တေးသီးချင်း ကဏ္ဍတွင် Apple အားယှဉ်ပြိုင်ရန် Amazon ကြိုးပမ်း

alt

တေးသီချင်း များအား အခကြေးငွေဖြင့် Download လုပ်ခွင့် ပေးထားသော ဈေးကွက်ကို လွှမ်းမိုးထားသော Apple အား ယှဉ်ပြိုင်ရန် Amazon က စတင် ကြိုးပမ်းလာပြီ ဖြစ်သည်။

Amazon သည် ၎င်း၏ ဖောက်သည် အရေအတွက် ကျဆင်းလာမှုနှင့် ဈေးကွက်ကို ချုပ်ကိုင်ထားသော Apple အား တွန်းလှန် လိုမှုအတွက် သီချင်းတပုဒ် Download လုပ်ခကို (၂၉) ပဲနိသို့ ဈေးလျှော့ ပေးလိုက်ပြီဖြစ်သည်။

ထို ဈေးနှုန်းသည် ပြိုင်ဘက် Apple က ပေးထားသော ၀န်ဆောင်မှုထက် ဈေးနှုန်း ပဲနိ(၅၀) သက်သာသည်။ Amazon သည် အယ်လ်ဘမ်တခု Download လုပ်ခအတွက် ငွေ (၃)ပေါင်သာ အခကြေးငွေ ကောက်ခံမည်ဟု ကြေညာလိုက်ရာ အယ်လ်ဘမ် တခုလျှင် ပေါင်ငွေ (၇.၉၉) ရယူသော Apple အတွက် ထိုးနှက်မှုတခု ဖြစ်လာခဲ့ရသည်။

Appleသည် သီချင်းတပုဒ် Download လုပ်ခအတွက် (၅၉)ပဲနိမှ (၇၀)ပဲနိ အထိ ကောက်ခံလေ့ရှိပြီး ထိုနှုန်းထားဖြင့် ဗြိတိန်နိုင်ငံ ဈေးကွက်၏ (၇၀) ရာခိုင်နှုန်းကို ချုပ်ကိုင်ထားခဲ့သည်။ (၆)နှစ်တာ ကာလအတွင်း Apple မှတဆင့် သီချင်းများ Download လုပ်မှုသည် ကမာ္ဘတဝှမ်းလုံး အတိုင်းအတာဖြင့် အကြိမ် (၆)ဘီလျံကျော် ရှိခဲ့ကြောင်း သိရသည်။

ယခုအခါတွင် Amazon က ဈေးလျှော့ ယှဉ်ပြိုင်လာမှုကြောင့် Apple အနေနှင့် မည်သို့ တုန့်ပြန်မည်ကို စဉ်းစားနေကြောင်း အတွင်းသတင်း အချို့က ထင်ကြေးပေး နေခဲ့ကြသည်။ လက်တလော အနေအထားအရ Apple ရော၊ Amazon ပါ အခကြေးငွေ မသွင်းဘဲ သီချင်းများ Download လုပ်ပြီး တရားမဝင် ဖြန့်ဝေနေမှုများ နှင့် ကြံုတွေ့ နေရကြောင်းလည်း ထပ်မံ သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here