ကြပ်နေတဲ့ တိုင်းပြည်က ချတ်နေသူများ

alt

ကျနော့် မွေးရပ်မြေက စင်ကာပူပါ။ အခုတော့ မြန်မာပြည်မှာ အလုပ်လုပ်နေတယ်။ စင်ကာပူသား မြန်မာပြည်မှာ အလုပ်လုပ်တယ် ဆိုလို့ အံ့ဩသွားသလား။

အဟဲ …. ကျနော်က လူမှမဟုတ်တာ။

လူ မဟုတ်ပေမယ့် မြန်မာပြည်မှာ အနေကြာလာတော့ လူ စိတ်ဝင်လာတယ် ပြောရမယ်။

ကျနော်မှာ အကြားတွေ အမြင်တွေ ရှိနေတာကိုး ။ ကျနော်လုပ်နေတဲ့ အလုပ်ကိုက သူတပါး မကြားစေချင်တာတွေကို အလိုလိုကြားနေရတယ်။ သူတပါးကို ပြောချင်တာတွေကိုလည်း တဖက်သူ ကြားသွားအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အစွမ်း ကျနော့်မှာ ရှိနေတယ်လေ။ ကျနော် နာမည် ပီဖင်းဂိုးပါ။ မစ္စတာ ပီဖင်းဂိုးပါ။

အင်တာနက် ဆိုတဲ့ နည်းပညာ မြန်မာပြည်မှာ ခေတ်စားလာတာနဲ့ အမျှ ကျနော့ ညီမောင် သူငယ်ချင်းတွေလည်း မြန်မာပြည်အနှံ့မှာ မြန်မာပြည်သူ ပြည်သားတို့ လိုအင် ဖြည့်စွမ်းဖို့ ပိုပိုရောက်လာကြတယ်။ ဘာလို့လဲဆိုရင် တိုင်းတပါးမှာ ရောက်နေတဲ့ မြန်မာတွေနဲ့ ပြည်တွင်းမှာ ကျန်ခဲ့တဲ ့ သူ့မိသားစုတွေ တွေ့ဆုံ စကားပြောနိုင်ဖို့ ကျနော့်မှာ အစွမ်းရှိတယ်၊ အစွမ်းကလည်း အတော်ထက်တော့ မြန်မာ့ဆက်သွယ်ရေးက ကျနော်တို့ကို မကြည်ဖြူနိုင်ကြဘူး ကျနော်ကတော့ ရန်ကုန်မြို့စွန် တနေရာ မြို့သစ်ဘက် အခြမ်းတခုက အလုပ်ရှင်ဆီမှာ တာဝန်ထမ်း ရသူပါ။

အခု ကျနော်ပြောပြချင်တာက ခင်ဗျားတို့ လူသားတွေ အကြောင်းပါဘဲ မြန်မာပြည်သားတွေ အကြောင်းပါဘဲ။ ကျနော်ကတော့ လူမဟုတ်တဲ့ စက်ပစ္စည်း နည်းပညာဆိုတော့ ခံစားချက်ပိုင်း အတွေးအခေါ်ပိုင်း ဆိုင်ရာမှာ လူတွေလိုတော့ ဖြစ်ချင်မှ ဖြစ်မယ်ပေါ့။ ဒါပေမယ့် ကျနော် ကြားသမျှ သိသမျှ မြင်သမျှတွေကို ခင်ဗျားတို့ လူမျိုးတွေ သိသင့်တယ် ထင်လို့ ဖေါက်သည်ချ ပြောပြမယ် စိတ်ကူးတယ် ။

နားထောင်ချင်လား ။ ။ ။ ။ ။ ။

အခုပဲ ကြည့်လေ ကျနော့် ရှေ့မှောက်မှာ ကျနော့်ကို ဗဟိုပြုပြီး ပြောနေကြတဲ့ အချို့စကားလုံးတွေဟာ စိတ်ဝင်စားဖို့ ကောင်းသလို အင်မတန် ဘဝဆန်ပြီး သနားစရာလည်း ကောင်းနေတတ်ပြန်ရော ။ အင်မတန် ကြောက်စရာကောင်းသလို အင်မတန် ယဉ်ကျေး ပျူငှာဖေါ်ရွေနေတာမျိုးတွေလည်း တွေ့ရတတ်တယ်။ လောကထဲက အကြောင်းဆိုတော့ ဗျာပါဒတွေနဲ့ အမျိုးမျိူး အဖုံဖုံ ပါပဲလေ။ သေချာတာကတော့ ကျနော့်ဆီကို လာကြ စကားတွေ ပြောကြတဲ့ လူတွေဟာ မြန်မာပြည်ရဲ့ အခြေခံလူတန်းစား လူလတ်တန်းစား အလွှာက လူအများစုဖြစ်တော့ သူတို့ပြောသမျှ သူတို့ ခံစားနေရသမျှဟာ ခင်ဗျားတို့ မြန်မာပြည်ရဲ့ လူထု အသွင်သဏ္ဍာန် အစစ်ဖြစ်လိမ့်မယ် ဆိုတာ အသေချာပါပဲ ။ ပြောပြတော့မယ်နော် နားထောင် ….

စိတ်နဲ့ ခံစား မျက်လုံးနဲ့ နားထောင် ………

တူ … တူ …… ပလိစ် လိဖ် ရွာမက်ဆေ့ချ် အဖတား သတုန်း တူ တူ ။

“ ဟာ အကို ! ဘာကြီးဒုန်းဗျ… ခင်ဗျာဟာက ဘာသံတွေမှန်းလည်း မသိဘူး ဘိုသံတွေနဲ့ ပြောနေတယ်” ဖုန်းလာဆက်တဲ့ လူငယ်က အလန့်တကြားနဲ့ ပြောတာကို ကျနော်က ၀င်ပြောချင်လိုက်တာ အဲဒါ ဗွိုက်မက်ဆေ့ချ်လို့ ခေါ်တယ်ကွ… အဲဒီလောက်တောင် မင်း နားမလည်ဘူးလားလို့။ ဒါပေမယ့် သူ့ပုံကြည့်ရတာ အခုမှ ကွန်ပြူတာဆိုတာ မြင်ဖူးတဲ့ ပုံပါ ။ ကျနော့်ကို စိုက်ကြည့်ပုံများ မျက်လုံးလေးကို ကလည်ကလည်နဲ့ အဲဒီအချိန် ဆိုင်ရှင် အကိုကြီးက စိတ်ရှည်ရှည်နဲ့ ရှင်းပြတယ် ။ “ အဲဒါ ဗွိုက်မက်ဆေ့ချ်လို့ ခေါ်တယ်ကွ ညီလေး ပြောသမျှတွေကိုမှတ်ပြီး ညီလေးရဲ့ အဖေ ဖုန်းမှာ မှတ်ထားပေးပြီး အသံ ကျန်နေရစ်ခဲ့မှာ။ ပြောစရာရှိတာသာ ပြောလိုက် မြန်မြန်ပြော” ဆိုင်ရှင်က ပြောတော့ … ဆိုတော့ ကောင်လေးက

“အခုနက အမရေ ကျုပ်ပြောတာကို ဗမာလို နားလည်မလားတော့ မသိဘူး။ ကျုပ်အဖေ ပြန်လာရင် ပြောပေးပါဗျာ။ အိမ်က သား ဖုန်းလာဆက်တယ်လို့…. နော် …အမ၊ ဆက်ဆက် ပြန်ပြော လိုက်ပါဦးနော် ပိုက်ဆံလည်း ပို့အုန်းလို့ အမေက မှာလိုက်တယ်။ အရင် နှစ်လစာလည်း မပို့သေးဘူး …အမ ။ ဟုတ်ကဲ့ ကြားလား အမ အိမ်မှာ အကြွေးတွေ နဲ့ အတိုးနဲ့ …. အမေ အတော်ကြပ်နေတယ်တဲ့ ပြောပေးပါ

….အမ ….နော် အမ …. ဟလို… အမရေ….

ဟာ ….အကို သူဘာမှလည်း ပြန်မဖြေဘူး။ “ညီလေး အဲဒါက ဖုန်းထဲမှာ အလိုလိုပြန်ဖြေတဲ့ အသံကွ လူမဟုတ်ဘူး” ” သိဘူးလေ” တဲ့ ဇလုပ်သံကြီးနဲ့ ဖြေပုံက။

အဲသလို အသံတွေကို ကျနော့် နေ့စဉ် ကြားနေရပါတယ်။ ဘာမှတော့ မဟုတ်ဘူး။ အကြောင်းအရာ ကလည်း သိပ်အဆန်းကြီး မဟုတ်ဘူး။ ဒါပေမယ့် အဲဒီလို ဖြစ်ရပ်လေးတွေကို သေချာ စေ့စေ့စပ်စပ် ခြံုငုံပြီး တွေးမယ် ဆိုရင် အင်မတန် ရင်နင့်စရာ အဖြစ်အပျက်တွေ လူမှုရေး နစ်နာဆုံးရှုံးမှုတွေ ဖြစ်နေစေတယ်လို့ သိမြင်လာမှာပါ။ ဒါကလဲ အလုံးစုံ ချွတ်ခြံုကျမှု လမ်းစဉ်ကို လိုက်နေတဲ့ နိုင်ငံကြီးမှာ ဘာမှလုပ်လို့ မရတော့လို့ ပညာတတ်အလွှာ ဦးနှောက်ယို စီးမှုဖြစ်ပြီး အခု အောက်ဆုံးက ပြည်သူ့အလွှာမှာ လုပ်အားယိုစီးမှု ဖြစ်ပွားနေတာ။ ဒါကြောင့် ကျနော့်ကို သုံးတဲ့ လူတန်းစားတွေက အိမ်နီးချင်း နိုင်ငံတွေမှာ အလုပ်သွားလုပ်ကြတဲ့ လူတွေများပါတယ်။

ပိုက်ဆံမရှိလို့ အိမ်မှာ စိတ်ဆင်းရဲနေတဲ့ အမေရဲ့မှာစကားကို ကွန်ပြူတာ အင်တာနက် ဖုန်းကတဆင့် တိုင်းတပါးနေ ဖခင်ဖြစ်သူကို ငွေလာတောင်းရတဲ့ သားဘဝ။ ခေတ်မမှီ စာမတတ် ဘာသာခြားစကား နားမလည် ၊ သာမန် တွေးကြည့်ရင်တော့ ဘာမှ မဟုတ်တဲ့ နလပိန်းတုံးလေး တယောက် မရဲတရဲနဲ့ စကားလာပြောတာလို့ ဟာသ လုပ်စရာပဲ။ ဒါပေမယ့် စေ့စေ့တွေးရင်လေ… လူတယောက်အနေနဲ့ …. လူမိသားစု တခု အနေနဲ့ …. နိုင်ငံသားတယောက် အနေနဲ့ …. အင်မတန် တန်ဖိုးရှိတဲ့ လူငယ်တယောက် အနေနဲ့ ……. သူ့ခမျာ ဆုံးရှုံးမှုပေါင်း များစွာ ဆုံးရှုံးနေတယ် ဆိုတာ သိလာရလိမ့်မယ်။ ပြန်လည် အစားထိုး မရနိုင်တော့တဲ့ ပထမ ဆုံးရှုံမှု အဝေးရောက်နေတဲ့ ဖခင်ဖြစ်သူနဲ့ နှစ်ပေါင်းများစွာ ခွဲခွါနေရလို့ ဖခင် အုပ်ထိန်းမှု မေတ္တာရိပ်မြံုကို သူ မရဘူး။ ဒုတိယ စီးပွားရေးကြပ်တည်းတဲ့ မိသားစုမှာ ယောက်ျားလေး ဖြစ်ရတဲ့အတွက် ပညာရေးထက် စီးပွားရေးကို ဦးစားပေးခဲ့ရမှန်း ပညာမတတ်တဲ့ သူ့ ပုံစံက ပြနေတယ်။

မရဲတရဲ မယုံမရဲနဲ့ ပြူးကြောင်ကြောင်လေး ဖြစ်နေပုံကြည့်ရတော့ သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်နိုင်စွမ်း မရှိအောင် ဖန်တီးထားခံရတဲ့ ကျဉ်းကျပ်ခြင်း စိတ်အခံကို ခံစားနေရမယ်လို့ သိနိုင်မယ်။ အများကြီး အများကြီး ခင်ဗျားတို့ လူတွေ ခင်ဗျားတို့ နိုင်ငံသားတွေ သိလာ မြင်လာမှာပါ။ ကြောက်တတ်တဲ့ လူငယ်တွေ များလေလေ ခင်ဗျားတို့ အနာဂတ်မှာ အကြောက်တရားတွေနဲ့ စီးပိုးခံရမှုတွေ များလေလေ ဖြစ်မယ်ဆိုတာ မတွေးတောတဲ့ ခင်ဗျားတို့ လူမျိုးတွေကို ကျုပ်တို့ အတော် အံ့ဩတယ်ဗျာ။ တကယ် … တကယ်။

ဟော သူ့ အကျီဟောင်းလေးထဲက ထုတ်လိုက်တဲ့ ဖုန်းဖိုးပိုက်ဆံ အစုတ်အပြတ် လေးတွေကလည်း ခင်ဗျားတို့ နိုင်ငံသားတွေ ဘယ်လောက် နုံခြာ အောက်တန်းကျနေရတယ် ဆိုတာကို ကိုယ်စားပြု နေပြန်ပါရော။ ဒါကိုလည်း ခင်ဗျားတို့ တွေးမိမယ် မထင်ပါဘူး။ စုတ်ပြတ်ခြင်း။ ပေရေခြင်း တန်ဖိုး ထားမခံရခြင်း။ လူသား အဖိုးအခ ထိုက်တန်စွာ မခံစားရခြင်း။ ရှင်းရှင်းဆိုရရင် လူ့အခွင့်အရေး ဆိုတာ ချို( ဂျို )  နဲ့ လားလို့တောင် မေးရမလောက်အောင် တုံးအောက်ကမှာ ပြားနေ ပိနေတဲ့ ခင်ဗျားတို့ စိတ်ထဲ ငွေဘယ်က ရမလဲ ဒီနေ့ ဘာနဲ့ ဗိုလ်ဖြည့်မလဲ ဆိုတာနဲ့ ပဲ နေဝင်မိုးချုပ် တကုတ်ကုတ်ဆိုတာ ကျုပ်လက်တွေ့ တွေပဲ။ ကျုပ် ပီဖင်းဂိုးလေး မြင်တာတွေကိုပြောတာနော် အမှန်ချည်းပြောလို့စိတ်မဆိုးနဲ့။ အောက်တန်းကျ တယ်လို့ အပြောမခံချင်ရင် အထက်တန်းကျတဲ့ စိတ်နေစိတ်ထား အပြုအမူတွေ မွေးမြူပေါ့ အထက်တန်းစား စိတ်ထားပိုင်ရှင်တွေ ဖြစ်အောင် ကြိုစားပေါ့

ဟောဟော နောက်တယောက် ၀င်လာပါပြီ။ ကလေးတွေကလည်း စိန်ဗိုလ်တင့် တီးဝိုင်းက ပတ်ဝိုင်းများနှယ် ကျနေတာပဲ တွဲလွဲရော ရင်ခွင်ပိုက်ရော ထမိန်ဆွဲရော ။ ဆိုင်ရှင်က သူ့နှာခေါင်းကို ရှုံ့ပြီး အဲဒီခပ်ဝဝ အမျိုးသမီးကို ကြည့်လိုက်တာ သတိထားမိလိုက်တယ်။ ဧကန္တ သူ့ဆီက အနံ့ပြင်းပြင်း တခုကို ရလို့ နေမှာပေါ့။ ဟုတ်ပါ့ အပေါစား ရေမွှေးကို တပုလင်းလုံး လောင်းချလာသလား အောက်မေ့ရတယ်။ သူကလည်း လာပြန်ပသေး ယိုးဒယားကို ဖုန်းဆက်မလို့တဲ့ ။ သူ့ယောက်ျားဆီကိုဆိုပဲ။ ကျနော် ခေါ်ပေးလိုက်ပါတယ် ။ သူတို့ချင်းပြောနေကြတာတော့ အစုံပဲ။ သူ့ယောက်ျားက သူများ နိုင်ငံမှာ ကြံုူရာ ကျပန်း အလုပ်လုပ်ကိုင်ပြီး မြန်မာပြည်က သူ့မိသားစုကို ပိုက်ဆံတွေ ပြန်ပို့ပြီး ကျွေးမွေးထောက်ပံ့နေတာပါ။ သူ့ယောက်ျား က သူ့သားတွေ ကို တဦးစီ ဖုန်းပြောတယ် သူတို့ပျော်နေကြတယ်။ အဖေပြန်လာရင် ပါ၀ါရိန်းဂျား ၀ယ်ခဲ့လို့ မပီကလာ ပြောတဲ့အသံလေးကို ကျနော်တောင် သဘောကျတယ်။

မိန်းမ ၀၀ကြီးက သူ့သားတွေ အလှည့်အပြီးသူ့ရဲ့ လက်ရှိစီးပွားရေး အခြေအနေတွေကို သူ့ယောင်္ကျား သိအောင် ရှင်းပြတယ်။ အလုပ် လုပ်ကိုင်စားဖို့ မလွယ်တဲ့ အကြောင်း။ ငွေရှာရ ခက်သလောက် ငွေသုံးဖို့ကျတော့ ဟောကနဲ … ဟောကနဲ နဲ့ ကုန်တတ်တဲ့ အကြောင်း ယောင်္ကျားအနေနဲ့ အဲဒီမှာ ဘာလုပ်ရ လုပ်ရ ရအောင် ကြံဖန်လုပ်ပြီး နေဖို့ အကြောင်း မြန်မာပြည်ပြန်လာလို့ ကတော့ သားသမီးတွေ ထမင်းငတ်ဖို့သာ ပြင်ထား ဆိုတဲ့ အကြောင်း စုံစေ့နေအောင် ပြောပါတော့တယ်။ တခါတခါလည်း သူတို့ လင်မယား အသံလေးတွေ တိမ်ဝင်သွားတယ် ။ တခါတခါလည်း သက်ပြင်းမောတွေ ချကြတယ်။ တခါတခါလည်း ခိခိဟိဟ ိနဲ့ ရီနေကြတယ်။ သူ့ သားတွေက သူ့ အမေမျက်နှာကို တလှည့် ကွန်ပြူတာပေါ်က အရုပ်လေးတွေကို တခါ ကြည့်လိုက် သဘောကျနေကြတယ်။ ဘာပဲပြောပြော သူတို့လေးတွေလည်း အဖမဲ့ ဘဝ အဝေးရောက် အဖေကို လွမ်းနေရတဲ့ သားတွေ ဘဝ။ နိုင်ငံခြားမှာ ကြံုသလို လျှင်သလို ငွေရှာနိုင်မှ မြန်မာပြည်က သူ့မိသားစု စားပေါက်ချောင်မယ့် ဘဝတွေ ဆိုတာတော့ သိပ်မထူးခြားနားပါဘဲ။

ဟောဟော နောက်မိသားစု လာပါပြီ။ သူကျတော့ ကလေးတွေကို ချီလာတဲ့ မိန်းကလေး တယောက် ။ ကလေးလေးတွေက မိန်းကလေး အမွှာဗျ။ အသက်က သုံးနှစ် ကျော်ကျော်လောက်။ သူတို့ကို ချီလာတာက သူ့အဒေါ် သူတို့အမေရဲ့ ညီမတဲ့။ သူတို့ တူဝရီးတွေက ဟိုး… တိုင်းတပါး တိုးတက်တဲ့ နိုင်ငံကြီးမှာ အလုပ်လုပ်နေတဲ့ သူတို့ မေမေကို ဗွီဇက်အို လို့ ခေါ်တဲ့ အင်တာနက် နည်းပညာနဲ့ ရုပ်မြင်သံကြား စကားတွေ ပြောဖို့လာကြတာတဲ့ ။ ကျနော့်ကိုတော့ မသုံးဘူး။ ဒါပေမယ့် ကျနော် မြင်နေကြားနေရတယ်။ ကွန်ပြူတာ မျက်နှာစာမှာ ပေါ်တချက် ပျောက်တချက် ဖြစ်နေတဲ့ သူတို့ အမေ မျက်ရည်ဝဲဝဲ ပုံရိပ်လေးကို ကလေးလေးတွေက စိတ်မဝင်စားဘူး အပြင်ထွက် ဆော့မယ် ဆိုတာချည်းပဲ။ သူ့ညီမ လုပ်သူကပဲ စကားတွေ ပြောနေတယ်။ သူတို့လည်း ငိုလိုက် မျက်ရည်သုတ်လိုက်နဲ့ပါ။ ဘယ်သူ စိတ်ကောင်းနိုင်မှာလည်း မခွဲချင်ပဲ ခွဲရ။ တွေ့ချင်ရက် မတွေ့ရ။ မေတ္တာ ဘယ်လောက်ရှိရှိ ကွန်ပြူတာ ဖန်သားပြင်ပေါ်က ပုံရိပ်ကို သူတို့ မိခင်လို့ အသိအမှတ် မပြုတဲ့ ကလေးတို့ ဘဝ။

သူတို့လေးတွေ ဘဝတွေကိုလည်း စိတ်မကောင်းစွာနဲ့ ကျနော် မြင်လိုက်ရပါသေးတယ်။ အော် တိုင်းတပါးမှာ အလုပ်လုပ်နေတဲ့ ကလေးတို့ အမေက သူရဲ့ ဂျီတော့ခ် ချက်ဘောက်စ်ပေါ်မှာ သူ့ခံစားချက်လေးကို ရေးတင်ထားသေးတယ် ပြန်လာချင်လိုက်တာ သမီးတို့ရယ်တဲ့ ။

အဲဒီ သမီးအမွှာလေးတွေ အမေခမျာ အိမ်ထောင်ရေးကလည်း ကံမကောင်းရှာဘူး ဆိုပဲ သစ္စာမရှိတဲ့ သူတို့အဖေက နောက်အိမ်ထောင်ပြုသွား။ ပြည်တွင်းမှာ စီးပွားရှာဖို့ ခက်ခဲလွန်းတဲ့ အတွက် သူတို့အမေကလည်း နိုင်ငံခြားမှာ သွားအလုပ်လုပ်နေရ မတတ်သာ ဒီဘဝ ခပ်ခွါခွါနေရတဲ့ ဒီအမွှာသမီးငယ်လေးတွေ ဘဝကို သနားလိုက်တာ။ သူတို့ဘာသာ ဘာဝ စကားလေး မပီကလာ ပီကလာနဲ့ မကြားတချက် ကြားတချက် မျက်နှာလေး ပေါ်လိုက်ပျောက်လိုက် သူတို့ အမေရဲ့ အမေးကို ပြန်ဖြေနေပုံများ။ “မေ့မေ့ကို လွမ်းလား … သမီးလေး” “ရွမ်းဒါပေါ့ … မေဂျီး” ”မေဂျီ ပန်ရာနော် မီးမီးတို့ မှော်နေမယ်နော်” သူတို့လေးတို့နေရာ သူတို့အမေ မိခင်နေရာ ခင်ဗျားတို့ဝင်ခံစားကြည့် ဘယ်သူဘယ်လိုနေမလဲ……. ချွဲတတ်ကာစ အရွယ် သမီးငယ်ကို ခွဲပြီး ဟိုး တိုင်းတပါးမှာ သွားနေရတာဟာ ဘာကြောင့်လို့ ခင်ဗျားတို့ထင်သလဲ …… ဘာကြောင့်လဲ?

မနေ့ တနေ့ကတင် ခင်ဗျားတို့ မြန်မာ ၀န်ကြီးချုပ်က ကြေငြာတယ်လေ။ စီးပွားရေးတွေ တိုးတက်နေပါတယ်တဲ့ ပြည်တွင်းမှာ အလုပ်ကိုင်တွေ ပေါများနေပါတယ်တဲ့။ ကျုပ်တော့ ရီချင်လိုက်တာ။ အမွှာသမီးလေးရေ အဲဒီဆိုင်းဘုတ်တွေ သတင်းစာတွေ ဓါတ်ပုံ အထောက်အထားတွေကို သေချာ သိမ်းထားလို့့ပဲ ပြောလိုက်ချင်တော့တယ်။ သမီးတို့ မိမရှိဖမဲ့ ဘဝနဲ့ လူလားမြောက်လာရအောင် အဓိက ဖန်တီးခဲ့တဲ့ တရားခံဟာ အဲဒီ သတင်းစာတွေထဲက လူလိမ်ကြီးတွေကြောင့်ဖြစ်တဲ့ အကြောင်း ကြီးပြင်း အရွယ်ရောက်လာတဲ့ သမီးတို့ နားလည်လာလိမ့်မယ် လို့သာ ပြောချင်တော့တယ်။

အင်း သူတို့လေးတွေ ငိုမဲ့ငိုမဲ့နဲ့ ပြန်သွားကြပြီ။ ကလေးတယောက်ကို ခါးထစ်ခွင်ချီ နောက်တယောက်ကို လက်မှာဆွဲ မျက်ရည်တွဲလဲနဲ့ ခွဲသွားကြရပြန်ပြီ။ စောစောက တွေ့ခဲ့တဲ့ သူတို့အမေရဲ့ ပုံရိပ်လေးလည်း ကွန်ပြူတာ ဖန်သားပြင်ပေါ်က ပျောက်သွားပြီပဲ။ အော် ဒါကြောင့် ဟိုတနေ့က လာသွားတဲ့ ကလေးလေး တယောက်ပြောတာပဲ။ သူ့အဖေ ဘယ်မှာနေလဲ လို့မေးရင် အိမ်က တီဗွီကြီးကို လက်ညိုး ထိုးပြတယ်တဲ့ သူမွေးပြီး ကတည်းက သူ့အဖေ ဆိုတာကို ကွန်ပြူတာ ဖန်သားပြင်မှာပဲ မြင်ဖူးတော့ သူ့အသိစိတ်ထဲမှာ သူ့အဖေဟာ အဲဒီ ဖန်သားပြင်ထဲမှာ နေတယ်လို့ပဲ စိတ်စွဲနေတာ ဖြစ်နိုင်တာပေါ့ …. တိုးတက်နေပါတယ် ဆိုတဲ့ ကမ္ဘာကြီးရေ မေတ္တာတို့ ရှိပါသော်လည်း ပေးခွင့် ခံယူခွင့် ငြိမ်းချမ်းခွင့် မရတဲ့ မြန်မာနိုင်ငံသားတို့ ဘဝကို လာကြည့်ကြပါအုံး လို့သာ ကျုပ်…. အော်လိုက်ချင်တော့ တယ်။

ဟော…ဟော…ပြောရင်းဆိုရင်း နိုင်ငံပိုင် သတင်းစာကြီးထဲ ဘယ်တော့မှ မပျက်တဲ့မီး အခု မီးပျက်သွားပြန်ပြီ ကျုပ်ဘဝ ခဏတာ အမှောင်ကျ အသက်သေပြီပေါ့ … မီးပြန်လာမှ ပြန်လာ ပြောပြဦးမယ်။

ရွှေဘန်း (ရန်ကုန်သစ်)

LEAVE A REPLY

Please enter your comment!
Please enter your name here