ဘဝ ဇါတ်ခုံပေါ်မှ မြင်သမျှ အရေး

alt

ဘဝတလျှောက်မှာ နိုင်ငံရေးဆိုတာ သိချင်ရုံ၊ နားလည်ချင်ရုံ သက်သက်နဲ့သာ လေ့လာခဲ့တယ်။ ဒါပေမဲ့ ကြားနေ သိနေရတာတွေက များသထက် များလာတော့ ေဩာ် … နိုင်ငံရေးဆိုတာ ၊ ပြည်သူ့အရေးပါလားလို့ သိလာရတယ်။

စာရေးသူ ငယ်စဉ်တောင်ကျေး ဘဝမှာ ကတည်းက တကယ်စိတ်ဝင်စားတာ လူတွေထဲက လူတွေအကြောင်းပဲ။ လူတွေကို စိတ်ဝင်စားတယ်။

လူတွေ ဘာအတွက်နဲ့ ဘာတွေ လုပ်နေကြတာလဲ ဆိုတာကို စိတ်ဝင်စားတယ်။

တကယ့် နိုင်ငံရေးဆိုတာ လူသားအရေးလို့ပဲ အသိနဲ့ သတ်မှတ်ထားခဲ့မိတယ်။ ဘဝတလျှောက်မှာ ၁၉၈၈ အရေးအခင်းကိုလည်း မီခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အသက်က လူမှန်း သိတတ်ခါစ မဖြစ်ညစ်ကျယ် အရွယ်ပေါ့။ ဒါပေမဲ့ ၈၈ အရေးအခင်းက အမှတ်တရတွေ တခုတ်တရတွေ ပေးသွားခဲ့ဖူးတယ်။ ၈၈ အရေးအခင်းတုန်းကဆိုရင် အထင်ကရ နေရာတခုတဲ့ ရန်ကုန်မြို့က ဦးဝိစာရလမ်းဆိုတာ လူတိုင်းသိကြပါတယ်။ ဦးဝိစာရလမ်းပေါ်မှာ နေခဲ့တဲ့ စာရေးသူတို့မှာ ၈၈ အရေးအခင်း ရောက်တော့ အပြစ်မဲ့တဲ့ ဦးလေးနှစ်ယောက် ဒီလမ်းမပေါ်မှာပဲ စစ်တပ်ရဲ့ ကမူရှုးထိုး ဆန်တဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ တကယ်တော့ ဦးလေးတွေက နိုင်ငံရေးသမား မဟုတ်သလို ဆန့်ကျင် ဆန္ဒပြ လူတွေထဲမှာလည်း ပါခဲ့တာ မဟုတ်ဘူး။ သူတို့အလုပ်နဲ့ သူတို့ လုပ်နေကြတာ။ မိသားစု ၀မ်းရေးအတွက် အလုပ်က အပြန် ပစ်သတ်ခံခဲ့ရတယ်။ ဒဂုံ ဘိလပ်ရေစက်လို့ ခေါ်ကြတဲ့ ဟံသာဝတီ အဝိုင်းနားက နေရာမှာပေါ့။  အရမ်း ၀မ်းနည်းခဲ့ရတယ်။ ဘာလို့ ငါ့ဦးလေးတွေကို ပစ်သတ်ခဲ့တာလဲလို့ မေးခွန်းတွေ ထုတ်ခဲ့မိတယ်။ ဒါက ကလေးဘဝပေါ့။

အဲဒီကနေ လွန်လို့ အရွယ်ရောက်လာတဲ့ အချိန်မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့စာတွေကို စမ်းဖတ်လာခဲ့တယ်။ ဒါပေမဲ့ ဒါတွေအားလုံးက သမိုင်းမှာ အမာရွတ် ဖြစ်ထင်ခဲ့တဲ့ အကြောင်းအရာတွေပေါ့။ သင်ခန်းစာယူရုံသက်သက် လေ့လာခဲ့သလို၊ ၁၀ တန်းလောက် ရောက်တဲ့အချိန်မှာ နိုင်ငံရေးဆိုတာကို ပိုပြီး စိတ်ဝင်စားလာခဲ့တယ်။ ကလေးဘဝ အမြင်ထက် နည်းနည်းလေး ပိုစူးရှပြီး လေ့လာခဲ့တယ်။ နဂိုရ်ရှိပြီးသာ လက်လှမ်းမီ သလောက် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာပေတွေကို လေ့လာကြည့်တယ်၊ တကယ်တော့ နိုင်ငံရေးကို စိတ်ဝင်စားတယ် ဆိုတာကလည်း သိချင်တဲ့ လိုဘ တခုထဲ အတွက်ကြောင့်လေ။

ရွေးချယ်စရာ မရှိတဲ့ နိုင်ငံမှာဆိုတော့ ငယ်ငယ်က စစ်ဗိုလ်တယောက် အရမ်းဖြစ်ချင်ခဲ့တယ်။ ဆယ်တန်းအောင်ရင် ဗိုလ်လောင်း လျှောက်လို့ ရတယ်ဆိုတဲ့ ပုံသေကားချပ်ကို အမှီပြုပြီး  နိုင်ငံရေး သမိုင်းစာတွေ၊ စစ်တပ်နဲ့ ဆိုင်တဲ့စာတွေကို ဖတ်ခဲ့တယ်။ မိသားစုထဲမှာ နိုင်ငံရေးသမားဆိုတာ မရှိသလို နိုင်ငံရေးနဲ့ ပတ်သက်ပြီးလည်း ပြောလေ့ပြောထ မရှိတတ်ကြ ပါဘူး။ ဒါပေမဲ့ တမိပေါက် တစ်ယောက်ထွန်း ဆိုသလို နိုင်ငံရေးကို လေ့လာခဲ့တယ်၊ လေ့လာကြည့်တယ်။ သူငယ်ချင်းတွေနဲ့ နိုင်ငံရေးအမြင်တွေ ဖလှယ်ခဲ့မိတယ်။ ဒါပေမဲ့ ရည်မှန်းထားတာတွေ မဖြစ်လာခဲ့ဖူး၊ ၁၀ တန်းကို နှစ်ချင်းပေါက် အောင်ခဲ့ပေမယ့် အောင်တဲ့နှစ်မှာ ဗိုလ်လောင်းဝင်ခွင့်တွေ ပြင်ဆင် သတ်မှတ်လိုက်တဲ့ အတွက် စစ်ဗိုလ် မဖြစ်ခဲ့ရဘူး။

ဒီလိုနဲ့ စစ်ဗိုလ်ဖြစ်ဖို့ ကံဇာတာ မပါသေးဘူးထင်လို့ ဘွဲ့ရအောင် ယူခဲ့တယ်။ ဘွဲ့ရရင် အိုဒီအက်စ် ဆိုတဲ့ ပြန်တမ်းဝင် အရာရှိလုပ်လို့ ရသေးတာပဲဆိုပြီး ရသေ့စိတ်ဖြေ ကြိုးစားခဲ့တယ်။ ဒါပေမဲ့လည်း နောက်ဆုံးနှစ် အရောက်မှာ အတွေးတချက် ၀င်လာခဲ့တယ်။ အကယ်၍ ငါသာ ကျောင်းဆရာဖြစ်ခဲ့ရင် လူအများကြီး အတွက် ပိုပြီးအသုံးဝင်နိုင်တယ် ဆိုတဲ့စိတ်နဲ့ မာစတာဒီကရီ ၀င်ဖို့ အတွက် ကြိုးစားခဲ့တယ်။ အဲဒီတုန်းက အဝေးသင် တက်နေတာလေ။ နောက်ဆုံးနှစ် အထိ အဝေးသင်သမားတွေဟာ အမှတ်မှီရင် မာစတာ တက်ခွင့်ပေးမယ် ဆိုတော့ မီးကုန်ယမ်းကုန် ကြိုးစားခဲ့တယ်။ နောက်ဆုံးနှစ် စာမေးပွဲကို အကောင်းဆုံး ဖြေဆိုနိုင်ခဲ့ပြီး မာစတာ အမှတ်မှီခဲ့တယ်။ အဲဒီအချိန်က စာရေးသူလောက် ပျော်တဲ့သူ ဤဇဗ္ဗူတခွင်မှာ ယှဉ်မဲ့သူ ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကကြီးကံက ကြီးကြီးမတင်ပဲ  သေးသေးတင် နေလို့ပဲလားမသိ ကံဆိုးနေရပြန်တယ်။

ကျွန်တော် နောက်ဆုံးနှစ် အောင်ပြီးနောက်မှာပဲ တက္ကသိုလ်က မူဝါဒတွေ ပြောင်းပစ်လိုက်ပြန်တယ်။ နေ့ကျောင်းတက် ဒေးလ် သမားတွေကိုပဲ မာစတာ တက်ခွင့် ပေးပြန်တော့မယ်တဲ့။ ကဲဗျာ…ဘယ်လောက် ကံဆိုး လိုက်သလဲ။

ဒီလိုမျိုး ကံဆိုးမှုတွေကို ရင်ဆိုင်လိုက်ရတဲ့အချိန်မှာ ပြန်လည် ဝေဖန်ဆန်းစစ် ကြည့်မိလာတယ်။ ဒီလိုဖြစ်တာတွေဟာ ဘာအတွက်ကြောင့်လဲ? ကျွန်တော် စာတွေ ပိုဖတ်လာတယ်။ ပိုပြီးတော့လည်း စဉ်းစားလာတယ်။ အဲဒီအချိန်မှာ တွေ့လိုက်တာ တခုကတော့ ကိုယ်ဘယ်လောက် ကြိုးစားကြိုးစား နောက်ဆုံးတော့ စစ်အစိုးရက တချက်လောက် မူဝါဒ ပြုပြင်ကစားလိုက်ရင် လူငယ်တွေ ရည်မှန်းချက်တွေ အကုန်ပျောက်သွား နိုင်ပါလား ? ဆိုပြီး အသိတခု ရလာခဲ့တယ်။ ဒါက တယောက်တည်း ခံစားခဲ့ရတဲ့ အဖြစ်အပျက်ပါ။ ဒီလိုမျိုး အဖြစ်အပျက်မျိုးကို နိုင်ငံတော်ရဲ့ အနာဂတ်တွေ ဘယ်နှစ်ယောက် လောက်တောင် ခံစားနေရမယ်ဆိုတာ တွေးသာ ကြည့်လိုက်ပါတော့။ ဒါနဲ့ နိုင်ငံရေးဆိုတာကို ပိုလို့တောင် စိတ်ဝင်စားလာသလို ပိုပြီးတော့ လေ့လာ မှတ်သားနေခဲ့ရတယ်။ ဒါကြောင့် နိုင်ငံရေးဆိုတာ ပြည်သူ့အရေးလို့ သိလာရတော့ …..။

မြန်မာနိုင်ငံမှာ မိုးဦးကျ ဗွက်ပေါက်သလို ဗုံးကွဲမှုနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေး စိတ်ဓာတ်ပြင်းရှရှ ရှိတဲ့ သူငယ်ချင်း တယောက်နဲ့လည်း အချေအတင် တခုတ်တရ ငြင်းခုန်ဖူးတယ်၊ သူက ဗိုလ်အောင်ကျော်လို တယောက်ကောင်းနဲ့ တိုက်ချင်တာမျိုးကို ပိုပြီး အားသန်တယ်။ ဒီလို လုပ်တာက စစ်အစိုးရကို နိုင်တဲ့နေရာက တိုက်ခိုက်တာပဲလို့ သူ့အမြင် ဗျူဟာ ပြောတဲ့အချိန်မှာ သူနဲ့ စတင် အငြင်းပွားဖွယ် ဖြစ်တော့တာပါပဲ။ ဒါပေမဲ့ အခုလို ဗုံးခွဲတဲ့အတွက် ဘယ်သူတွေ ထိခိုက်သွားလဲ? အစိုးရက တပြားတချပ်မှ တိုက်ရိုက် မထိခိုက်နိုင်ဘူး။ တကယ်တမ်း ထပ်တိုက် ဆုံးးရှုံးခဲ့ရတာက ငါတို့ ပြည်သူတွေပဲ။ ငါကတော့ ပြည်သူတွေ မျက်နှာကို ကြည့်ပြီး ချင့်ချိန် လုပ်ကြစေချင်တယ် လို့ ပြောဖြစ်တယ်၊ အစိုးရ ဖြစ်ချင်တာဖြစ် နေတာ စိတ်မဝင်စားဖူး၊ ပြည်သူတွေ ထိခိုက်မှာတော့ ငါလက်မခံနိုင်ဘူး။ အခု ထိခိုက်သေဆုံးသွားတဲ့ သူတွေထဲမှာ စစ်အစိုးရဘက်က ဘယ်နှစ်ယောက်များ ပါသလဲကွာ။ အားလုံး ငါတို့ ပြည်သူတွေချည်းပဲ။ ဒီတော့ ငါကတော့ သူ ဒီလို အကြမ်းဖက်လို့ ကိုယ် အကြမ်းဖက်လုပ်ခြင်းမျိုး ကိုတော့ ဘယ်တော့မှ နိုင်ငံရေးထဲ မစွက် စေချင်သလို အားလည်းမပေးဘူး လို့ အမြင်တွေ ချပြောမိတယ်။

ဒီလိုနဲ့ အပေါင်းအသင်းတွေထဲမှာ နိုင်ငံရေးမှ နိုင်ငံရေး ဆိုတဲ့ လူတွေ၊ ပညာတတ် နိုင်ငံရေးသမားတွေ ပါ၀င်လာခဲ့တယ်။ ဒါမျိုးဆိုတာကလည်း အာဏာရှင်နိုင်ငံမှာ သပ်သပ်စိတ်ဝင်စားမှ ဖြစ်တဲ့ အလုပ်မျိုးလေ … ဟုတ်စ၊ ဒီတော့ ခိုးစားတဲ့ အသီး ပိုချိုသလို တားမြစ်ထားတဲ့ သစ်သီး နိုင်ငံရေးကို ပိုပြီးတော့ စိတ်ဝင်စားလာတယ်။ အခြေခံ ဥပဒေမူကြမ်းကို နဂိုရ်က ဘာမှန်းတောင် မသိခဲ့တဲ့လူ ဒီစာတွေကို ဖတ်မှတ် လေ့လာ မှတ်သားလာခဲ့တယ်။ ဒါပေမဲ့ အာဏာရှင် နွံတွင်းမှာ ဆိုတာကလည်း သိတဲ့အတိုင်းလေ။ တကယ့် စာကောင်း ပေကောင်းတွေကို ဖတ်ရဖို့ဆိုတာ နောက် ဘုရားပွင့်မှာကို စောင့်ရသလို ဝေလာဝေးပေါ့။ ခွင့်ပြုပြီးသား အချို့ မလွတ်မကင်း စာတွေတောင် ခိုးကြောင်ခိုးဝှက်နဲ့ လေ့လာမှတ်သားရတာ သူ့ဟာနဲ့ သူတော့ ထုသားပေသားကျလို့။

ဒီလိုနဲ့ အသိကို ချင့်ချိန်နိုင်ပြီလို့ ပြောနိုင်တဲ့ ၂၀၀၇ ခုနှစ်ပေါ့။ ဒီကာလမှာ သင်တန်းတခု တက်နေတဲ့အချိန်။ အဲဒီ့သင်တန်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့ လူတွေအကြောင်း၊ ပညာရပ်ဆိုင်ရာတွေ အကြောင်းကို လေ့လာနေစဉ်မို့ အထူးအမှတ်ရစရာ တခုအဖြစ် မှတ်ကျောက်ပြုမိတယ်၊ အဲဒါကတော့ ၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင်လွှမ်းတဲ့ သံဃာ့လှုပ်ရှားမှု ဆိုတာပဲ။ သင်တန်းပြီးခါနီး နှစ်ပတ်လောက် အလိုမှာပေါ့။ သံဃာတော်တွေ စပြီး လမ်းလျှောက်တာကို သိပေမယ့် ဒီလောက်အထိ ဖြစ်လာလိမ့်မယ်လို့လည်း တခါသားမှ စိုးစဉ်း မမျှော်လင့်ခဲ့ဘူးလေ။ သံဃာတော်ဆိုတာက ဘုရားရဲ့ သားတော်ကို။ ဒါပေမဲ့ စဖြစ်ပြီး ၂ ရက်မြောက်နေ့ သင်တန်းအချိန် တခုမှာ ငှက်ဆိုးထိုးသံလို သေနတ်ဖေါက်သံကို စပြီး ကြားလိုက်ရတယ်။ အရမ်းတုန် လှုပ်သွားတယ်။ မဖြစ်တန်ရာပေါ့။

ဦးလေးတွေ လွန်ခဲ့တဲ့ ၁၉နှစ်မှာ ဒီမြို့ပြ သေနတ်သံအောက်မှာပဲ ဇီဝိန် ချုပ်ခဲ့ကြတာကိုး။ သေနတ်သံကြောင့် တုန်လှုပ်ခြောက်ခြားနေတဲ့ သင်တန်းဖော် ညီမတွေကို အားပေး နှစ်သိမ့်နေခဲ့ပေမယ့် ကိုယ်ကိုယ်တိုင်လည်း အရမ်းတုန်လှုပ် နေခဲ့မိတယ်။ ကိုယ့်ထက်ငယ်တဲ့ ညီမငယ်တွေကို နေရပ်ပြန်ပို့ဖို့ လုပ်နေရင်းက ဘယ်အချိန် ကိုယ့်စီကို သေနတ်ကျည်ဆံ လာမှန်မလဲဆိုတာကို စိုးရိမ်နေခဲ့ရတယ်။ အဲဒီ့နေ့မှာပဲ ကျွန်တော်တို့ သင်တန်းပိတ်ခဲ့ရတယ်။ အဲဒီနောက်ပိုင်း စက်တင်ဘာ သံဃာ့တော်လှန်ရေးမှာ ကျုပ်လဲ သာမန်လူတယောက် အနေနဲ့ တတပ်တအားပေါ့ မဟုတ်လား?။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ကပေါ့။ သူငယ်ချင်း နဲ့ စက်တင်ဘာ အရေးအခင်းကို ပါ၀င်ချိန်ပေါ့။  ဂျပန်ကြီး ကျသွားတဲ့ ဆူးလေမီးပွိုင့်မှာ တခါ၊ ပန်းဆိုးတန်း ဂုံးတံတားပေါ်မှာ တခါ တရက်တည်းနဲ့ သေနတ်နှစ်ကြိမ် လှမ်းပစ် ခံခဲ့ရတယ်။ ဒါပေမဲ့ ကံကောင်း ထောက်မစွာနဲ့ ဒီနေ့အထိ အသက်ရှင်ခဲ့တယ်။ ၈၈ အရေးအခင်းတုန်းက ဦးလေးတွေ အသက်သေခဲ့ပေမယ့် ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာတော့  လွတ်မြောက်ခဲ့တယ်။ ဦးလေးတွေနဲ့ မတူတာကတော့  ကိုယ့်အလုပ် ကိုယ်လုပ်တာ မဟုတ်ဘဲ ပြည်သူ့အတွက် ပတ်သက်မိနေခဲ့တယ် ဆိုတာပဲ။

စက်တင်ဘာ အရေးအခင်းကလည်း ပခုက္ကူသံဃာတော်တွေက စခဲ့ပြီးနောက်ပိုင်း ပြည်သူတွေရဲ့ လွတ်မြောက်ရေးအတွက် သွားခဲ့တဲ့ လမ်းတခုပါပေပဲလေ။ စိတ်ပျက်ဖွယ်ကောင်းခဲ့တာ တခုကတော့ မအောင်မြင်ခဲ့ခြင်းပဲ။ စစ်အစိုးရရဲ့ လက်နက်အားကိုး ဖိနှိပ်မှုအောက်မှာ လူမပြောနဲ့ သံဃာတော်တွေပါ သွေးမြေကျခဲ့ရတယ်။ လူမဆန်တဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့တယ်။ အစကတော့ သံဃာတော်တွေနဲ့ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စစ်အစိုးရရဲ့ သူလျှိုတွေ ပါ၀င်လာသလို နိုင်ငံရေးအဖွဲ့ တွေလည်း ပါ၀င်လာခဲ့တယ်။ ဒီလို ပါ၀င်လာပြီး နောက်မှာတော့ တော်လှန်ရေးဟာ သွေးမြေကျခြင်းနဲ့သာ အဆုံးသတ်ခဲ့ရတယ်။ သံဃာ့အရေး၊ ပြည်သူ့အရေးကို လုပ်နေချိန်မှာ သွေးထိုးမှုတွေကြောင့် အရေးတော်ပုံ ကျဆုံးခဲ့ရတယ်။ ဒီလို ပြောလိုက်ခြင်းဟာ နိုင်ငံရေးသမားတွေကို ထိုးနှက် ပုတ်ခတ်ခြင်းလည်း အလျင်းမရှိပါ။

မိတ်ဆွေတွေထဲမှာ နိုင်ငံရေးအဖွဲ့ အစည်းတွေနဲ့ ပတ်သက်ဆက်နွှယ် နေတဲ့သူတွေ အများကြီးရှိပါတယ်၊ သူတို့က သူတို့အဖွဲ့အစည်းမှာ ပါ၀င်ဖို့ ဆွဲဆောင်ပေမဲ့ မိမိ ခံယူချက်နဲ့ ဘယ်အကွေ့မှာ ဘာတက်နဲ့ လှော်ရမှာကို အသိချပ်ပြီး ရှေ့ဆက်ခဲ့တယ်။ အားပေးခဲ့တယ်။ လုပ်ရပ်တွေ မှန်ကန်တယ်လို့ ထင်မြင်ခဲ့တဲ့ အတွက်ပဲ။ တူချင်ရင်လည်း တူမယ်၊ မတူချင်ရင်လည်း မတူဘူးပေါ့။ ဒါကတော့ ကြိုက်သလို သဘောထားကွဲလွဲခွင့်ရှိတဲ့ အရာပဲ။ လူတိုင်းက ကိုယ်မှန်တယ်ထင်တဲ့အတိုင်း ဆက်လျှောက်နေကြတဲ့ သူတွေချည်းပါပဲ။ အစိုးရကို မကောင်းဘူး မပြောချင်သလို ဒီမိုကရေစီအရေး လုပ်တဲ့သူတွေကိုလည်း အမြဲတမ်း ကောင်းတယ်လို့ အားမပေးခဲ့ချင်ဘူး။ အခု နောက်ပိုင်း ခေတ်စားလာတဲ့ တတိယ အဖွဲ့အစည်းလို ဟာမျိုးကို အားပေးတယ်။ ဖြစ်စေချင်တာက ဘယ်သူတွေ ဘာပဲလုပ်လုပ် ပြည်သူကိုသာ ကြည့်စေချင်တယ်။ တကယ်ဆိုရင် ပြည်သူဆိုတာက တိုင်းပြည်ရဲ့ အရေးပါတဲ့ လူတန်းစားတွေဆိုတာကို အာဏာရှင်ကို သိစေချင်ခဲ့တယ်။

တိုင်းပြည် တိုးတက်ဖို့အတွက် ပညာအရေးကြီးတယ်ဆိုတာ သိတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ပညာတွေ သင်ယူခဲ့တယ်။ စာတွေ ဖတ်ခဲ့တယ်။ ကြိုးစားခဲ့တယ်။ ဒီလိုပဲ လက်နက်ကိုင်မှ ရမယ်ဆိုတာ သိလာတော့လည်း စစ်ပညာကို အနစ်နာခံသင်ယူတယ်။ ပင်ပန်းခံတယ်။ ကြိုးစားတယ်။ သူ စစ်ဗိုလ်ချုပ် ဖြစ်လာတော့လည်း ပြည်သူ့အရေးအတွက် တစိုက်မတ်မတ် လုပ်ခဲ့တယ်။ ပြည်သူ့ အကျိုးအတွက်ကိုသာ ဦးတည်ခဲ့တယ်။ ပြည်သူ့ဆီက အခွင့်အရေးတခုမှ ရမယူခဲ့ဘူး။ ဒါတွေဟာ ကျွန်တော့်အတွက် နမူနာကောင်းတွေပေါ့။

ဗိုလ်ချုပ်လမ်းစဉ်ကို သဘောကျတယ်။ မလုပ်သင့်တာကို မလုပ်ခဲ့သလို လုပ်သင့်တာကိုလည်း ဇောက်ချ လုပ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့တဲ့ပုံစံကို ကြည့်မယ်ဆိုရင် မရနိုင်တာကို တောင်းမယူခဲ့ဘူး။ ဘယ်လို ရမလဲဆိုတာကိုသာ ဝေဖန်ပိုင်းခြား လုပ်ဆောင်ခဲ့တယ်။ တတွတ်တွတ်နဲ့ တောင်းနေလို့မရတဲ့ မြန်မာပြည် လွတ်လပ်ရေးကို လက်နက်ကိုင်ပြီး တောင်းယူခဲ့တယ်။ တိုင်းရင်းသားအားလုံး ပါရမယ်ဆိုတဲ့ အင်္ဂလိပ်တွေရဲ့ ညစ်တဲ့စကားကို ပင်လုံစာချုပ်နဲ့ သက်သေထူပြခဲ့တယ်။ မရတာကို မတောင်းဘဲ ရနိုင်အောင်သာ ကြိုးစားခဲ့တယ်။ ဒါတွေဟာ တကယ်တော့ နမူနာကောင်းတွေပါပဲ။

ဆိုလိုတာက လက်နက်ကိုင်ပြီး ဒီမိုကရေစီတောင်းဖို့လည်း မဟုတ်သလို နှစ်ရှည်လများ ကြာမြင့်ပြီဖြစ်တဲ့ တောင်းဆိုချက်တွေကကော ဘယ်လိုနည်းနဲ့ ပြေလည်နိုင်မလဲဆိုတာကို ပြန်လည် ချိန်ထိုး ဆန်းစစ်ကြည့်နေတာ ပါပဲ။ ဒီကနေ့ မြန်မာပြည်ကို ကြည့်လိုက်ရင် ဗမာလူမျိုးတင်မက လူမျိုးတိုင်း စစ်အစိုးရရဲ့ ဖိနှိပ်မှုကို ခံနေရတယ်။ ဒီ့အတွက်လည်း လုပ်တဲ့လူတွေက လုပ်နေကြသလို ထိုင်ကြည့်နေတဲ့ လူတွေကလည်း ထိုင်ကြည့် ဘုတောနေတုန်းပါပဲ။ ဒါကတော့ နေရာတိုင်း၊ ခေတ်တိုင်း၊ အခြေအနေတိုင်းမှာ ဖြစ်တတ်တဲ့ သဘောပါပဲ အဓိက ကတော့ ကိုယ် ဘာလုပ်နိုင်မလဲ ? ဆိုတာက ဒီနေ့လို ခေတ်ကြီးထဲမှာ ပိုပြီးတော့ အရေးကြီးလာပါပြီ။ မဖြစ်နိုင်တာ တခုကို ထိုင်လုပ်နေရုံနဲ့ စစ်အစိုးရ ပြောပြောနေတဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကို ရောက်ရှိလာမှာ မဟုတ်သလို ဒီမိုသမားတွေ ပြောနေတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ဆိုတာကလည်း အိပ်မက်လိုပဲ ဝေဝါးနေကြရဦးမှာပါ၊ ဘာကြောင့်လဲဆိုတာကို တွက်ကြည့်မယ်ဆိုရင် ဂျီအိုပေါ်လတစ်လို့ခေါ်တဲ့ ပထဝီနိုင်ငံရေးက တကြောင်း တပါဒ ပါ၀င်နေတာရယ်ပါပဲ။

မြန်မာပြည်ရဲ့ သယံဇာတ ပေါကြွယ်ခြင်းနဲ့ ရေခံမြေခံကောင်းခြင်းက ဘယ်သို့သော နိုင်ငံများက အရေးယူမှုတွေ ပြုပါစေ အရေးမစိုက်ဘဲ နေနိုင်တဲ့ အနေအထားပါ။ ဒီလိုအချိန်မျိုးမှာ နိုင်ငံတကာ အစိုးရတွေက စီးပွားရေးပိတ်ဆို့မှုတွေ ဘယ်လောက်ပင်လုပ်နေပါစေ မြန်မာပြည်ကို အားထားနေရတဲ့ တခြားသော အိမ်နီးချင်း နိုင်ငံတွေကတော့ မျက်စိပိတ်၊ နားပိတ်နဲ့ ကိုယ့်အကျိုးစီးပွားကိုသာ ထည့်တွက်ပြီး မြန်မာပြည်အစိုးရနဲ့ ရွှေလက် တွဲနေဦးမှာပါပဲ။ ဒါဟာ မြန်မာပြည်အစိုးရ ဘာအတွက်ကြောင့် ဒီအချိန်ထိ သက်ဆိုးရှည်နေရလဲ ဆိုတာကို ပြောပြခြင်းပါ။ မြန်မာနိုင်ငံရဲ့ သယံဇာတ ပေါကြွယ်ဝခြင်းက စစ်အစိုးရအတွက် တဖက်တလမ်းကနေ အထောက်အကူ ပြုနေခြင်းဆိုတာပါ။

ထို့အတူပဲ နိုင်ငံတကာမှာ ရောက်နေတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ကြည့်မယ်ဆိုရင်လည်း မြန်မာနိုင်ငံထဲ ပြန်ဝင်ဖို့တောင် ခက်ခဲနေတာကို တွေ့ရတယ်။ သူတို့ဘဝတွေ ရပ်တည်ဖို့အတွက် သာလျှင် ပိုပြီး အာရုံစိုက်နေကြသူတွေမို့ ဒီမိုသမားတွေဘက်က တခုခု လှုပ်ရှားလိုက်တိုင်း မြန်မာပြည်စစ်အစိုးရမှာ ထိခိုက်သွားခြင်း၊ နစ်နာသွားခြင်းက အလျဉ်းမရှိခဲ့ပေ။ ဖြစ်ချင်းဖြစ် ဒီမိုသမားတွေမှာသာ နစ်နာမှု တစုံတရာတွေ ဖြစ်သွားခဲ့တာတွေကို တွေ့လာရတယ်။ ဥပမာအနေနဲ့ ပြောရရင် နဂိုရ်က လက်နက်ကိုင် တော်လှန်နေတဲ့သူတွေဟာ ပုံစံပြောင်းလာတဲ့ ဒီနေ့လိုခေတ်ကြီးမှာ အကြမ်းဖက်မှုကို အားမပေးလိုတော့တဲ့ နိုင်ငံတကာ အဝန်းအဝိုင်းက အကူအညီတွေ ရပ်ဆိုင်းလို့ လာနေပါပြီ။ ဒါကြောင့် အကြမ်း ဖက်မလား အနု ဖက်မလား? ရွေးချယ်ခွင့်တွေ ဖြစ်လာရပါတယ်။

တကယ်တော့ စိတ်ဝင်စားမိတာထဲက ပြန့်ကျဲနေတဲ့ ပြည်သူတွေ ပါပဲ။ မြန်မာပြည်တွင်းက ပြည်သူတွေက စစ်အစိုးရရဲ့ ဖိနှိပ်မှုကို ခံနေရချိန်မှာပဲ တိုင်းတပါးရောက်နေတဲ့ မြန်မာပြည်သူတွေလည်း သူတပါးတွေရဲ့ ဖိနှိပ်မှုတွေကို ခံစား နေရပါတယ်။ ဥပမာ … အနေနဲ့ ပြောရရင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင် မြန်မာလူမျိုးတွေ ဘယ်လောက်တောင်များ ဖိနှိပ်ခံနေရသလဲ ဆိုရင် ပွစိထနေတဲ့ အင်တာနက် သတင်းတွေမှာ တက်ပြီး လေ့လာနိုင်သလို ယနေ့နောက်ပိုင်း နာမည်ကြီးလာတဲ့ ဘလော့ဂ်တွေပေါ်မှာလည်း သိနိုင်ပါတယ်။ တကယ်တော့ ပြည်သူတွေက အားလုံးရဲ့ ခံဖက်ချည်းပဲလို့တော့ မဟုတ်ပါဘူး။ အဓိက အနေနဲ့ကတော့ စစ်အစိုးရ အခြေအနေကြောင့် ခွင့်သာခိုက် ဖိနှိပ်ခြင်းက ပိုများတယ်လို့ ဆိုနိုင်ပါတယ်။

ပြည်သူတွေ ဘာလို့ အခုလိုမျိုး ဒုက္ခဆင်းရဲ ရောက်နေရတာလဲ? ဘယ်သူ့ကြောင့်လဲ လို့တော့ ကျွန်တော် မမေးချင်တော့ဘူး။ ဒါကို လူတိုင်း သိနေမှာပါ။ ကျွန်တော် အမြဲတမ်းစဉ်းစားတာ တခုရှိတယ်။ ကျွန်တော်သာ တန်ခိုးရှင်တယောက်ဆိုရင် မြန်မာပြည်ကို ဒီမိုကရေစီမပေးဘူး။ ကျွန်တော်ပေးချင်တာက ပြည်သူတွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဘဝကို ဆက်လက်လျှောက်လှမ်းနိုင်တဲ့ အင်အားတွေပဲ။

တနေ့လုပ်မှ တနေ့စားနေရတဲ့ မြန်မာပြည်သူတွေ အတွက် ဒီအချိန်မှာ ဒီမိုကရေစီ ရခဲ့ရင်တောင် အဆင်သင့် မဖြစ်သေးတာမို့ ဒီမိုကရေစီ မပေးလိုသေးဘူး။ ဒီမိုကရေစီရဲ့ အရသာကို သိဖို့ နေနေသာသာ ဒီမိုကရေစီ ဆိုတာကိုတောင် ဘာမှန်းမသိသေးတဲ့ ပြည်သူတွေကို ဒီမိုကရေစီ ပေးလိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ ကိစ္စတွေပင် ဖြစ်လာနိုင်တယ်လေ။ မြန်မာပြည်မှာရှိတဲ့ လူမျိုးပေါင်းစုံကို ကြည့်လိုက်မယ်ဆိုရင် ခေတ်ပညာတတ်နဲ့ လူရည်အလည်ဆုံး တွေကို ကြည့်မယ်ဆိုရင် မြို့ကြီးပြကြီးတွေမှာ နေထိုင်နေတဲ့ လူလောက်သာ ရှိပါတယ်။ မြန်မာပြည် တောင်တန်း ဒေသတွေမှာ နေထိုင်နေကြတဲ့၊ ခေတ်နဲ့ အဆက်အသွယ်ပျက်နေတဲ့ လူမျိုးစုတွေ အများကြီးပါ။ ဒီလိုမတူညီတဲ့ လူတွေကြားထဲက ဒီမိုကရေစီဆိုတဲ့ အရာကို ပစ်ချပေးလိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေက ဖြစ်ကို ဖြစ်လာနိုင်ပါတယ်။ နဂိုရ် ကမှ လူမျိုးကြီး ၀ါဒရယ်လို့ နှဖူးစီး ခေါင်းစဉ်တပ်ခံထားရတဲ့ ဗမာလူမျိုးတွေနဲ့ တိုင်းရင်းသား လူမျိုးတွေကြား အာဃာတတွေ ပိုလို့တောင် ဖြစ်လာနိုင်တယ်လေ။

မြန်မာပြည်ကို ဒီမိုကရေစီ ပေးမယ်ဆိုရင် လူသားအားလုံး တန်းတူအခွင့်အရေး ရဖို့ထက် အဓိကအကျဆုံး တခုလို့ ထင်တာကတော့ လူတိုင်း တန်းတူ သိရှိနားလည်နိုင်ရေးက ပိုပြီး အခရာကျပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုး အချင်းချင်းကြားထဲမှာတောင် သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့ အခုလိုအချိန်မှာ ဒီမိုကရေစီက အဓိက မကျဘူးလို့ထင်တယ်။ ပြည်သူတွေရဲ့ဘဝ ဖွံ့ဖြိုးရေးကသာလျှင် အဓိက ကျတာပါ။ မိမိရဲ့ ဒေသတွေ ဖွံ့ဖြိုးတိုးတက်လာပြီး အသိဉာဏ်တွေ ဖွံ့ဖြိုးလာမှသာလျှင် ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းကို ဦးတည်နိုင်မှာပါ။ မြန်မာပြည် ဒီမိုကရေစီကို တောင်းလာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်သလို လမ်းပြမြေပုံ ရ ချက်နဲ့ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ စစ်အစိုးရ လက်ထက်မှာလည်း ပြည်သူတွေ လိုအပ်နေတဲ့ ဒီမိုကရေစီ သဏ္ဍာန် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး …မလွမ်းလောက်တဲ့ မိတ်ဆွေ ပေါ့ ဟုတ်ဖူးလား?။

LEAVE A REPLY

Please enter your comment!
Please enter your name here