မလေးရှား ရေနံကုမ္မဏီ နာဂစ်မုန်တိုင်းသင့် ဒေသအတွက် ကျေးရွာဆောက်လုပ်

alt

မလေးရှား၏ နာမည်ကြီး ရေနံ ကုမ္မဏီကြီး တခုဖြစ်သော မလေးရှား ပက်ထရိုနက်စ် ကုမ္မဏီက မြန်မာနိုင်ငံ အတွင်း နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒါဏ်ခံ ပြည်သူများ အတွက် ကျေးရွာတခု ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်း မြို့နယ်တွင် အဆိုပါ ကျေးရွာကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး နေအိမ် (၃၉)လုံး ပါသည့် ကျေးရွာသစ်ကို မြိုင်သာယာ ရွာဟုအမည် ပေးထားကြောင်း ပြည်တွင်း သတင်းစာ တခုဖြစ်သော ဧပြီလ (၇)ရက် နေ့ထုတ် New Light of Myanmar တွင် ဖော်ပြထားသည်။

ထိုကျေးရွာတွင် လိုအပ်သော စွမ်းအင်ထုတ်လုပ်မှု အတွက် ကုမ္မဏီကပင် ဇီဝဓာတ်ငွေ့ စွမ်းအင်ဖြင့် ထောက်ပံ့သွားမည်ဟု သိရှိရသည်။ ယခုကျေးရွာ စီမံကိန်းကို မလေးရှား ပက်ထရိုနက်စ်က ငွေကြေး အကုန်အကျခံပြီး Asia World ကုမ္မဏီက တာဝန်ယူ ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

အခြားသော မလေးရှားအခြေစိုက် လူသားချင်း စာနာမှု အဖွဲ့အစည်းတခု ဖြစ်သည့် Mercy Malaysia ကလည်း ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှုဌာန (၁၂)ခုကို ဖွင့်လှစ်ပေးခဲ့သည်။ ကျေးရွာ(၁၂)ခု ဖြန့်ကျက် ပေးထားသော ကျန်းမာရေး စောင့်ရှောက်မှု ဌာနများတွင် ဆေးရုံ(၂)ခု၊ ကျေးလက် ကျန်းမာရေးဌာန (၂)ခုနှင့် တွဲဖက်ကျေးလက် ကျန်းမာရေးဌာန (၈)ခုတို့ ပါ၀င်ကြောင်း သိရသည်။

(၂၀၀၈)ခုနှစ် မေလ (၂)ရက်နှင့် (၃)ရက်နေ့များက တိုက်ခတ်သွားသော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးသည် မြန်မာနိုင်ငံ သမိုင်းတလျှောက် အဆိုးရွားဆုံး သဘာဝ ဘေးအန္တရာယ်ကြီး အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လူပေါင်း (၈၄၅၃၇)ဦး သေဆုံးကာ (၅၃၈၈၃၆)ဦး ပျောက်ဆုံး နေဆဲဖြစ်ပြီး (၁၉၃၅၉)ဦး ဒါဏ်ရာများ ရရှိခဲ့သည်။ ထို့အပြင် လူဦးရေ (၂)သန်း ထက်မနည်း အိုးမဲ့အိမ်မဲ့ ဖြစ်သွားစေခဲ့ကြောင်း တရားဝင် စစ်တမ်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here