လူသိ နည်းသေးသော မက္ကဆီကို မှ ရေသဘင်ပွဲ

alt

ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံများ တွင်သာ နှစ်သစ်ကူးသော အခါ သမယတွင် အတာ ရေသဘင်ပွဲ ဆင်ယင်နွှဲ သကဲ့သို့ လက်တင် အမေရိကားနိုင်ငံ တခုဖြစ်သော မက္ကဆီကိုနိုင်ငံ တွင်လည်း အထက်ပါ နိုင်ငံများ ကဲ့သို့ ဘာသာရေး ပွဲတော် တခုတွင် ရေကစားသော ဓလေ့ဖြင့် ပျော်ရွှင် ဆင်နွှဲလေ့ ရှိကြောင်း သိရှိရသည်။

ရိုမန်ကက်သလစ် ဘာသာအား တနိုင်ငံလုံး၏ ၉၅ရာခိုင်နှုန်း သက်ဝင် ယုံကြည်သော မက္ကဆီကို နိုင်ငံတွင် ဘက်ပတစ် (နှစ်ခြင်း အသင်းတော်) ဘာသာတရား ကိုင်းရှိုင်းသူ လူနည်းစုတို့၏ ပွဲတော်တခု ဖြစ်သော သူတော်စင် စိန့်ဂျွန်းပွဲတော် (ဂျွန်လ ( ၂၄)ရက်နေ့) သည်၊ ယခင်က ကျော်ကြားသော ပွဲတော်အဖြစ် တလေးတစား အခမ်းအနားဖြင့် ကျင်းပခဲ့သော်လည်း ယခုအခါ တိမ်ကော ပပျောက်လု နီးပါး ပွဲတော်တခု အဖြစ် သိရှိရသည်။

မက္ကဆီကို နိုင်ငံ အနောက်တောင်ဖက် အခြမ်းရှိ ပွေဘလာ မြို့ကြီး အနီးမှ တလက်ကလာ ပြည်နယ်၊ Ixtenco မြို့တွင် ရိုးရာဓလေ့ အရ အထူးဆင်ယင် ကျင်းပသော ထိုပွဲတော်ကို ဂျွန်လ ၂၃ရက်နေ့ နံနက် အရုဏ်တက် ၂နာရီ ကတည်းကပင် လမ်းများပေါ်တွင် သစ်သီး အသီးအနှံ၊ ပန်းမာန်လ်၊ ကော်ဇောများ ခင်းကျင်းကာ ရိုးရာ တေးဂီတများဖြင့် တီးမှုတ် ဖျော်ဖြေနေကြပြီး မီးကျည်မီးပန်းများ ပစ်ဖေါက် ပျော်ပါးကြကာ သူတော်စင် စိန့်ဂျွန်းရုပ်ထု ဘုရားကျောင်းတွင်းမှ သယ်ဆောင်လာ၍ မြို့တွင်းသို့ လှည့်လည်သည့် အချိန်တွင် ထိုပွဲတော်အား စတင်သည်ဟု သိရှိရသည်။

ထိုပွဲတော်မှာ ကိုလိုနီစပိန် အငွေ့အသက် လွှမ်းမိုးပြီး မြေကမာ္ဘ နတ်သမီးအား ပူဇော်သော ရိုမန်ကက်သလစ် အစဉ်အလာမှ ဆင်းသက်လာသည်ဟု ဆိုသည်။ ထိုသူတော်စဉ် စိန့်ဂျွန်းရုပ်ထုအား ဘီစီ ၃၀၀ – ၄၀၀ ရာစုနှစ် ပြင်သစ်ဗိသုကာ လက်ရာဟန်နွယ်သော မြို့လည်ရှိ ဘုရားကျောင်းတွင် ထားရှိသည်ဟု ဆိုသည်။

ယခုခေတ်တွင်မူ ယင်းပွဲတော်အား ထိုဒေသတွင်းရှိ မိသားစုများ ပြန်လည်ဆုံတွေ့သော အထိမ်းအမှတ် ပွဲတော်၊ ရယ်စရာများ၊ ပျော်ရွှင်ဖွယ်များ အတိခြံုလွှမ်းသည့် ပွဲတော် အဖြစ်သာ ကျင်းပ ဆင်ယင်နွှဲလျက် ရှိကာ ပူပြင်းလှသော မက္ကဆီကို ၏ နွေရာသီ ဂျွန်လ (၂၄)ရက်နေ့တွင် ကျင်းပကြခြင်း ဖြစ်သည်။

ထိုနေ့တွင် မြို့အနီးအနားရှိ စမ်းချောင်းများတွင် မိသားစုများ ပျော်ပါး စားသောက်ကာ ရေဆော့ ကစားကြခြင်း၊ ရေပူဗောင်းများဖြင့် ပေါက်ကစားခြင်း၊ ရေပုံးများဖြင့် လိုက်လံ ပက်ကစားကြခြင်း နှင့် လူငယ်များ သောက်စား မူးယစ်ကြသည်ဟု သိရှိရသည်၊ ထိုသို့ ရေဆော့ ကစားကြသည့် ဓလေ့မှာ လက်တင် အမေရိကားရှိ နိုင်ငံတခု အတွက်တော့ ထူးခြား လှပေသည်။ 

LEAVE A REPLY

Please enter your comment!
Please enter your name here