ရရှိလာမည်ဟု ယုံကြည် နေကြသည်။ ဥပမာ အားဖြင့် သတင်း လွတ်လပ်ခွင့် ကဲ့သို့သော အခွင့်အရေးမျိုး၊ အခြားသော စက်မှုနှင့် စီးပွားရေး ကဏ္ဍများတွင် ပိုမို လွတ်လပ်စွာ လုပ်ကိုင် လာနိုင်မည့် အခွင့်အရေးမျိုးများ ရရှိ လာနိုင်မည်ဟု စိတ်ကူးယဉ်နေ ကြသည်။ စက်တင်ဘာ လူသတ်ပွဲ အတွင်း ကမာ္ဘသိအောင် လူမဆန်ခဲ့သော စစ်အစိုးရ အနေနှင့် နိုင်ငံတကာ၏ ပြစ်တင် လက်ညှိုးထိုး နေမှုကို အာရုံလွှဲရန် ထိုသို့သော လုပ်ပိုင်ခွင့် အချို့ကို ဖွင့်ပေးခြင်းဖြင့် လှည့်ကွက်တမျိုး ပြောင်းမသုံးဟု မပြောနိုင်သဖြင့် ၎င်းတို့၏ မျှော်လင့်ချက်များ အကောင်အထည် မပေါ်လာဟု ဆိုရန်မှာလည်း ခက်ခဲနေဆဲ ဖြစ်သည်။

စစ်အစိုးရ သည် ပြည်သူ လူထုကို ခြိမ်းခြောက် အနိုင်ကျင့်ကာ ထောက်ခံမဲ များ ကောက်ခံပြီး မဲ အရေအတွက် ၉၀ ရာခိုင်နှုန်းကျော် ရရှိကြောင်း ကြေညာ ခဲ့သည်။ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီးကြောင့် နိုင်ငံသမိုင်းတလျှောက် အဆိုးရွားဆုံး သေကြေ ပျက်စီးမှုများ ကြံုတွေ့ နေသည့်တိုင် စစ်အစိုးရသည် ပြည်သူ လူထု၏သဘာဝ ဘေးဆိုးတွင် နစ်မွန်းနေမှု ကို ဥပေက္ခာ ပြုကာ ထောက်ခံမဲ ရရေးကိုသာ လုံးပမ်းနေသဖြင့် တကမာ္ဘလုံးက စက်ဆုပ်စွာ ဝေဖန် ခဲ့ကြသည်။ သို့သော်လည်း ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ကမူ အေးအေး ဆေးဆေးပင်။ အရှက်မရှိ သဖြင့် အစိုးရ လုပ်နေသော အာဏာရူးကြီး သည် နိုင်ငံတကာ ဖိအားများ ကို ဖြေရှင်းခြင်း မပြုသလို စိတ်ထင်တိုင်း ကြဲနေသည့် အပြုအမူများ ကိုလည်း ရပ်တန့်ခြင်း မရှိပါ။ ထို့ကြောင့်လည်း ၂၀၁၀ ရွေးကောက်ပွဲကို အတိုက် အခံပါတီ ဟူ၍ လုံးဝမရှိဘဲ တရားမျှတစွာ ကျင်းပမည် ဖြစ်ကြောင်း အသံကောင်း ဟစ်နေဆဲ ဖြစ်ပါသည်။ သန်းရွှေ တယောက် ဘယ်လမ်း ကိုလျှောက်နေကြောင်း လူတိုင်း သိပါသည်။ သို့သော်လည်း ထိုလမ်းကို ပိတ်ဖို့ကိုမူ မည်သူမျှ မတတ်နိုင်သေး သည်ကို နာကျင်စွာပင် သဘောပေါက်ကြမည်သာ။

၂၀၁၀ ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည် အတွက် အခွင့်အရေး မရှိသလို ပြည်သူများ ကလည်း မလိုလား၊ မနှစ်သက်သော အဓမ္မ လုပ်ဆောင်မှု တခုသာ ဖြစ်သော်လည်း ထို ရွေးကောက် ပွဲကြီး ကျင်းပမည့် ကာလသည် တစထက်တစ နီးကပ် လာနေပြီ ဖြစ်သည်။ “တရားကို နတ်စောင့်သည်” ဆိုသော စကားသည် မြန်မာ့ နိုင်ငံရေး အတွက် တိမ်ဖုံးသောလ ဖြစ်နေပြီလော မပြောတတ်ပါ။ ဘုရားမဲ့ဝါဒီ စစ်အစိုးရ ခေါင်းဆောင် ဦးသန်းရွှေ သည် ၂၀၁၀ ရွေးကောက်ပွဲကြီး အပြီးတွင် အာဏာရှင်စနစ် အုပ်ချုပ်ရေးမှ သက်ဦးဆံပိုင် အုပ်ချုပ်ရေးသို့ အောင်မြင်စွာ ပြောင်းလဲပစ်နိုင်ရေး ဒီမိုကရေစီဟု ကြွေးကြော် နေဆဲသာ ဖြစ်ပါတော့သည်။

၂၀၁၀ မတိုင်မှီ အချိန်ကာလတခု နှင့် ၂၀၁၀  ရွေးကောက်ပွဲ ပြီးသည့်ကာလ ကြုံတွေ၊ ဖြစ်ပျက် ပေါ်ထွန်း လာနိုင်သည့် အခြေအနေ ရှုမြင် သုံးသပ်ချက် အဝဝကို minnkyaw @ peoplemediavoice. com သို့ ဖြစ်စေ၊ info @ peoplemediavoice. com ဖြစ်စေရေးသား ပေးပို့ အကြံပြု နိုင်ပါကြောင်း ဖိတ်ခေါ် အပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here