US. နိုင်ငံခြားရေး မူဝါဒ အပြောင်းအလဲ နှင့် မြန်မာ

alt

တကယ်လို့များ အမေရိကန်သမတ အိုဘားမား ရဲ့ အစိုးရအနေ နဲ့ မြန်မာ့ ဒီမိုကရေစီ အရေးမှာ ပေါ်လစီ အသစ် ကို ချမှတ် လုပ်ဆောင်လာမယ်ဆိုရင် အကျိုးဖြစ်ထွန်း စရာတွေ ရှိလာ နိုင်တယ် လို့ ထင်ရပါတယ်။

မြန်မာ နိုင်ငံ အပေါ် ထားရှိတဲ့ အမေရိကန် ရဲ့ နိုင်ငံခြားရေးရာ မူဝါဒ အပေါ် လက်ရှိ အမေရိကန် အစိုးရက ပြန်လည် သုံးသပ်ပြီး ပုံစံသစ်နဲ့ ချဉ်းကပ် တာကို အပြု သဘောဆောင်တဲ့ လုပ်ရပ် တခု အနေနဲ့ ကျနော် ကတော့ ကြိုဆိုပါတယ်။

ဒီလုပ်ရပ်ဟာ မြန်မာ့ ဒီမိုကရေစီ အရေး ကို အတော်အတန် အထောက်အကူ ပြုပေး နိုင်မယ့် သဘော လည်း ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမေရိကန် ဟာ ကမာ္ဘ့ အင်အားကြီး နိုင်ငံ ဖြစ်နေတဲ့ အပြင် ဒီမိုကရေစီ နဲ့ ပတ်သက်ပြီး စံထား လောက်တဲ့ နိုင်ငံလည်း ဖြစ်နေလို့ သူ့ရဲ့ ဩဇာ လွှမ်းမိုးမ ှုအောက် မှာ သံတမန်ရေးရာ ကိစ္စ၊ ဒီမိုကရေစီ ရေးရာ ကိစ္စတွေ ဟာ လက်လွတ် စပယ် ထင်တိုင်းကြဲ လုပ်လို့မရအောင် ဘောင်ခတ် ပေးသွား နိုင်မယ့် သဘော ရှိနေ လို့ ဖြစ်ပါ တယ်။

အမေရိကန် အစိုးရ ဟာ သူ့ရဲ့မူဝါဒအပေါ် ပြန်လည် သုံးသပ်နေချိန်မှာဘဲ ကနဦး အဆင့်အနေ နဲ့ လုပ်ဆောင် နေခဲ့ တာတွေ ရှိပါတယ်။ သိသိသာသာ လုပ်နေတဲ့ ကိစ္စတွေထဲက တချို့ကို ဥပမာ ပေးရမယ်ဆိုရင်

  • အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ဂျပန်၊ တောင်ကိုးရီးယား၊ အင်ဒိုနီးရှားနဲ့ တရုတ် ခရီးစဉ်
  • အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်
  • လူ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်
  • မြောက်ကိုးရီးယား အနုမြူကိစ္စမှာ ခြောက်နိုင်ငံပါဝင်ဖွဲ့စည်းပြီး ပူးပေါင်းညှိနှိုင်းလုပ်ဆောင်သလိုမျိုး မြန်မာ့ဒီမိုကရေစီ အရေးမှာလည်း အလားတူ ဖွဲ့စည်းလုပ်ဆောင်ဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက အဆိုပြုနေတဲ့ကိစ္စ
  • မြန်မာနိုင်ငံက နာဂစ်စ် လေမုန်တိုင်းဒဏ် ခံရသူတွေအတွက် အိုဘားမား အစိုးရက ဆန်တန်ချိန် (၁၆) တန် လှူဒါန်းတဲ့ကိစ္စ၊
  • ဟိုတလောကဘဲ မြန်မာ့အရေးဆိုင်ရာ အမေရိကန် အထက်လွှတ်တော် အမျိုးသမီးအမတ်တွေက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆီကို စာရေးပြောကြားခဲ့တဲ့ကိစ္စ ဆိုပြီး ထူးထူးခြားခြားတွေ ရှိနေပါတယ်။ တိုက်ရိုက် (ဒါမှမဟုတ်) သွယ်ဝိုက်တဲ့နည်းနဲ့ အခြားလုပ်ဆောင်ခဲ့တာတွေ၊ လုပ်နေဆဲကိစ္စတွေလည်း ရှိပါတယ်။

ဒါတွေကို ပြန်ကြည့်လိုက်ရင် အမေရိကန်အစိုးရအနေနဲ့ မြန်မာ့အရေးမှာ အထူးစိတ်ဝင်စားပြီး ကူညီ ဖြေရှင်းပေးလိုတာ ထင်ရှားနေပါတယ်။ အဲဒီမှာ အနည်းဆုံး ရည်ရွယ်ချက် (၃)ခု ပါနေတာကို သတိထားမိပါတယ်။ (၁) နှစ်နိုင်ငံ အကျိုး စီးပွားတွေ ဖြစ်ထွန်းစေဖို့ (၂) ဒေသတွင်း တည်ငြိမ်စေဖို့အပြင် (၃) ဒီမိုကရေစီအတွက် နမူနာကောင်းတရပ် ဖြစ်စေချင်လို့ ဆိုတာတွေ ဖြစ်ပါတယ်။

နှစ်နိုင်ငံ အကျိုးစီးပွားတွေ ဖြစ်ထွန်းစေဖို့ ဆိုရာမှာ အမေရိကန်က မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဖယ်ရှားချင်နေတဲ့သဘော ရှိပါတယ်။ ရန်စောင်ပြီးနေတာဟာ နှစ်ဘက်စလုံးအတွက် ဘာမှ အကျိုးမဖြစ်ပါဘူး။ ရင်းနှီးခင်မင်တဲ့ မိတ်ဆွေတွေလို ပြံုးပြုးရွှင်ရွှင်နဲ့လုပ်တာဟာ ပိုပြီး ခရီးရောက်ပါတယ်။ ဒေသတွင်း တည်ငြိမ်ရေးဟာလည်း တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ အကျိုးစီးပွားကို ပိုပြီးဖြစ်ထွန်းအောင်လုပ်ပေးမယ့် အခြေခံ အချက်တရပ်ပါ။ ဒီမိုကရေစီအရေးကတော့ အထူးပြောစရာ မလိုပါဘူး။ ဒီနေ့ကမာ္ဘမှာ နိုင်ငံတိုင်းက အားပေး လုပ်ဆောင် ရမယ့်ကိစ္စ ဖြစ်နေပါတယ်။

ဒီတော့ ရည်ရွယ်ချက်တွေကို စုစည်းလုပ်ဆောင်ဖို့ဆိုရင် အမေရိကန်အစိုးရသစ်ဟာ သူ့ရဲ့နိုင်ငံခြားရေးရာ မူဝါဒမှာ မြန်မာ နိုင်ငံကို ပုံစံသစ်နဲ့ ချဉ်းကပ်ဖို့ မဖြစ်မနေ လိုအပ်လာပါတယ်။

ဘယ်လိုချဉ်းကပ်သင့်သလဲ

ဒီတကြိမ် အမေရိကန်ရဲ့ ချဉ်းကပ်မှုဟာ ဟိုတုန်းက မြောက်ကိုးရီးယား အပါအဝင် ခြောက်နိုင်ငံပါဝင်တဲ့ ပုံစံမျိုးလို ဖြစ်လာနိုင်စရာ ရှိပါတယ်။ ဒါဟာ အင်မတန်ကောင်းတဲ့ စုစည်းချဉ်းကပ်မှု ဖြစ်ပြီး ကြိုဆိုသင့်ပါတယ်။ မြောက် ကိုးရီးယားကို ချဉ်းကပ်သလိုမျိုး ပုံစံတူပေမယ့် ရည်ရွယ်ချက်မှာတော့ သိသိသာသာ ကွဲပြားနေတာကို သတိပြုရပါမယ်။ မြောက်ကိုးရီးယားကိစ္စမှာ အဓိကအချက်က အနုမြူဖြစ်ပြီး အနုမြူဆိုတာ အစိုးရကဘဲ ထိန်းချုပ်လို့ ရပါတယ်။ ဒါကြောင့် ခြောက်နိုင်ငံ ကိုယ်စားလှယ်တွေ ဆွေးနွေးကြရာမှာ မြောက်ကိုးရီးယားအစိုးရကို ကိုယ်စားပြုတဲ့အဖွဲ့လည်း ပါဝင်ရပါ တယ်။

မြန်မာ့အရေးမှာတော့ ဒီမိုကရေစီ တည်ဆောက်ရေးကိစ္စ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ လိုအပ်ချက် ဖြစ်လို့ ဘယ်အစိုးရကမှ ထိန်းချုပ်လို့ မရပါဘူး။ ဒါကြောင့် ခြောက်နိုင်ငံ စုစည်းသလိုမျိုး လုပ်ဖို့ဆိုရင် အဲဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပုံတွေဟာ မြောက်ကိုးရီးယားနဲ့ မတူရတော့ပါဘူး။ အဲဒီလို ဖွဲ့စည်းမယ့် အာရှနိုင်ငံစုံအဖွဲ့ (အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်)ရဲ့ ရည်ရွယ်ချက်ဟာ ရှင်းရှင်းပြောရရင် ဒီမိုကရေစီကို လူထုလိုလားတဲ့ ပုံစံအတိုင်း နအဖက လုပ်ပေးလာအောင် နားချပေးနိုင်ဖို့သာ ဖြစ်သင့်ပါတယ်။ ဒီထက်ပိုပြီး ကျော်လွန်ပြီး မလုပ်သင့်ပါဘူး။ လုပ်မယ်ဆိုရင်လည်း အောင်မြင်မှာ မဟုတ်ပါဘူး။ ထပ်ပြီးတော့ ရှင်းအောင်ပြောရရင် အဲဒီနိုင်ငံတွေ တွေ့ဆုံဆွေးနွေးတဲ့ အထဲမှာ မြန်မာကိုယ်စားလှယ် မပါဝင်စေရပါဘူး။ သူတို့ဖာသာ ဆွေးနွေးတိုင်ပင်ပြီး နအဖနဲ့ NLD ကြားမှာ ပြေလည်အောင် ညှိနှိုင်းပေးတာဘဲ ဖြစ်သင့်ပါတယ်။

ဒါဆိုရင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် အဆက်ဆက်က မအောင်မြင်ခဲ့တဲ့ ကြားဝင်ညှိနှိုင်းပေးတဲ့ ပုံစံလို ဖြစ်နေပါမယ်။ ဒါပေမယ့် မတူညီတဲ့ နောက်ခံအနေအထားတွေ ရှိပါတယ်။ အရင်တုန်းက လုပ်ခဲ့သမျှတွေဟာ ကုလ သမဂ္ဂက ဝင်လုပ်ပေးတာဖြစ်ပြီး ကုလသမဂ္ဂမှာ မဖြစ်မနေလိုက်နာပေးရတဲ့ လုံခြံုရေးကောင်စီ ဆုံးဖြတ်ချက် ရှိတာတောင် တရုတ်နဲ့ ရုရှားက မြန်မာနအဖဘက်ကလိုက်ပြီး ဗီတိုအာဏာနဲ့ ပယ်ချနိုင်ခဲ့တာတွေ ရှိပါတယ်။ အခုပုံစံသစ်မှာတော့ အမေရိကန် ရှိနေပြီး သူကိုင်ထားတဲ့ လက်နက်က Sanctions ဖြစ်နေလို့ပါဘဲ။

အမေရိကန် Sanctions နဲ့ ပတ်သက်လို့

မြန်မာ့ဒီမိုကရေစီကို လက်ရှိနအဖစစ်အစိုးရ တဖွဲ့တည်းကဘဲ ကြိုးကိုင်လုပ်ဆောင်လို့ မရပါဘူး။ ဒီမိုကရေစီကို တည်ဆောက်မှာဖြစ်တဲ့အတိုင်း နိုင်ငံရေးပါတီတွေ၊ အထူးသဖြင့် ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ပါတီတွေလည်း အဓိက နေရာက ပါဝင်နေရပါမယ်။ ပြည်သူတွေလည်း ပါဝင်နေရပါမယ်။ သက်ဆိုင်သူအားလုံးဟာ ဒီမိုကရေစီ နည်းလမ်းကျကျ သူနေရာနဲ့သူ ပါဝင်နေမှ အောင်မြင်ပါမယ်။

ဒီလို ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းတွေ အောင်မြင်သွားတော့မှဘဲ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ် ထားတဲ့ စီးပွားရေး ပြစ်ဒဏ်ခတ် ပိတ်ဆို့ထားတာတွေကို သူ့နိုင်ငံ ဥပဒေကြောင်းအရ ပြန်လည် ရုပ်သိမ်းပေးနိုင်မှာ ဖြစ်ပါတယ်။

လွင်အောင်စိုး

alt

LEAVE A REPLY

Please enter your comment!
Please enter your name here